ပြည်ပထွက်လုပ်ကိုင်သူတွေကို စစ်ကောင်စီ ပိုတင်းကျပ်လာ

RFA Burmese
2024.06.20
ပြည်ပထွက်လုပ်ကိုင်သူတွေကို စစ်ကောင်စီ ပိုတင်းကျပ်လာ MOU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသည့် အလုပ်သမားများအား ၂၀၂၃ ဩဂုတ်လအတွင်းက တွေ့ရစဉ်။
Hla Khaing Photo

ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့အတွက် အလုပ်သမား နိုင်ငံကူးလက်မှတ် PJ လို့ခေါ်တဲ့ (Passport for Job) ကိုင်ဆောင်ထားရုံနဲ့ မလုံလောက်တော့ဘဲ Oversea Worker Identification Card (OWIC) ခေါ် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြားရှိမှသာ စစ်ကောင်စီက ပြည်ပထွက်ခွင့်ပြုမှာပါ။

ပြည်ပ လုပ်ငန်းခွင်တွေကနေ ခွင့်နဲ့ ယာယီ ပြည်တွင်းပြန်လာသူတွေလည်း ဒီကတ်ရှိမှ ပြည်ပပြန်လည် ထွက်ခွင့်ပြုမယ်လို့ဆိုတာကြောင့် ဒီကတ်ကို မဖြစ်မနေ လုပ်ထားဖို့ လိုအပ်နေပြီလို့ ပြည်ပမှာ သွားရောက်လုပ်ကိုင်သူတွေက ပြောပါတယ်။

"အသက် ၂၂ နှစ်နဲ့ ၃၂ နှစ်က ကန့်သတ်လိုက်တာကို။ အသက်အပိုင်းအခြား ကန့်သတ်လိုက်တာမှာ ယောက်ျားလေးတွေ အများကြီး နစ်နာတာပေါ့ဗျာ"

ဒီကတ်ကို အခုမှ စလုပ်မယ့် သူတွေက ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ဖို့လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရဖို့ နေပြည်တော် အလုပ်သမားရုံးချုပ်ကို တင်ပြရမှာဖြစ်ပါတယ်။

အဲဒီနောက် သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင် Visa နဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်း မူရင်းတွေကို တင်ပြနိုင်မှသာ OWIC card ထုတ်ပေးမယ်လို့ဆိုပါတယ်။

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခဲ့သူတစ်ဦးက OWIC ကတ်ရရှိဖို့ ဝန်ခံကတိ စာချုပ်မှာ လက်မှတ်ထိုးပေးခဲ့ရတယ်လို့ ပြောပါတယ်။

"ဝန်ခံကတိစာချုပ်ဆိုပြီးတော့ပေါ့နော် စာချုပ်ချုပ်ခိုင်းတယ်။ အဲထဲမှာ ဘာတွေပါလဲဆိုတော့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တစ်လချင်းဖြစ်စေ ဒါမှမဟုတ်ရင် သုံးလပေါင်းပြီးတော့ လစာရဲ့ သုံးလစာပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ အိမ်ကိုလွှဲရမယ်။ ပြီးရင် နှစ်ရာခိုင်နှုန်း အခွန်ဆောင်ရမယ်။ ပြီးရင် တကယ်လို့ လိုအပ်လာခဲ့လို့ စစ်မှုထမ်းရမယ်ဆိုတဲ့ အကြောင်းကြာစာ ရောက်လာခဲ့လို့ရှိရင် တစ်ဖက်နိုင်ငံမှာ အလုပ်စာချုပ်ပြည့်ပြီးတာနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီးတော့ စစ်မှုထမ်းရမယ်ပေါ့နော်။ အဲဒါတွေကို လုပ်ပါ့မယ်ဆိုတဲ့အကြောင်း ဝန်ခံကတိ ပြုပါတယ်ဆိုပြီးတော့မှ စာချုပ်မှာ လက်မှတ်ထိုးခဲ့ရတယ်ပေါ့နော်"

ဒီကတ်လုပ်ရာမှာ ဗီဇာလိုတဲ့ နိုင်ငံတွေအတွက် ပြည်ဝင်ခွင့် ဗီဇာ၊ နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ UID ကတ်၊ သက်ဆိုင်ရာနိုင်ငံ အလုပ်ရှင်ရဲ့ အလုပ်ခေါ်စာ၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်၊ ဘွဲ့လက်မှတ်၊ ကျွမ်းကျင်လက်မှတ်၊ လုပ်ငန်းအမျိုးအစားနဲ့ လစာကအစ အချက်အလက် အတိအကျတွေ ပေးရတယ်လို့ ဆိုပါတယ်။

ဒီလို စာရွက်စာတမ်းပေါင်းများစွာ လိုအပ်ပြီး လုပ်ကိုင်ရခက်တာကြောင့် ပွဲစားနဲ့ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ပွဲစားခ၊ စာရွက်စာတမ်းကြေး အပါအဝင် သင်တန်းတက်ရတဲ့ ရုံးကဝန်ထမ်းတွေရဲ့ ငွေကြေးတောင်းခံမှုတွေကြောင့် ငွေကျပ် တစ်သိန်းလေးသောင်းခွဲ သူ ကုန်ကျခဲ့ပါတယ်။

အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ပြီး ပြည်ပကနေ ခွင့်နဲ့ ပြန်လာသူတွေကတော့ ဒီကတ်လျှောက်ရာမှာ အလုပ်ခွင့်စာလိုအပ်သလို လစာရဲ့ နှစ်ရာခိုင်နှုန်း ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထားနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း အိမ်ကိုပြန်ထောက်ပံ့ထားတဲ့ အထောက်အထားတွေ လိုအပ်ပါတယ်။

ဒီလို ခွင့်ပြန်လာသူတွေကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကနေ စတွက်ပြီး စုစုပေါင်း ကိုးလစာရဲ့ ၂၅ ရာခိုင်နှုန်း အိမ်ကိုပြန်ပို့တဲ့ အထောက်အထားတွေ ပြရတယ်လို့ ဒီကတ်လျှောက်သူတွေက ပြောပါတယ်။

ဒီကတ်ရရှိဖို့ အခွန်ရုံးမှာ ဝင်ငွေခွန်တစ်နှစ်စာ ဆောင်ခဲ့ရတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကနေ ခွင့်နဲ့ ပြည်တွင်းပြန်လာသူ တစ်ဦးက ပြောပါတယ်။

"တစ်နှစ်စာပေါ့နော်။ တစ်နှစ်စာကို ခုနစ်သိန်းခွဲတောင်းတာ။ ညှိရင်းနဲ့ပေါ့နော် ။ လစာလည်း အဲလောက် မရဘူး။ အဆင်မပြေဘူးပေါ့နော်။ အခု ကုန်ကျထားတာလည်း များလို့ဆိုပြီးတော့မှ လေးသိန်းနဲ့ရလာတာ"

ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားတွေရတဲ့ အခြေခံလစာငွေရဲ့ ၂၅ ရာခိုင်နှုန်းကို လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် စစ်ကောင်စီ သတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေမှာ ဘဏ်စာရင်းဖွင့်ပြီးမှ မိသားစုဆီ ငွေလွှဲပြောင်းပေးပို့ရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကြေညာခဲ့တာဖြစ်ပါတယ်။

ပြည်ပကိုပြန်ထွက်ဖို့ လေယာဉ်လက်မှတ် ဝယ်ထားပြီးဖြစ်တာကြောင့် အခွန်ဆောင်ထားတဲ့ အထောက်အထားတွေ အမြန်ရရှိအောင် ငွေ ငါးသောင်းကျပ် ထပ်ပေးဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်မြို့ခံ မဟုတ်ဘဲ နယ်ကနေ လာရသူဖြစ်လို့ အခက်အခဲပိုဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

"ညီမတို့လည်း အရမ်းကို ဗျာများနေတာ။ ဟိုလျှောက်သွား ဒီလျှောက်သွား။ ကားခတွေလည်း ကုန်။ အချိန်တွေလည်း ကုန်။ အများကြီးပဲ။ ပြီးတော့ လေယာဉ်လက်မှတ်တွေ ပြန်ချိန်းရ၊ ဘာချိန်းရနဲ့ပေါ့နော်။ နယ်ကလာတာဆိုတော့ သိတယ်မဟုတ်လား။ နေစရာမရှိဘူးဆိုရင် အခန်းငှားနေရတာ အဲလိုမျိုးလေ"

ပြည်ပကို အခုမှ ထွက်မယ့်သူတွေအတွက်ကတော့ ဒီအခွန်ဆောင်ထားတဲ့ အထောက်အထားတွေ မလိုပေမယ့် ခွင့်ပြန်သမားတွေနဲ့ သက်တမ်းတိုးသမားတွေက ဒီကတ်ရမှ ပြည်ပ ပြန်ထွက်ခွင့်ရမှာဖြစ်ပါတယ်။

စစ်ကောင်စီက ဇွန်လ ၆ ရက်နေ့ကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် PJ နဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ် PV တွေကို ပြောင်းလဲခွင့် မပြုတော့သလို ပြည်ပထွက်ခွင့်ရှိတဲ့ အမျိုးသားတွေရဲ့ အသက်အရွယ်ကိုလည်း ကန့်သတ်ထားပါတယ်။

ဒီလို တင်းကျပ်လိုက်တာတွေကြောင့် ပြည်ပထွက်လိုသူတွေရော၊ အလုပ်အကိုင် အေဂျင်စီတွေပါ အားလုံးထိခိုက်နစ်နာရတယ်လို့ OWIC ကတ် လုပ်ဆောင်ပေးနေတဲ့ ပွဲစားတစ်ဦးက ပြောပါတယ်။

"အခုနောက်ပိုင်းတော့ ကန့်သတ်လိုက်တဲ့ အခါကျတော့ လူနည်းသွားတာပေါ့။ အဓိကကတော့ အသက် ၂၂ နှစ်နဲ့ ၃၂ နှစ်က ကန့်သတ်လိုက်တာကို။ အသက်အပိုင်းအခြား ကန့်သတ်လိုက်တာမှာ ယောက်ျားလေးတွေ အများကြီး နစ်နာတာပေါ့ဗျာ။ ကာယကံရှင် လူငယ်တွေလည်း ထိခိုက်မှုရှိတာပေါ့"

ရန်ကုန်မြို့မှာ လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၃၀၀ ခန့်ရှိပြီး စစ်ကောင်စီက အခုလို ပြည်ပထွက်ခွင့် တွေ ကန့်သတ်ထားတာကြောင့် ဒီလုပ်ငန်းတွေရဲ့ အကျိုးစီးပွားပါ ထိခိုက်နစ်နာနေတယ်လို့ ဆိုပါတယ်။

MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ ( Citizen Photo)
MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ ( Citizen Photo)

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဆက်သွယ်ရာမှာ လက်ရှိမဖြေကြားနိုင်သေးဘဲ စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီ စာပို့မေးမြန်းပြီးမှ ပြန်လည်ဖြေကြားပေးမယ်လို့ တုံ့ပြန်ပါတယ်။

၁၉၉၉ ခုနှစ် ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ပြည်ပထွက်ရင် အလုပ်သမားဝန်ကြီးဌာန မှာ ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား OWIC လျှောက်ထားရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြည်ပထွက် အလုပ်လုပ်သူတွေအနေနဲ့ OWIC ကတ်ကို အရင်ကတည်းက လိုအပ်ပေမဲ့ အခုလို ကန့်သတ်ထိန်းချုပ်တာတွေ မရှိခဲ့ဘူးလို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

ဒီကတ်နဲ့ ပတ်သက်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလလောက်မှာ အလုပ်သမား နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်ထားသူတွေ မဖြစ်မနေ OWIC ကတ်ရှိမှ ပြည်ပထွက်ခွင့်ပြုမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အခုလို တဖြည်းဖြည်းနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ၊ ဝန်ခံကတိစာချုပ်တွေနဲ့ပါ သိသိသာသာ တင်းကျပ်လာတာဖြစ်ပါတယ်။

အခုလို မတင်းကျပ်ခင်က MOU လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကို အလုပ်သွားလုပ်မယ့်သူတွေသာ OWIC ကတ် လိုအပ်တာဖြစ်ပြီး အများစုကတော့ အလည်အပတ်ဗီဇာနဲ့ ပြည်ပထွက်၊ ရောက်ရာနိုင်ငံတွေမှာ အလုပ်ရှာဖွေ လုပ်ကိုင်ကြတာ များပါတယ်။ စစ်ကောင်စီက ဒီလို ပိတ်ပင်ကန့်သတ်နေပေမဲ့ နိုင်ငံရေးနဲ့စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြည်ပထွက်ဖို့ ကြိုးစားနေသူတွေက ပိုများနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။