မူးယစ်ဆေးထုတ်လုပ်မှုမှာ စစ်တပ် ပါဝင်ပတ်သက်နေလို့ ကျွမ်းကျင်သူတွေ သုံးသပ်
2022.06.29

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့မူးယစ်ဆေး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးရှိတယ်လို့ ကြေညာထားတဲ့ မူးယစ်ဆေးတွေကို အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မူးယစ်ဆေး နှိမ်နင်းရေးလုပ်ငန်းတွေကို အလေးအနက်ထား လုပ်နေတဲ့အကြောင်း နိုင်ငံတကာကသိအောင် အခုလို လုပ်ပြနေပေမယ့် ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေနဲ့ ဒေသတွင်းက ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရတော့ ဆန့်ကျင်ဘက် အခြေအနေကို ပြသနေပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး UNODC က ကျွမ်းကျင်သူတွေက မေလ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေနဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြုပြီး မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းဂဏအဖွဲ့တွေဟာ မက်သာဖက်တမင်း လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တိုးမြှင့် ထုတ်လုပ်လာကြတယ်လို့ မူးယစ်ဆေးဝါး ကျွမ်းကျင်သူတွေက ပြောသွားပါတယ်။
“ပြီးခဲ့တဲ့နှစ်က ကျမတို့ ဒေသတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ မက်သာဖက်တမင်း ဆေးပြား တစ်ဘီလီယံကျော်ထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါက တော်တော်ကို များပြားတဲ့ ပမာဏပါ။ ဆေးပြားအရေအတွက်အနေနဲ့ဆိုရင် ဘယ်လောက်များပြားတယ်ဆိုတာ မြင်ဖို့ ခက်ပါလိမ့်မယ်။ အလေးချိန်အရဆိုရင်တော့ ၉၁ တန်လောက် ရှိပါလိမ့်မယ်။ ၂ဝ၂ဝ ပြည့်နှစ်က ဖမ်းဆီးရမိတဲ့ တန်ချိန်ထက် ၇၈ တန် တိုးလာတာဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ်အတွင်းမှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ မက်သာဖက်တမင်း ဆေးပြားတွေထဲက အများစုဟာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေ ပါဝင်တဲ့ မဲခေါင်မြစ် အောက်ပိုင်းဒေသကပါ”
ဒါကတော့ UNODC ရဲ့ မူးယစ်ဆေးကျွမ်းကျင်သူ Kavinvadee Suppapongtevasakul က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။
အရှေ့တောင်အာရှက မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ပါဝင်တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးထုတ်လုပ်မှုတွေရဲ့ အချက်အချာအဖြစ် လူသိများပါတယ်။ ဒီဒေသက ထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို သွယ်ယူလာပြီးတဲ့နောက် ကမ္ဘာအရပ်ရပ်ကို တရားမဝင် ဆက်လက် ဖြန့်ဖြူးရောင်းချနေတာ ဖြစ်တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ David Mathieson ကတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ မူးယစ်ဆေးထုတ်လုပ်၊ ဖြန့်ချိရောင်းချတဲ့ လုပ်ငန်းတွေမှာ မြန်မာစစ်တပ်က ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက မူးယစ်ဆေးထုတ်လုပ်တဲ့ ဒေသတွေမှာ ပါဝင်ပတ်သက်မှု ရှိနေခဲ့တာ ဆယ်စုနှစ်နဲ့ချီပြီး ကြာခဲ့ပါပြီ။ အတိတ်က မြန်မာစစ်တပ်ဟာ မူးယစ်ဆေး အဓိက ထုတ်လုပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ့စစ်အဖွဲ့တွေ့နဲ့ BGF အဖွဲ့တွေကလည်း မူးယစ်ဆေးရောင်းဝယ်သူတွေကို အကာအကွယ်ပေးတာ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေကနေ ဖြတ်သန်းသယ်ဆောင်ခွင့်ပေးတာတွေ လုပ်ပြီး ပါဝင်ပတ်သက်မှု တွေရှိနေပါတယ်။ သူတို့ အားလုံးဟာ မြန်မာစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်”
မြန်မာစစ်တပ်ဟာ ၂ဝ၁၈ ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကွတ်ခိုင်မြို့အနီး လွယ်ခန်းကျေးရွာမှာ တည်ရှိတဲ့ ခရစ်စတယ် မက်သ် မူးယစ်ဆေးထုတ်လုပ်တဲ့ အကြီးစား ဓာတ်ခွဲခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဲဒီ ဒေါ်လာသန်းနဲ့ချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးထုတ်လုပ်တဲ့လုပ်ငန်းဟာ တပ်မတော်က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာ အခြားတစ်နေရာကို ရွှေ့ပြောင်းပြီး အခြေမပျက်ဘဲ ဆက်လက် ထုတ်လုပ်နိုင်နေတာကိုကြည့်ရင် မူးယစ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ မြန်မာစစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု ရှိနေတာကို ပြသနေတယ်လို့ David Matheson က ပြောပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ အမေရိကန်အစိုးရရဲ့ မူးယစ်ဆေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးဌာန (DEA) ရဲ့ သံမှူးအဖြစ် ၂၆ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ John Whalen က သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ မြန်မာစစ်တပ်ဟာ မူးယစ်ဆေးထုတ်လုပ်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်မှုအကြောင်း ခိုင်လုံတဲ့ အထောက်အထား မရရှိခဲ့ပေမယ့် မူးယစ်ဆေးထုတ်လုပ်တဲ့ လုပ်ငန်းတွေဆီကနေ ‘အခွန်’ ကောက်ခံပြီး၊ ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းနဲ့ မူးယစ်ဆေး သယ်ဆောင်လာတဲ့ လမ်းကြောင်းတွေကို အကာအကွယ်ပေးနေ ကြောင်း သတင်းပေးပို့ချက် အမြောက်အမြား ရရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။
လက်ရှိ ဒေသတွင်းမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ယာဘ လို့လည်းခေါ်တဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးတွေကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသကနေ အများဆုံးထုတ်လုပ်ပေးနေတာဖြစ်ပြီး၊ မူးယစ်ဆေး ရောင်းဝယ်သူတွေက ရှမ်းပြည်နယ်မြောက်ပိုင်းကနေ လာအိုနိုင်ငံကို တစ်ဆင့်ခံပြီး ထိုင်းနိုင်ငံထဲကို သွင်းယူလာကြတဲ့အကြောင်း၊ အဲဒီကတစ်ဆင့် မလေးရှားနဲ့ အခြားနိုင်ငံတွေကို ဆက်လက် သယ်ဆောင် ဖြန့်ဖြူးနေကြတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
အရှေ့တောင်အာရှဒေသတွင်းမှာ လွန်ခဲ့တဲ့ဆယ်နှစ်က မက်သာဖက်တမင်း ဆေးပြား ၁၄၃ သန်း ဖမ်းဆီးရမိခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က ၂၈ သန်းပဲ ဖမ်းဆီးရမိခဲ့တာနဲ့ယှဉ်ရင် ပြီးခဲ့တဲ့နှစ်က ဆေးပြား သန်းတစ်ထောင်ကျော် စံချိန်တင် ဖမ်းဆီးရမိမှုဟာ မက်သာဖက်တမင်း ဆေးပြားထုတ်လုပ်မှု တစ်ဟုန်ထိုး တိုးလာနေတာကို ပြနေတဲ့အကြောင်း UNODC ရဲ့ မူးယစ်ဆေးကျွမ်းကျင်သူ Kavinvadee က ပြောပါတယ်။
UNODC က ထုတ်ပြန်တဲ့ ၂ဝ၂၁ ခုနှစ်အတွက် ကိန်းဂဏန်းတွေအရဆိုရင်၊ အရှေ့တောင်အာရှ ဒေသတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ချိမှု အချက်အချာဖြစ်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းကို ယာဘ (ခေါ်) မက်သာဖက်တမင်း စိတ်ကြွဆေးပြား အမြောက်အမြား စံချိန်တင် ဝင်ရောက်လာခဲ့တဲ့အတွက် အရင်က ယာဘ ဆေးတစ်ပြားကို ၁ဝ ဒေါ်လာလောက် ပေးရတာကနေ ၂ ဒေါ်လာလောက်ထိ ဈေးကျသွားတယ်လို့ သူက ပြောပါတယ်။
အခုလို ယာဘ ဆေးပြားတွေ ဈေးပေါပေါနဲ့ ရနိုင်လာတာကြောင့် လူတန်းစားမရွေး ဝယ်သုံးလို့ ရလာတာ စိုးရိမ်စရာကောင်ပြီး အခုဆိုရင် အရင်က ဆေးပြားဝယ်သုံးနိုင်လောက်တဲ့ ဝင်ငွေမရှိတဲ့ လူငယ်လူရွယ်တွေပါ ဆေးသုံးလာကြနိုင်တယ်လို့ UNODC ရဲ့ မူးယစ်ဆေးကျွမ်းကျင်သူ Kavinvadee က ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်နှစ်လောက်အတွင်းမှာကိုပဲ ဒေသတွင်းမှာ စိတ်ကြွရူးသွပ်ဆေးတွေရဲ့ ဈေးနှုန်းက တော်တော်လေးကျသွားပြီး ဈေးသက်သက်သာသာနဲ့ ရနိုင်လာပါတယ်။ ဒါပေမဲ့ ဆေးပြားတွေရဲ့ အရည်အသွေးက ကျမသွားပါဘူး။ ဒါက တကယ်ပဲ စိုးရိမ်ပူပန်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးသုံးသူတွေအနေနဲ့ အရည်အသွေးမြင့်တဲ့ ဆေးပြားတွေကို ဈေးသက်သက်သာသာ နဲ့ သုံးနိုင်လာနေတဲ့ အခြေအနေ ဖြစ်လာတာကြောင့်ပါ”
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ မူးယစ်ဆေးဖမ်းဆီးရမှုတွေနဲ့ မူးယစ်ဆေး ပပျေက်ရေး လုပ်ဆောင်မှုတွေအကြောင်း တခမ်းတနား ထုတ်ပြန်ကြေညာနေပေမယ့် ဒါဟာ ဟန်ပြလုပ်နေတာသာ ဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ David Mathieson သုံးသပ်ပါတယ်။
“စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင် မူးယစ်ဆေး ဖမ်းဆီးရမိတာတွေကို အလွန်ကြီးမားတဲ့ စွမ်းဆောင်မှုတွေလို ထုတ်ပြန် ကြေညာနေပါတယ်။ ဖမ်းဆီးတာ အားလုံးဟာ အသေးစား ဖမ်းဆီးမှုတွေပဲ ဖြစ်ပါတယ်။ ပမာဏ အမြောက်အမြား ဖမ်းဆီးမှုရှိရင်လည်း တကယ် ထုတ်လုပ်၊ ရောင်းချနေတဲ့ ပမာဏရဲ့ အစွန်းထွက်လောက်ပဲ ရှိတာပါ။ ဥပမာ-ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကလုပ်တဲ့ မူးယစ်ဆေးတွေ မီးရှို့ပြတဲ့ အခမ်းအနားမှာဆိုရင် ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ တကယ်က စိတ်ကြွရူးသွပ်ဆေးတွေ ရောင်းဝယ်နေတဲ့ ဈေးကွက်က ဒေါ်လာ ၄၅ ဘီလီယံလောက်အထိ တန်ဖိုးရှိတဲ့အတွက် မပြောပလောက်ပါဘူး။ မြန်မာစစ်တပ်ဟာ အသေးစား ရောင်းဝယ်မှုတွေကို ဟန်ပြ ဖမ်းဆီးပြနေပေမယ့် အကြီးစား ရောင်းဝယ်မှုတွေကိုတော့ ဖမ်းဆီးတာ မရှိပါဘူး”
အခုလို အရှေ့တောင်အာရှ ဒေသတွင်းမှာ စိတ်ကြွရူးသွပ်ဆေးသုံးစွဲမှု တိုးလာနေတာဟာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ UNODC ရဲ့ ဒေသဆိုင်ရာ တာဝန်ခံ Jeremy Douglas က ပြောပါတယ်။
“ဒေသတွင်းမှာ တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှု အခြေအနေ တိုးတက်လာအောင် ကြိုးပမ်းဖို့ လိုနေပါတယ်။ အခုအချိန်မှာ စိတ်ကြွရူးသွပ်ဆေးတွေ အမြောက်အမြား ဖမ်းဆီးရမိနေပေမယ့် ဒီဆေးတွေကို ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှုမရှိဘဲ ဖြစ်နေပါတယ်။ မူးယစ်ဆေး ထုတ်လုပ်နေတဲ့ ဂိုဏ်းဂဏအဖွဲ့အစည်းတွေဟာ ဖမ်းဆီးခံရလို့ ဆုံးရှုံးသွားတဲ့ ပမာဏအတွက် ထပ်တိုး ထုတ်လုပ်ပြီး ဆက်လက် လည်ပတ်နေကြပါတယ်။ ဒါ့အပြင် ဒီစိတ်ကြွရူးသွပ်ဆေးတွေ ချက်လုပ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ဖမ်းဆီးရမိတာ မရှိပါဘူး။ ဒီဓာတုပစ္စည်းတွေဟာ မူးယစ်ဆေးထုတ်လုပ်တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ လာအို နိုင်ငံတွေဆီကို အတားအဆီးမရှိ ဝင်ရောက်နေပါတယ်”
ဒါ့အပြင် ဒေသတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လုပ်ငန်းတွေကရတဲ့ တရားမဝင် ငွေကြေးတွေကို ငွေဖြူဖြစ်အောင် ငွေကြေးခဝါချပေးတဲ့ လုပ်ငန်းတွေလည်း လည်ပတ်နေကြပြီး၊ ဒီလို အထောက်အပံ့ပေးတဲ့ လုပ်ငန်းအားလုံးကို အရေးယူနိုင်မှ မူးယစ်ဆေး ထုတ်လုပ်မှုကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မယ်လို့ သူက ပြောပါတယ်။
အခုအချိန်မှာတော့ ဒေသတွင်းမှာ မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေး ဝယ်လိုအား တိုးလာနေတဲ့အပြင် ဆေးပြားတွေရဲ့ ဈေးနှုန်းကလည်း ပိုသက်သာလာပြီး လူတိုင်း ဈေးပေါပေါနဲ့ ဝယ်လို့ ရလာနေတာကြောင့် ဒီ မူးယစ်ဆေး ထုတ်လုပ်သုံးစွဲမှုတွေကို ထိထိရောက်ရောက် အရေးယူ နှိမ်နင်းတာ မရှိရင် ဒေသတွင်းမှာ မူးယစ်ဆေးပြဿနာ ပိုဆိုးလာလိမ့်မယ်လို့ Jeremy Douglas က ပြောပါတယ်။