နေရပ်ပြန်မယ့် ရိုဟင်ဂျာ ၇ဝဝ စာရင်း ရထားပြီလို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် တာဝန်ရှိသူပြော
2022.03.10

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပြီး ရိုဟင်ဂျာ ၇ဝဝ လောက်စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ပို့ထားပြီလို့ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။
NLD အစိုးရလက်ထက်ကလုပ်ဆောင်ထားတဲ့ ပြန်လည်လက်ခံရေး လှဖိုးခေါင်စခန်းမှာ ပထမ နေရာချပြီး၊ အဲဒီကနေတဆင့် သူတို့နေခဲ့တဲ့ရွာနေရာတွေဆီကို ပို့ဆောင်သွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။
“ကျနော်တို့ဆီက လက်ခံတဲ့အခါကျတော့ ကုန်းလမ်းရေလမ်းပေါ့ နှစ်ခုနဲ့ လက်ခံမယ် ဆိုတဲ့ အစီအမံတွေ လုပ်ပြီး ဖြစ်ပါတယ်။ ကုန်းလမ်းရေလမ်း မူလလက်ခံမယ့် ဟာကတော့ တောင်ပြို လက်ဝဲတို့ ကြိမ်ချောင်းတို့ အဲဒီဒေသတွေမှာ သူ့သတ်မှတ်ထားတဲ့ ဌာနတွေပေါ့နော် ခွင့်ပြုထားတဲ့ အဖွဲ့တွေက လက်ခံ လှဖိုးခေါင်စခန်းကို ပို့မှာဖြစ်ပါတယ်။ စိစစ်မှာပေါ့လေ စိစစ်ပြီးတော့မှာ သူတို့နေခဲ့တဲ့ ရွာတွေဘာညာစိစစ်မှာပေါ့လေ စိစစ်ပြီးတော့မှ ထပ်ပို့သွားဖို့ရှိပါတယ်။”
ဘယ်နေ့မှာစတင်လက်ခံသွားမယ်ဆိုတာကိုအတိအကျ မသိသေးဘူးလို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပို့မယ့်အခြေအနေနဲ့ပတ်သက်ပြီး အကြောင်းပြန်တာ မရှိသေးဘူးလို့ ပြောပါတယ်။
“သူတို့အပေါ်မှာ ကျနော်တို့ ယုံကြည်မှု အပြည့်အဝမရှိဘူး သူတို့ပဲကျနော်တို့ကိုလုပ်ခဲ့တာ ဒါပေမယ့် အခြေအနေ တစ်ခုအပေါ်မှာ မူတည်ပြီးတော့ ဒီလိုကျနော်တို့ ဒီလိုအခင်းအကျင်းလုပ်ရတာ”
ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ သွားရောက်မဖြေရှင်းခင်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီခန့် ဝန်ကြီးတွေ ဖြစ်တဲ့ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ ပါဝင်တဲ့ အဖွဲ့ဟာ မောင်တောမြို့နယ် တောင်ပြို လက်ဝဲ၊ လှဖိုးခေါင်၊ ငါးခူရ ပြန်လည်လက်ခံရေး စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
ICJ ရုံးကနေ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ပြန်လာပြီးတဲ့နောက်မှာ ရိုဟင်ဂျာ ၇ဝဝ လောက်ကို လက်ခံသွားမယ်လို့ ပြောလာတာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ အနေနဲ့ စစ်ကောင်စီကို ယုံကြည်မှုမရှိပေမယ့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းမှာ နေရတဲ့ အခြေအနေဟာ ခက်ခဲလွန်းတာကြောင့် သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမယ်ဆိုရင် မိမိနေရပ်ကို ပြန်ချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များ အစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်က RFA ကိုပြောပါတယ်။
“ကျနော်တို့မှာလည်း ဒီမှာ သိပ်မနေချင်ဘူး လူ့အခွင့်အရေး ဒီမှာသိပ်မရဘူး ကလေးတွေပညာသင် ခွင့်လည်း မရဘူး။ ကျနော်တို့မှာလည်း ပြန်ချင်တယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံအခြေအနေကတော့ အရင်ပုံစံနဲ့ မတူဘူး အဲဒါကြောင့်မို့လို့ ကျနော်တို့ပြန်နိုင်တဲ့ အနေအထားတစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ ကျနော်တို့ ကိုယ့်ရွာကိုကိုယ် ပြန်နိုင်မယ်ဆိုရင် ကျနော်တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေကို လိက်လျောခဲ့မယ်ဆိုရင် ကျနော်တို့ပြန်နိုင်ဖို့ ဆိုတာအလားအလာများတယ် သူတို့အပေါ်မှာ ကျနော်တို့ ယုံကြည်မှု အပြည့်အဝမရှိဘူး သူတို့ပဲကျနော်တို့ကို လုပ်ခဲ့တာ ဒါကိုသူတို့ကိုကျနော်တို့ ဘယ်လိုလို့ယုံကြည်မှာလဲ ဒါပေမယ့် အခြေအနေ တစ်ခုအပေါ်မှာ မူတည်ပြီးတော့ ဒီလိုကျနော်တို့ ဒီလိုအခင်းအကျင်းလုပ်ရတာ”
NLD အစိုးရလက်ထက် ၂ဝ၁၉ ခုနှစ်ကလည်း ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး ဆောင်ရွက်ခဲ့ပေမယ့် မိမိသဘောဆန္ဒနဲ့ပြန်လာသူတွေ အနည်းအကျဉ်းလောက်ပဲ ရှိခဲ့ပါတယ်။
“ရခိုင်ပြည်ဘက်က မတူညီတဲ့မျိုးနွယ်စုတွေကြားမှာ ကျနော်တို့ဆိုတာ သဟဇာတဖြစ်မှုကို အဓိက ထားတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဖိနှိပ်ခံဖူးတဲ့သူတွေဖြစ်တယ်။”
ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော် AA ကလည်း ၆၀ ရာခိုင်နှုန်းလောက် အုပ်ချုပ်ရေး ရှိနေပြီဆိုတဲ့အတွက် ရိုဟင်ဂျာပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး AA ရဲ့ သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ရခိုင့်တပ်တော် AA ရဲ့ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာတော့ ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား သဟဇာတဖြစ်ရေးကို အဓိကထားတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
“ရခိုင်ပြည်ဘက်က မတူညီတဲ့မျိုးနွယ်စုတွေကြားမှာ ကျနော်တို့ဆိုတာသဟဇာတ ဖြစ်မှုကို အဓိက ထားတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဖိနှိပ်ခံဖူးတဲ့ သူတွေဖြစ်တယ်။ အဲဒီအတွက် တရားမျှတမှု၊ အပြန်အလှန် လေးစားချစ်ခင်မှု ၊ စည်းလုံးညီညွတ်မှုတွေနဲ့ ကျနော်တို့ ကြိုးစားတည်ဆောက်နေတာ ဖြစ်ပါတယ်။ အဲဒီအချက်တွေနဲ့အညီ သက်ဆိုင်တဲ့လူမျိုးစုတိုင်းလည်းပဲ တိုင်းပြည်က လိုအပ်နေတဲ့အချိန်မှာ အလုပ်လုပ်ဖို့အတွက် ကျနော်တို့နဲ့ လက်တွဲပြီးတော့ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။”
လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီးတရားစွဲခံထားရတဲ့ စစ်ကောင်စီဟာ နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့မှာ ၄ ရက်ကြာသွားရောက် ဖြေရှင်းခဲ့ပေမယ့် ပြန်လည် ချေပချက်တွေမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲချေပသွားတာ မရှိခဲ့ပါဘူး။
ဒါဟာ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေရဲ့ တောင်းဆိုချက်တွေထဲမှာ ပါဝင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရိုဟင်ဂျာလူမျိုး ဖြစ်တည်မှုကို အသိအမှတ်မပြုဘူးလို့ ၂ဝ၂၁ ခုနှစ် မေလက တရုတ်သတင်းမီဒီယာ တစ်ခု ဖြစ်တဲ့ Phoenix သတင်းဌာနကို ဖြေကြားထားဖူးပါတယ်။
၂ဝ၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဆိုတဲ့ လုပ်ဆောင်ချိန်က ရခိုင်ပြည်နယ် ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူ ၇ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂကပြောဆိုထားပြီး အခုဆိုရင် အဲဒီဖြစ်ရပ်ဟာ ၄ နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။