ရန်ကုန်မှာ လုံခြုံရေးကြောင့် အွန်လိုင်းဈေးကို ပိုအားထားလာ

2022.02.05
ရန်ကုန်မှာ လုံခြုံရေးကြောင့် အွန်လိုင်းဈေးကို ပိုအားထားလာ ရန်ကုန်မြို့၊ ဒဂုံစင်တာက အရောင်းဆိုင်တချို့ကို ၂၀၂၁၊ ဇွန် ၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

လူအမြဲတန်းစည်ကားနေတဲ့ ရန်ကုန်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေရာမရွေး ဗုံးပေါက်ကွဲတာတွေ၊ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေ အကြား အပြန်အလှန်ပစ်ခတ်တာတွေ၊ မသင်္ကာမှုနဲ့ ဖမ်းဆီး ခြိမ်းခြောက် ခံနေရတာတွေကြောင့် ရန်ကုန်မြို့အတွင်းမှာ လူအသွားအလာ တစ်နေ့တခြား နည်းပါးနေပါတယ်။

လုံခြုံရေးစိုးရိမ်တာကြောင့် အပြင်မထွက်ရဲတော့ဘဲ ကိုယ်လိုတဲ့ပစ္စည်းတွေကို အွန်လိုင်းစျေးကွက်ကတစ်ဆင့် ဝယ်ယူရောင်းချတာတွေ အခုနောက်ပိုင်း သိသိသာသာ များလာနေပါတယ်။ အင်တာနက်ကို အသုံးပြုပြီး အစားအသောက်ကအစ ကိုယ် လိုချင်တာကို ဝယ်လို့လည်းရ၊ အိမ်အထိလည်း လာပို့ပေးတာကြောင့် အွန်လိုင်းမှာ စျေးဝယ်ရတာ အဆင်ပြေတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မပိုးအိက ပြောပါတယ်။

"အရင်လို အပြင်မထွက်ဖြစ်ဘူး။ အပြင်ထွက်ရင်လည်း ကားခနဲ့ ဘာနဲ့ နောက်ပြီး အရင်လို လုံခြုံမှုလည်းမရှိဘူး တချို့ဆို ဖုန်းစစ်တာနဲ့ ဘာနဲ့ အဲလိုတွေလည်းရှိတော့ အပြင်မထွက်ဖြစ်ဘူး။အခုကာလမှာကျတော့ အမဆိုရင် တိုနာဆိုလည်း အွန်လိုင်းကနေ ဝယ်တယ်။ ပြီးတော့ အဝတ်အစားတို့ လိုင်းပေါ်မှာတင်တဲ့ဟာလေးတွေပေါ့။ ကိုယ်နဲ့ အဆင်ပြေမယ့်ဟာလေးတွေ လိုင်းပေါ်ကနေပဲ ဝယ်တယ်"

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့လုံခြုံရေးတွေကလည်း တစ်နေ့တခြား တင်းကျပ်နေပြီး လမ်းသွားလမ်းလာတွေ စစ်ဆေးမေးမြန်းတာတွေကလည်း များနေတာကြောင့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လိုတဲ့ပစ္စည်းကို အွန်လိုင်းကပဲ ဝယ်တော့တယ်လို့ ရန်ကုန်မြို့ခံ မမြတ်ဖူးက ပြောပါတယ်။

"အပြင်ထွက်ပြီး သိပ်မဝယ်ဖြစ်ဘူး။ အိမ်မှာဆို ဆန်တို့၊ ဆီတို့ကအစ ကိုယ်သိတဲ့ သူကိုပဲ ဝယ်တာများတယ်။ ဥပမာ အစားအသောက်ဆိုရင်လည်း အမတို့က ကိုယ်တစ်ခေါက် စားဖူးကြည့်ပြီးတော့ အရသာလည်းရှိ၊ ဈေးလည်တန်တယ်၊ ကိုယ့်မြို့နယ်နဲ့ နီးစပ်တဲ့ သူကိုပဲ ဝယ်စားတယ်။ အိမ်ပြင်မထွက်ရတော့ လုံခြုံရေး အခြေအနေအရတော့ တစ်နေရာ သွားမယ်ဆိုရင် ဟိုမှာဗုံးပေါက်တယ်၊ ဒီမှာဗုံးပေါက်တယ်ဆို၊ လမ်းတွေပိတ်။ ညနေဘက်ဆို မီးပွိုင့်တွေကပျက်၊ လမ်းတွေကပိတ်၊ သွားရလာရတာ အဆင်မပြေ တော့ဘူး။ ဗုံးပေါက်တာတွေလည်းရှိတော့ မသွားရဲ၊ မနက်မိုးလင်းလို့ စားဖို့တောင် အွန်လိုင်းကနေပဲ ကြိုမှာပြီး စားတယ်"

soldiers-myanmar-plaza.jpg
စစ်ကောင်စီတပ်သားတွေကို ရန်ကုန်မြို့က မြန်မာပလာဇာရှေ့မှာ ၂၀၂၁၊ နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့ရစဥ် (Photo: RFA)

အွန်လိုင်းစျေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရှိလာတာကြောင့် အိမ်အရောက် လိုက်ပို့ပေးရတဲ့ ဝန်ဆောင်မှု လုပ်ငန်းကလည်း တွင်ကျယ်လာပါတယ်။ မှာတဲ့ပစ္စည်းတွေကို လိုက်ပို့ ပေးရတဲ့သူတွေလည်း စစ်ကောင်စီရဲ့ လုံခြုံရေးတွေရဲ့ စစ်ဆေးမေးမြန်းတာတွေ နေ့စဉ် ခံနေရလို့ လုပ်ငန်းကို ချောချောမွေ့မွေ့ မလုပ်နိုင်ဘူးလို့ ပစ္စည်းပို့နေတဲ့ ကိုမြတ်ကိုကို က ရှင်းပြပါတယ်။

"များသောအားဖြင့်တော့ စစ်ဆေးရေးဂိတ်တွေရောက်ရင် စစ်ဆေးခံရတာပေါ့။ ကိုယ့်မှာ Deliver ပို့တဲ့အခါကျရင် အိတ်တွေဖွင့်ပြရတာ၊ ပစ္စည်းတွေထုတ်ပြရတာ။ တချို့ Packing တွေဆို လွှဲတဲ့သူတွေက တိုက်ရိုက်ထုတ်ပေးတာဆိုတော့ အခက်အခဲ ရှိတာပေါ့။ တစ်ခါတလေ အစလေးဖွင့်ပြပေမယ့်လည်း ယုံချင်မှ ယုံတယ်၊ မယုံဘူးဆို အဆုံးအထိ ဖွင့်ပြရတယ်။ ကျနော်အတွက်လည်း အဆင်မပြေဘူး Customer Complain တက်တာတွေလည်း ရှိတယ်"

အဆိုးထဲက အကောင်းဆိုသလို အွန်လိုင်းစျေးကွက်ကြောင့် ပိုကောင်းလာတာတွေလည်း ရှိနေပါတယ်။ အရင်က ကုန်ပစ္စည်းတွေကို ဆိုင်ခန်းနဲ့ ဖွင့်ပြီးရောင်းကြတဲ့အခါ ဝန်ထမ်း စရိတ်၊ အခန်းငှားခ စတာတွေကို ထည့်တွက်ရပါတယ်။ အခုတော့ ဒီစရိတ်တွေ မရှိသလောက် နည်းသွားပြီး အွန်လိုင်းကနေ Live လွှင့်ပြီး စျေးရောင်းတာက ပိုအဆင်ပြေ တယ်လို့ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင် မဘရောင်းက ပြောပါတယ်။

"ဘယ်လောက်အဆင်ပြေလဲဆို ရောင်းတော့ ရောင်းရပါတယ် အမ။ တစ်နေ့ကို အထည် ၁၅ဝ၊ ၂ဝဝ ပေါ့နော်။ ကျမလည်း ဆိုင်တော့ဖွင့်ထားတယ်။ ဆိုင်မှာဆို ဝင်တာက အများဆုံးမှ ၁ဝ ယောက်ပေါ့နော်။ အွန်လိုင်းကျတော့ တစ်ညတစ်ညကို အထည် ၁၅၀၊ ၂ဝဝ ရောင်းရတယ်။အစကတော့ အမရယ် တစ်ညကို အထည် ၂၀ လောက် ရောင်းရရင် တော်ပြီပေါ့နော်။ နောက်ပိုင်းကျတော့ ကိုယ်ရဲ့ ကြိုးစားအားထုတ်မှုလည်း ပိုများလာ တယ်၊ လုပ်ငန်းလေးလည်း ပိုပြီးအဆင်ပြေလာတယ်။ အခုနောက်ပိုင်းဆို အွန်လိုင်းပဲ ဝယ်တာများကြတယ်လေ။ အဝတ်အစားမှမဟုတ်ဘူး အစားအသောက်ကအစ အွန်လိုင်းကပဲ ဝယ်ကြတာ များကြတယ်လေ"

အခုဆိုရင် အွန်လိုင်းစျေးကွက်မှာ အခြေခံ လူသုံးကုန်ပစ္စည်းတွေသာမကပဲ စိန်ရွှေရတနာနဲ့ အိမ်။ ခြံ၊ မြေ၊ မော်တော်ယာဉ် စတဲ့ ပစ္စည်းတွေပါ အရောင်းအဝယ် တွင်ကျယ်နေပါပြီ။ အွန်လိုင်းအရောင်းအဝယ် ပုံစံသစ်က ရန်ကုန်လို မြို့ပြနေလူထု အတွက် စီးပွားရေးယဉ်ကျေးမှုအသစ်တစ်ခုအဖြစ် ခိုင်မာစပြုလာနေပါပြီ။

အင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသတွေနဲ့ အင်တာနက် မသုံးနိုင်သူတွေကတော့ အွန်လိုင်းစီးပွားရေးနဲ့ မဆက်စပ်နိုင်ဘဲ ဖြစ်နေပါလိမ့်မယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။