အွန်လိုင်းဈေးနဲ့ ဝန်ဆောင်မှုကို စစ်ကောင်စီ စတင်ထိန်းချုပ်

RFA Burmese
2023.10.03
အွန်လိုင်းဈေးနဲ့ ဝန်ဆောင်မှုကို စစ်ကောင်စီ စတင်ထိန်းချုပ် Facebook လူမှုကွန်ရက်ပေါ်ရှိ အွန်လိုင်းအရောင်းဆိုင်စာမျက်နှာ ကြည့်ရှုနေသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချသူတွေအားလုံး အောက်တိုဘာလ ၂ ရက် ကစပြီး မှတ်ပုံတင်ရ မယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကြေညာထားပါတယ်။ အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချသူအချို့ကတော့ မှတ်ပုံတင်ဖို့ လိုအပ်ချက်တွေ များနေတာကြောင့် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

မှတ်ပုံတင်ရမယ့်သူတွေဟာ ကုန်စည်ကိုဖြစ်ဖြစ်၊ ဝန်ဆောင်မှုကိုဖြစ်ဖြစ် အွန်လိုင်းစနစ်ကနေတစ်ဆင့် ဝန်ဆောင်မှုပေးသူ၊ ရောင်းချသူတွေအားလုံး အကျုံးဝင်တယ်လို့လည်း ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

အွန်လိုင်းကနေ တစ်နိုင်တစ်ပိုင် စားသောက်ကုန် ရောင်းချနေသူ တစ်ဦးကတော့ မှတ်ပုံတင်ဖို့ လိုအပ်ချက်တွေ များပြားနေတာကြောင့် စောင့်ကြည့်ရဦးမယ်လို့ RFA ကို ပြောပါတယ်။

"သူတို့တောင်းဆိုနေတာတွေက များတယ်။ ရပ်ကွက်ထောက်ခံစာတဲ့၊ ရဲစခန်းထောက်ခံစာလည်းပါတယ်။ နောက်ပြီး နယ်က စားသောက်ကုန်တွေ FDA တွေပါ ထောက်ခံချက် တောင်းတယ်ပေါ့နော်။ FDA လုပ်ဖို့ကလည်း အခုကာလမှာ မလွယ်ဘူးပေါ့နော်။ နောက်ပြီး နေရပ်လိပ်စာအပြင် ကိုယ်ရေးအချက်အလက်တွေပါ အပြည့်အစုံပေးရတယ်နော်။ ကိုယ့်ပုံတွေပါ ပေးရတာမျိုးတွေလည်း တွေ့ရတယ်။ အပြင်မှာရောင်းရင်တောင် အဲဒီလောက် မလိုဘူး။ အရင်တုန်းက အခြေအနေမျိုး ဆိုရင်တော့ လုပ်ဖြစ်မှာပေါ့နော်။ (အွန်လိုင်းရောင်းချမှု) တိုးတက်ဖို့ အကူအညီပေးဖို့ ထက် အခွန်ကောက်ဖို့နဲ့ သူတို့တွေ (စစ်ကောင်စီ) စီစစ်ထိန်းချုပ်ဖို့ ပိုပြီးလုပ်လာတယ် လို့ ယူဆလို့ပါ"

စစ်ကောင်စီရဲ့ အခုအစီအစဉ်ဟာ အွန်လိုင်းကနေဈေးရောင်းချမှုတွေကို တားမြစ်ပြီး အခွန်ကောက်ယူဖို့ လုပ်ဆောင်လာတာလို့လည်း သူကပြောပါတယ်။

"နေရပ်လိပ်စာအပြင် ကိုယ်ရေးအချက်အလက်တွေပါ အပြည့်အစုံပေးရတယ်နော်။ ကိုယ့်ပုံတွေပါ ပေးရတာမျိုးတွေလည်း တွေ့ရတယ်။ အပြင်မှာရောင်းရင်တောင် အဲဒီလောက် မလိုဘူး"

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်ဖို့ အင်တာနက်စာမျက်နှာတစ်ခု ဖန်တီးထားပြီး ၂၀၂၃ ခုနှစ်အတွင်း အခမဲ့ မှတ်ပုံတင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီစာမျက်နှာမှာပဲ မှတ်ပုံတင်ထားတဲ့ အွန်လိုင်းလုပ်ငန်းတွေကို ဖော်ပြမယ့်စာမျက်နှာတစ်ခုကိုပါ ဖော်ပြထားပေမယ့် ဒီနေ့ညနေ ၄ နာရီအထိတော့ မှတ်ပုံတင်ထားတဲ့လုပ်ငန်း တစ်ခုမှ မတွေ့ရသေးပါဘူး။

စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့် ကြော်ငြာစာမှာတော့ မှတ်ပုံတင်မရှိဘဲ အွန်လိုင်းကနေ ရောင်းချမှုတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ - ၅ အရ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီပုဒ်မဟာ ထောင် ခြောက်လကနေ သုံးနှစ်အထိ၊ ထောင်ဒဏ် အပြင် ငွေဒဏ် ငါးသိန်းအထိ ချမှတ်နိုင်တဲ့ ပုဒ်မလည်းဖြစ်ပါတယ်။

အွန်လိုင်းကနေ ထိုင်း-မြန်မာ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကတော့ ရွေးချယ်စရာ မရှိတဲ့အတွက် အွန်လိုင်း မှတ်ပုံတင်ဖို့ ရှိတယ်လို့ ပြောပါတယ်။

"(အွန်လိုင်း မှတ်ပုံတင်) လုပ်ရမယ်ဆိုတော့လည်း လုပ်ရမှာပေါ့။ မဟုတ်ရင် တိုင်တာဘာညာဆိုရင် မလုပ်ထားဘူးတိုင်တယ်ဆိုရင် ကိုယ်ပဲ ထိခိုက်မှာပေါ့။ တချို့ တစ်နိုင်တစ်ပိုင်ဆိုလို့ရှိရင်တော့ အဲဒါတွေက နည်းနည်းအလုပ်ရှုပ်မှာပဲ။ အခုသိသလောက်ကတော့ လိုတာက အဲဒီနှစ်ခုပဲ လိုတယ်။ လုပ်ငန်း လိုဂို (အမှတ်တံဆိပ်) မရှိတဲ့သူတွေဆိုရင် ဘယ်လိုလုပ်မလဲမသိဘူး။ ညီမတို့ကတော့ လုပ်ငန်းလိုဂိုရှိတယ်ပေါ့နော်။ ညီမတို့အတွက်က အရမ်းကြီး မခက်ခဲသေးဘူး။ တခြားသူတွေတော့ မပြောတတ်ဘူး"

အွန်လိုင်းစနစ်ဖြင့် အစားအသောက် မှာယူရန်အတွက်ဝန်ဆောင်မှုပေးသည့် foodpanda ကုမ္မဏီ ဝန်ထမ်းတချို့အား ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)
အွန်လိုင်းစနစ်ဖြင့် အစားအသောက် မှာယူရန်အတွက်ဝန်ဆောင်မှုပေးသည့် foodpanda ကုမ္မဏီ ဝန်ထမ်းတချို့အား ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)

မှတ်ပုံမတင်တဲ့ အွန်လိုင်းလုပ်ငန်းတွေကို အရေးယူမယ်လို့ ပြောဆိုထားတာနဲ့ပတ်သက်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နည်းပညာဌာနက တာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အွန်လိုင်း ဈေးရောင်းချမှုတွေနဲ့ ပတ်သက်လို့ ဖြစ်စဉ်တစ်ခုချင်းအလိုက် ကိုင်တွယ်မယ်လို့ ပြောပါတယ်။

"အဲဒီအခါကျတော့ သီးခြား Case (ဖြစ်စဉ်) နဲ့ပဲ Case by Case တင်ရမှာ ဖြစ်ပါတယ်။ သူက အဲဒီလူက တင်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်ပေါ့ အဲဒီလိုမျိုးပါ။ သို့သော် တိုက်ရိုက် လုပ်ပြီး မြန်မာပြည်ထဲက ကိုယ်စား မရှိဘူးလားဗျ။ ကိုယ်စားလှယ်လုပ်လိုက်ရင်တော့ မြန်မြန်ပြီးသွားမှာပေါ့နော်။ အဲဒါက (အရေးယူမှုအပိုင်း) တွေက ကျွန်တော်တို့ ဆက်လက်ပြီး ဆောင်ရွက်ရမယ့်အပိုင်းတွေ မလုပ်နိုင်သေးပါဘူးနော်။ အဲဒီလောက်ပဲ ပြောပါရစေ"

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း လက်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးအောင်နိုင်ဦးကတော့ အွန်လိုင်းပေါ်ကနေ ငွေလိမ်ခံရမှု၊ မှာယူထားတဲ့အတိုင်း ပစ္စည်းမရရှိမှုတွေကို တားဆီးနိုင်ဖို့ ဒီဥပဒေကို လုပ်ဆောင်ရတာလို့ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်က လူမှုကွန်ရက် စာမျက်နှာဖော်ကနေ ဖြေရှင်းခဲ့ပါတယ်။

မှတ်ပုံတင်ပြီး ရောင်းချမယ့်သူတွေဟာလည်း နိုင်ငံရေးအရ လှုံ့ဆော်၊ ဟောပြော၊ ဆန္ဒထုတ်ဖော်၊ အားပေးတာတွေ မလုပ်ဖို့အပါအဝင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အချက် ၁၅ ချက်ကို လိုက်နာရမယ်လို့လည်း သတိပေးထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။