ညောင်ခါးရှည်ဂိတ်မှာ အချိန်ဆွဲစစ်ဆေးမှုနဲ့ ငွေကြေးတောင်းခံမှုကြောင့် ခရီးသွားတွေ အခက်တွေ့

RFA Burmese
2023.01.05
ညောင်ခါးရှည်ဂိတ်မှာ အချိန်ဆွဲစစ်ဆေးမှုနဲ့ ငွေကြေးတောင်းခံမှုကြောင့် ခရီးသွားတွေ အခက်တွေ့ ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် တန်းစီစောင့်ဆိုင်းနေရသည့် ကားများအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Citizen Journalist

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဲခူးတိုင်း ဝေါမြို့နယ်က ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ဟာ အချိန်ဆွဲစစ်ဆေးမှုနဲ့ တရားမဝင်ငွေကြေးတောင်းခံမှုတွေကြောင့် နာမည်ကြီးပါတယ်။

ဒီဂိတ်ကို လုံခြုံရေးစစ်ဆေးဖို့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ တည်ဆောက်ခဲ့တာပါ။

အချိန် လေးနာရီသာကြာတဲ့ ရန်ကုန်-ကျိုက်ထိုခရီးဟာ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်က အစစ်အဆေးတွေက ဖြတ်သန်းရတဲ့အတွက် အချိန်ရှစ်နာရီကြာနေတယ်လို့ ကျိုက်ထိုမြို့ ဒေသခံတွေက ပြောပါတယ်။

ဒီ့အပြင် ကားသမားတွေဆီကလည်း တရားမဝင်ငွေကြေးတောင်းခံမှုတွေရှိတယ်လို့ ကျိုက်ထိုမြို့မှာနေထိုင်တဲ့ ကိုသန်းထွေးက ပြောပါတယ်။

"အဆင်မပြေဘူး၊ တော်တော် မပြေဘူး။ ကျမတို့က မွန်၊ ကရင် တနင်္သာရီတိုင်းဘက် သွားတာ။ တချို့ကျတော့လည်း ပိုက်ဆံပေးပြီး သွားကြတာလား ဘာလားတော့ မသိဘူး။ တန်းစီနေရင်းနဲ့ ကျော်သွားတာရှိတယ်"

"လုံခြုံရေးကြောင့်ဆိုပြီး စစ်ဆေးတာပေါ့။ ကားကို အစီးလိုက်ကြီးဝင်ပြီး စစ်ဆေးတာက ဒုက္ခလည်းရောက်တယ်။ တမင်သက်သက် လုပ်နေသလိုပဲ။ အစ်ကိုတို့နယ်ဘက်က ဆိုရင် ကျန်းမာရေး အတွက် ပဲခူး၊ ရန်ကုန်ကို အားထားပြီး ဆေးကုနေရပေမယ့် အခုလို စစ်ဆေးရေးဂိတ်ကြီး ရှိတော့ အဆင်မပြေဘူး။ အဲဒီစစ်ဆေးရေးဂိတ်က လူတွေက ဘူးသီးနဲ့ ကြက်သားနဲ့ ချက်စားမှာမို့လို့ ဟင်းဖိုးလေးပေးပါဦးတို့၊ လက်ဖက်ရည်ဖိုးလေး ပေးပါဦးတို့ တောင်းတာမျိုးတွေရှိတယ်။ အသိတွေ လာလည်တဲ့အခါ ကားကို တန်းမစီဘဲ ကျော်တက်ရင် သောင်းဂဏန်းလောက် ပေးရတယ်လို့ ပြန်ပြောကြပါတယ်"

စစ်ဆေးအချိန်ကြာမြင့်မှုကို ရင်မဆိုင်ချင်တဲ့အခါ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်သား တွေကို ကားတစ်စီးငွေ ငါးသောင်းကျပ်ပေးပြီး ဖြတ်သန်းရပါတယ်။ ဒါ့ကြောင့် ဒီဂိတ်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေအတွက် ငွေတွင်းကြီးဖြစ်နေတယ်လို့ ခရီးသွားတွေက RFA ကို ပြောဆိုကြပါတယ်။

ငွေမပေးနိုင်တဲ့အခါ ခရီးသွားတွေနဲ့ ကုန်တင်ယာဉ်တွေ စစ်ဆေးရေးဂိတ်မှာ အနည်းဆုံး အချိန်လေးနာရီ ကြာအောင် တန်းစီရပါတယ်။ ရန်ကုန်-ရေးမြို့ ခရီးစဉ်ဟာ ပုံမှန် တစ်ရက် သာကြာပါတယ်။ အခုတော့ နှစ်ရက်နီးပါးကြာမှ ရောက်တယ်လို့ ပုံမှန် သွားလာနေတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။

"အဆင်မပြေဘူး၊ တော်တော် မပြေဘူး။ ကျမတို့က မွန်၊ ကရင် တနင်္သာရီတိုင်းဘက် သွားတာ။ တချို့ကျတော့လည်း ပိုက်ဆံပေးပြီး သွားကြတာလား ဘာလားတော့ မသိဘူး။ တန်းစီနေရင်းနဲ့ ကျော်သွားတာရှိတယ်။ ကျမဆို ရေးမြို့နဲ့ ရန်ကုန်နဲ့ အမြဲသွားနေကျ။ အရင်ကဆို နှစ်ရက်နဲ့ အသွားအပြန်ရတယ်။ မနက်အစောကြီးသွားတယ် ဟိုကို မိုးချုပ်ကာနီးရောက်တယ်။ အခု မရောက်တော့ဘူး၊ အခြေအနေပေါ် မူတည်ပြီး ညအိပ် ရတာလည်း ရှိတယ်"

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်က လာတဲ့ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ယာဉ်တွေ မဖြတ်မနေ ဖြတ်သွားရပါတယ်။

ပဲခူးတိုင်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကတော့ တည်ငြိမ်မှုကိုလိုချင်ရင် စစ်ဆေးမှုကို သည်းခံရမယ်လို့ တုံ့ပြန်ပါတယ်။

"အဆင်ပြေအောင် လုပ်ပေးနေပါတယ်။အဲဒီလောက်လည်း အခက်အခဲမရှိပါဘူး။ လုံခြုံရေးကို ဦးစားပေးတော့ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ မိတယ်။ လုံခြုံရေးကို အကြောင်းပြပြီး လုံခြုံရေးကို အဓိကထားပြီး လုပ်ပေးတဲ့အတွက် အားလုံးက ပူးပေါင်းဖို့ တာဝန်ရှိပါတယ်။ အဲဒီလောက်အခက်အခဲလည်း မရှိပါဘူး၊ တည်ငြိမ်ရင့်ကျက်မှုကို လိုလားတဲ့ ပြည်သူတွေကတော့ ဒါတွေအကုန် လက်ခံပါတယ်"

nyaung.jpg
ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် တန်းစီစောင့်ဆိုင်းနေရသည့် ကားများအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီဂိတ်ကနေ လက်နက်ခဲယမ်းတချို့ ဖမ်းမိခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ကရင်ပြည်နယ်ကနေ ရန်ကုန်အပါအဝင် မြန်မာပြည်အောက်ပိုင်းကို ခြေဆန့်မယ့် လက်နက်ကိုင်ခုခံသူတွေဟာ ညောင်ခါးရှည်ဂိတ်ကို ဖြတ်သန်းရပါတယ်။

ဒါကိုထိန်းချုပ်ဖို့အတွက် ညောင်ခါးရှည်ဂိတ်ကို တည်ဆောက်ထားတာဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားသူတစ်ဦးက သုံးသပ်ပါတယ်။

"ဒီတော်လှန်ရေးမှာ ကရင်ပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေ မွေးဖွားရာဒေသ ဖြစ်တယ်၊ UG တွေအပေါ် လက်နက်ထောက်ပံ့တာ သယ်ယူတာတွေလည်း ဒီနယ်မြေက လာတယ်လို့ စစ်ကောင်စီက စဉ်းစားပုံရတယ်။ ဒါကြောင့်ပဲ ဘာမှ မရှိတဲ့ လွင်တီး ခေါင်ပြင်မှာ စစ်ဆေးရေးဂိတ်ကို အသည်းအသန်ဆောက်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးတာပဲပေါ့။ ပြောရရင်တော့ တော်လှန်ရေး ခါးကျိုးအောင် ရရင်ရတဲ့နည်းနဲ့ ဖြတ်တောက်တဲ့ သဘောပဲပေါ့။ အများအမြင်မှာတော့ ဒီဂိတ်က ပြည်သူတွေ ခရီးသွားလာရေးတွေမှာ အချိန်ကြာမြင့်တာတွေကို ခါးစည်းခံနေရတာပါပဲ"

ညောင်ခါးရှည်ဂိတ်မှာ မနက် ၄နာရီကနေ ည ၁၁နာရီထိ X-Ray စက်တွေနဲ့ စစ်ဆေးနေ တာပါ။ ဒီဂိတ်ကို လုံခြုံရေး ယူထားတဲ့စစ်ကောင်စီတပ်နဲ့ ယဉ်ထိန်းရဲအင်အားက ၈၀ ကျော်ရှိတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။