ညောင်ရွှေထောင်တွင်းပစ်ခတ်မှု အကျဉ်းသားတစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာရ

RFA Burmese
2023.03.15
ညောင်ရွှေထောင်တွင်းပစ်ခတ်မှု အကျဉ်းသားတစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာရ တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ကတွေ့ရစဉ်။
Myanmar Military
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင်မှာ မတ်လ ၁၄ ရက် မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသားတစ်ဦး သေဆုံးပြီး နောက်ထပ်လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မနေ့ မနက် ၇ နာရီကျော်မှာ အကျဉ်းထောင်အတွင်းက ပစ်ခတ်သံ အချက် ၂၀ နီးပါး ကြားခဲ့ရပြီး နေ့လယ်ပိုင်းseမှာတော့ အရေးပေါ် လူနာတင်ကားတွေ ထောင်ထဲကို ဝင်သွားတာတွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
 
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကျဉ်းထောင်ရှေ့မှာ စစ်ကောင်စီတပ်က လုံခြုံရေး အင်အားတိုးချထားသလို ထောင်ဝင်စာပို့ခွင့်ကိုလည်း ပိတ်လိုက်တယ်လို့ အကျဉ်းထောင်ရှိတဲ့ တောင်လေးလုံးကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
 
"သေနတ်သံ အချက် ၂၀ ကျော် ကြားရတာ ဟုတ်တယ်။ ဆက်တိုက် ပစ်တာတော့ မဟုတ်ဘူး၊ နည်းနည်းစီ ခြားပစ်တာ၊ အသံက အဲဒီလို ကြားရတာ။ နေ့လယ် ၁၂ လောက်မှာ လူနာတင်ကား တစ်စီးနဲ့ ပွိုင့်ကားတွေရော ရဲကားတွေရော ဝင်သွားတယ်။ အထဲက ဝန်ထမ်းတွေ ပြောပြတာက အကျဉ်းသား တစ်ဦးသေတယ်။ လေးဦး ဒဏ်ရာရပြီး ဝန်ထမ်းနှစ်ဦးလည်း ထိခိုက်တယ်ပြောတယ်။ အကျဉ်းသားတွေကတော့ အာဏာသိမ်းပြီးမှ ထောင်ထဲရောက်လာတဲ့ နိုင်ကျဉ်းတွေလို့ ပြောပါတယ်"
 
ထိခိုက်ဒဏ်ရာရတဲ့ အကျဉ်းသားတွေဟာ အသက် ၂၀ ကနေ ၃၀ ကျော် အရွယ်တွေ ဖြစ်ပြီး ရင်ဘတ်၊ ပေါင်၊ ဦးခေါင်းနဲ့ ကျောကုန်းတွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တာလို့ သူကပြောပါတယ်။
 
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ အကျဉ်းသား ၁၅ ဦးခန့်ဟာ နှစ်ထပ်အိပ်ဆောင်အတွင်းက လှေကားနံရံတွေကိုချိုးဖျက်ပြီး၊ တာဝန်ကျ ဝန်ထမ်းနှစ်ဦးကို ရိုက်နှက်ပြီးနောက် ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့ရာကနေ မျှော်စင်တာဝန်ကျဝန်ထမ်းက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဒီနေ့ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အကြောင်းရင်းကို စိစစ်ဖော်ထုတ်ပြီး အရေးယူသွားမယ် လို့လည်းဆိုပါတယ်။
 

"နေ့လယ် ၁၂ လောက်မှာ လူနာတင်ကား တစ်စီးနဲ့ ပွိုင့်ကားတွေရော ရဲကားတွေရော ဝင်သွားတယ်။"

မနေ့ကဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရတဲ့ အကျဉ်းသား လေးဦးရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ထိခိုက်ဒဏ်ရာရတာက အကျဉ်းသားနှစ်ဦးနဲ့ ထောင်ဝန်ထမ်းနှစ်ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ညောင်ရွှေ အကျဉ်းထောင်ဟာ ညောင်ရွှေ-ခေါင်တိန် လမ်းမပေါ်မှာရှိပြီး ထောင်အနီးနားမှာလည်း ရဲသင်တန်းကျောင်း ရှိတာကြောင့် လုံခြုံရေး အထပ်ထပ် ချထားတာဖြစ်လို့ ထောင်ဖောက်ပြေးဖို့ မဖြစ်နိုင်ဘူးလို့ ညောင်ရွှေ မြို့နယ်မှာ နေထိုင်တဲ့ ကိုဝီးက ထောက်ပြပါတယ်။
 
"မလွယ်လောက်ဘူး ထင်တယ်။ ဒေသခံတစ်ဦးအနေနဲ့ ပြောရရင် ထောင်ကထွက်ပြေးဖို့ မလွယ်လောက်ဘူး၊ ထောင်ကအမြင့်ကြီး ဆိုတော့လေ။ ကျနော်ထင်တယ် ထောင်စည်းရိုးက ပေ ၂၀၊ ၁၅လောက် ရှိတယ်။ အတွင်းလူ မပါဘဲ  ထွက်ဖို့မလွယ်ဘူး။ ထောင်က ညောင်ရွှေရဲ့မြောက် အနောက်ထောင့်လောက်မှာ ရှိတာ။ တောင်လေးလုံး ထောင်က အရင်က တောင်ကြီးမြို့နယ်ထဲမှာ၊ အခုမှ ညောင်ရွှေမြို့နယ်ထဲ ထည့်လိုက်တာ ထင်တယ်။ ညောင်ရွှေ-ခေါင်တိန်သွားတဲ့ လမ်းမပေါ်မှာ ရှိတာ၊ အဲဒီနားမှာ ရဲသင်တန်းကျောင်းတွေလည်း ရှိတယ်"
 
ညောင်ရွှေအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ ထောင် ၁၃ နှစ်ချမှတ်ခံထားရတဲ့ အကျဉ်းသား တစ်ဦးရဲ့ မိသားစုဝင်တွေကတော့ လက်ရှိထောင်တွင်း အခြေအနေနဲ့ပတ်သက်လို့ ဘာမှမသိရသလို ထောင်ဝင်စာပို့ခွင့် ပိတ်ထားတာကြောင့် အကျဉ်းသားတွေအတွက် စိတ်ပူမိတယ်လို့ RFA ကို  ပြောပါတယ်။
 
"လက်ရှိကာလမှာ နိုင်ငံရေးအကျဉ်းသား တချို့လည်း နိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲ မတရားပုဒ်မတပ်ပြီး မတရားဖမ်းဆီးထာားရတာ အများကြီးရှိတော့ ကျန်းမာရေးပိုင်းဆိုင်ရာ အစားအသောက်ပိုင်းဆိုင်ရာတွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိတယ်။ မိသားစုဝင် တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် အများကြီး စိုးရိမ်ရတာပေါ့၊ ပုံမှန်တစ်လတစ်ခါ၊ နှစ်လတစ်ခါ သွားတွေ့တဲ့အခါ ကျန်းမာရေး အခြေအနေ ကိစ္စဘာညာ သိရပေမယ့်၊ အခုလိုတွေ့ရတော့ဘဲ မသိရဘူးဆိုရင် ကျနော်တို့လည်း တစ်မျိုးတစ်ဖုံ ပြန်ပြီး စိတ်ပူရတာပေါ့"
 
ထောင်အရှေ့မှာ စစ်သားနဲ့ ရဲအင်အား ၄၀ နီးပါး စောင့်ကြည့်နေပြီး ထောင်ဝင်စာပို့သူတွေ အကုန် ပြန်လွှတ် ခံနေရတယ်လို့ သူကဆိုပါတယ်။
 
အကျဉ်းထောင်လက်စွဲ ဥပဒေ အပိုဒ် - ၃၁၇ မှာ အကျဉ်းထောင် တံခါးမကြီးကို အကျဉ်းသား အချုပ်သားတွေက စီးနင်းတိုက်ခိုက်နေတဲ့အချိန်၊ ထောင်အုတ်နံရံ အုတ်ရိုးကြီးကို လူအင်အားသုံးပြီး ဖြိုဖျက်နေတဲ့ အချိန်နဲ့ အကျဉ်း ထောင်အရာရှိ ဝန်ထမ်း (သို့မဟုတ်) အကျဉ်းသား အချုပ်သား တစ်ဦးဦးကို အသက်အန္တရာယ် ဖြစ်လောက်အောင် ဒါမှမဟုတ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိအောင် တိုက်ခိုက်မှုလုပ်နေတဲ့ အချိန်မျိုးမှာ လက်နက်ကိုင် ဝန်ထမ်းဟာ အမိန့်တစ်စုံတစ်ရာ တောင်းခံစရာမလိုဘဲနဲ့ သေနတ်နဲ့ ပစ်ခတ်ပြီးတော့ နိမ်နှင်းနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် အဲဒီလို ပစ်ခတ်တဲ့အခါမှာ ခြောက်လှန့်တဲ့ အနေနဲ့ နှုတ်ကနေ  အော်ပြီးတော့ အသိပေးရမှာဖြစ်ပြီး မရဘူးဆိုမှသာ ထွက်ပြေးဖို့ ကြိုးစားသူရဲ့ခေါင်းပေါ်ကနေ ကျော်ပြီးတော့ သေနတ်နဲ့ ပစ်ခတ် သတိပေး ဟန့်တားရမှာဖြစ်ပါတယ်။ အဲလို ဟန့်တားပေမယ့် မရပ်ဘူးဆိုရင်တော့ သူ့ကို ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းကို ပစ်ခတ်ဖမ်းဆီးရမယ်လို့လည်း ပြဋ္ဌာန်းချက်မှာပါရှိပါတယ်။
 
ဒါပေမဲ့ အခု ညောင်ရွှေထောင်ဖြစ်စဉ်မှာ အကျဉ်းသားကို သေစေလောက်အောင်အထိ ပစ်ခတ်ခဲ့တာဟာ အကျဉ်းထောင်လက်စွဲ ဥပဒေပါအတိုင်း မဖြေရှင်းခဲ့ဘူးဆိုတာ သိသာနေတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ထောက်ပြပါတယ်။
 
"အဓိကကတော့ အပိုင်းနှစ်ပိုင်းပေါ့။ တစ်ပိုင်းက သူတို့ဆောင်ရွက်နေတဲ့ ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်မှုတွေကို ရပ်တန့်သွားအောင် ဟန့်တားလိုတဲ့ သဘောပေါ့။ မရပ်တော့ဘူးဆိုရင် သူ့ကိုနှိမ်နင်းတဲ့ သဘောပေါ့။ အဲဒီ သဘောနှစ်ခုစလုံးကို အနေအထားအရ ဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ အသေပစ်ခတ် ဖမ်းဆီးရမယ်လို့ ဥပဒေက ခွင့်ပြုထားတာ မဟုတ်ဘူး။ ဒါကြောင့်လည်းပဲ သူက အဆင့်တွေ သတ်မှတ်ထားတာ။ ပထမအဆင့်က အသံနဲ့ သူ့ကိုရပ်တန့်ဖို့ သတိပေးရမယ်။ မရပ်တန့်ဘူးဆိုမှ ပစ်ခတ်ရမယ်ပေါ့"
 
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းနဲ့ ရှမ်းပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။
 
တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: Myanmar Military)
တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (Photo: Myanmar Military)
မြန်မာနိုင်ငံမှာ အာဏာသိမ်း နှစ်နှစ်အတွင်းမှာ အကျဉ်းထောင်တွေမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန်  ကိုင်တွယ်နှိမ်နင်းခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသား လေ့လာစောင့်ကြည့် သူတွေက ဆိုပါတယ်။
 
အကျဉ်းထောင်တွေထဲကို လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဝင်ရောက်လေ့လာ ခွင့်မပေးဘဲ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိတ်ရှိလက်ရှိ ကျုးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
 
“အဲတော့အခုလိုမျိုး အကျဉ်းထောင်တွေထဲမှာ စစ်အုပ်စုကနေ နိုင်ငံရေး အကျဉ်းသားတွေကို မတရားပြုကျင့်နေတဲ့ ကိစ္စတွေ မတရား ညှဉ်းပန်းနေတဲ့ ကိစ္စတွေ နောက် အသက် သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်တဲ့ ကိစ္စတွေ။ ဒီလိုမျိုး ဖြစ်စဉ်တွေသည် အကျဉ်းထောင် ထဲမှာ ဖြစ်နေတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ မတရား ညှဉ်းပန်းနှိပ်စက်မှုတွေကို ဘယ်လို လွတ်လပ်တဲ့ အဖွဲ့စည်းကမှ ဝင်ရောက် ကိုင်တွယ်ဖြေရှင်းခွင့် မရပါဘူး။ အဲတော့ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကို ဝင်ရောက် စစ်ဆေးခွင့်ရှိတာသည် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်က ဝင်ရောက် စစ်ဆေးခွင့်ရှိတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်သည်လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ် တစ်ခုဖြစ်တယ်။ အဲတော့ စစ်အုပ်စု အလိုကျပဲ သူတို့ဆီက အစီရင်ခံစာထွက်တယ်။ အဲဒါကြောင့် ဘယ်လိုမှ လွတ်လပ်တဲ့ အဖွဲ့စည်းတွေကနေ ဝင်ရောက် ကိုင်တွယ် ဖြေရှင်းခွင့်ဆိုတာ မဖြစ်နိုင်ပါဘူး”
 
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ မတ်လ ၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံရာမှာ အကျဉ်းသားတွေကို မိသားစုတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ အကျဉ်းထောင်အတွင်း ဝင်ရောက်လေ့လာခွင့်ရဖို့ ICRC ဘက်က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
 
အကျဉ်းသားတွေရဲ့ အခြေအနေကို လေ့လာစစ်ဆေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့်ကိုတော့ စစ်ကောင်စီက  ၂၀၂၀ မတ်လကတည်းက ရပ်ဆိုင်းထားတယ်လို့ ICRC က ထုတ်ပြန်ထားပါတယ်။
ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။