၂ဝ၂၃ မှာ တော်လှန်ရေးအောင်မြင်မယ်လို့ NUG မျှော်မှန်း
2022.09.01

လာမယ့် ၂ဝ၂၃ ခုနှစ်မှာ တော်လှန်ရေး အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ဖို့ ရည်မှန်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ပြောဆိုပါတယ်။
၂ဝ၂၃ ခုနှစ်ကို အရေးကြီးတဲ့နှစ်အဖြစ် သတ်မှတ်ထားပြီး၊ မူဝါဒတွေ ချမှတ်ထားကြောင်း ဘာတွေလုပ်မလဲဆိုတာကိုလည်း မကြာခင် နိုင်ငံတကာကို ချပြသွားဖို့ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မနေ့က ကျင်းပတဲ့ ပြည်သူများနှင့်အမေးအဖြေအစီအစဉ်မှာ ပြောခဲ့တာဖြစ်ပါတယ်။
"ဒီမဟာဗျူဟာနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ရဲ့ မဟာမိတ်များရော ပြည်သူများရော နိုင်ငံတကာကိုရော မကြာခင်မှာ အသိပေးဖို့ရှိပါတယ်။ လာမယ့်နှစ်က အင်မတန်အရေးကြီးပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံး အစွမ်းကုန်လက်တွဲပြီးတော့ ညီညီညွတ်ညွတ် အလုပ်လုပ်ခြင်းအားဖြင့် အဆုံးသတ်ပန်းတိုင်ကို မျှော်မှန်းပြီး ပြင်ဆင်ရေးဆွဲတာဖြစ်တယ်ဆိုတာ အသိပေးရှင်းပြခဲ့တယ်"
အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနည်းအရ ပြန်လည်ခုခံတိုက်ခိုက်ကြဖို့ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ NUG က ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီကို နိုင်ငံတစ်ဝန်းက PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတိုက်ခိုက်လာတာ အခုဆိုရင် တစ်နှစ်ပြည့်ပါပြီ။
လက်နက်ကိုင်တော်လှန်စစ် တစ်နှစ်ပြည့်တဲ့အချိန်မှာ NUG ဘက်က နောက်ထပ်လုပ်မယ့် အစီအစဉ်တွေကို ချပြလာတာဖြစ်ပါတယ်။ တော်လှန်စစ်တစ်နှစ်အတွင်း PDF တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ပြီလို့လည်း ဦးရည်မွန်က ပြောပါတယ်။
" PDF ဆိုတာ ဒီနေ့ဒီအချိန် စစ်ကောင်စီ ဘယ်လိုမှ ချေမှုန်းလို့မရနိုင်တော့တဲ့ အင်အားတစ်ခုအဖြစ် ပေါ်ပေါက်လာတယ်ဆိုတာကလည်း ဒီတစ်နှစ်အတွက် ထူးခြားတဲ့ ရလဒ်တစ်ခုဖြစ်တယ်"
အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး လာမယ့် ၂ဝ၂၃ ကို ရွေးကောက်ပွဲကျင်းပမယ့် နှစ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ သူကျင်းပမယ့် ၂ဝ၂၃ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်လို့ ပြီးခဲ့တဲ့ အာဏာသိမ်း တစ်နှစ်ခွဲပြည့် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
" လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး လွတ်လပ်ပြီး တရားမျှတစွာ နေရာအနှံ့ အကြားအလပ်မရှိ ကျင်းပနိုင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ တရားမျှတမှုနဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေ မရှိစေဖို့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေအားလုံးတည်ငြိမ်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
ဒီလိုပြောဆိုချက်နဲ့အတူ နိုင်ငံအနှံ့က လက်နက်ကိုင်ပြန်တိုက်နေသူတွေကိုလည်း ကြည်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းတွေသုံး တိုက်ခိုက်နေတာပါ။
နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ၂ဝ၂၃ ခုနှစ်မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမဖြစ်မြောက်အောင် NUG ဘက်က ကြိုးပမ်းလိမ့်မယ်လို့ သုံးသပ်ပါတယ်။
"၂၀၂၃ ကိုတော့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ပြင်ဆင်ဖို့ စိုင်းပြင်းနေတဲ့ လက္ခဏာတွေတွေ့ပါတယ်။ NUG ကလည်း ၂၀၂၃ခုနှစ်မှာ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖြိုဖျက်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ ပိုမိုပြီးတော့ များလာမယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်။ ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ဒေါ်လာဈေးမြင့်တက်မှုတွေ ဓာတ်ဆီ၊ ဒီဇယ်ဆီ အကျပ်အတည်းတွေကို မညည်းတော့ဘူး။ မြန်မြန်ဆန်ဆန် ဒီလှုပ်ရှားမှုကို အဆုံးသတ်စေချင်တာပါ။ အဲဒီတော့ အခု ဦးရည်မွန်တို့ကလည်းပဲ ၂၀၂၃ ကို အရေးကြီးတဲ့နှစ်အဖြစ် ရည်ညွှန်းပြောဆိုနေတဲ့အခါမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ ကိုက်ညီစွာသူတို့ဟာ EAO တွေနဲ့ ဆက်စပ်နိုင်သလား PDF တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေရှိမလားနောက် အဲဒီကနေတစ်ဆင့် ပြန်လှန်ထိုးစစ်တွေ လုပ်နိုင်တဲ့ အနေအထားကို ရောက်မလားဆိုတာကို ပြည်သူတွေဘက်က မျှော်လင့်နေတာပါ။ တကယ်လို့ NUG၊ PDF နဲ့ EAO တို့အကြားအပြန်အလှန်ပေါင်းစပ်ညှိနှိုင်းမှုတွေ ကောင်းပြီး ပြန်လှန်ထိုးစစ်တာ။ ဆင်နိုင်မယ်ဆိုလို့ရှိရင်တော့ ၂၀၂၃ မှာ စစ်ကောင်စီရဲ့တပ်ထဲမှာ ဖရိုဖရဲ ပြိုကွဲမှုတွေ နောက်ပြီးတော့ အသွင်ကူးပြောင်းမှုတွေ ဖြစ်လာနိုင်တယ်နော်။ ကျွန်တော်တို့ အောင်ပွဲကို လှမ်းမြင်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ သို့သော် အဲဒီအခြေအနေကို NUG အနေနဲ့ ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိတယ်ဆိုတာ ပြောရခက်ပါတယ်"
NUG အစိုးရ ဦးဆောင်တဲ့ တော်လှန်စစ် တစ်နှစ်တာကာလအတွင်း PDF တွေမှာလည်း ခေတ်မီလက်နက်အင်အားတော်တော်ရနေပြီဖြစ်သလို စစ်အင်အားကလည်း တိုးလာတာ အားတက်ဖွယ်တွေ့ရတယ်လို့လည်း သူကဆိုပါတယ်။

PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အချင်းချင်း အချိတ်အဆက်ကောင်းကောင်းနဲ့ ညီညီညွတ်ညွတ်ဆောင်ရွက်သွားကြဖို့ ဦးသန်းစိုးနိုင်က တိုက်တွန်းပါတယ်။
"ဒီတစ်နှစ်အတွင်းမှာကို အခုကျွန်တော်တို့ သိရသလောက်ကတော့ လက်နက်ကိုင်ကျွန်တော်တို့ PDF အင်အားအသစ် အကြမ်းဖျဉ်း အားဖြင့် ပြောရရင် တစ်သိန်းလောက် ရှိနိုင်တယ်လို့ ကျွန်တော်တို့ ယူဆလို့ရပါတယ်။ နောက်အဲဒီအထဲမှာ NUG နဲ့ တိုက်ရိုက်မဆက်စပ်ဘဲနဲ့ သီးသန့်လှုပ်ရှားနေတဲ့ PDF အဖွဲ့အစည်းတွေလည်း ရှိတဲ့အတွက် ဒီကာလအတွင်းမှာ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ စုဖွဲ့မှုကတော့ အားရစရာကောင်းလောက်အောင် တိုးတက်မြင့်မားလာပါတယ်။ နောက်ဒီအင်အားစုတွေရဲ့ လက်နက်တပ်ဆင်မှုတွေကလည်း အခုကတော့ အကြမ်းဖျဉ်း ၆ဝ ရာခိုင်နှုန်းလောက်တော့ ရှိလာနိုင်တယ်လို့ မှန်းဆပြီးတော့ကြည့်ပါတယ်"
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်တွေကအစ အရာအားလုံး နှစ်ဆကျော်ဈေးတက်၊ တစ်နိုင်ငံလုံးမှာလည်း တိုက်ပွဲတွေ ပြင်းထန်၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူတွေ များနေတာကြောင့် လက်ရှိနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်နေပြီလို့ သုံးသပ်နေကြပါတယ်။