စစ်ကောင်စီကို ခုခံတော်လှန်ရေး လေ့လာသူတွေ ဘယ်လိုမြင်သလဲ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021.09.07

အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တနိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က မနေ့က စက်တင်ဘာ ၇ ရက်နေ့မှာ တနိုင်ငံလုံးကို ဗွီဒီယိုမိန့်ခွန်းကတဆင့် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရေးအကျပ်အတည်းကို အာဆီယံက ဝင်ရောက်ဖြေရှင်းပေးဖို့ ကြိုးပမ်းမှုအနေနဲ့မြန်မာနိုင်ငံမှာ လေးလကြာ အပစ်အခတ်ရပ်စဲထားဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို စစ်ကောင်စီက လက်ခံလိုက်ကြောင်း သတင်းတွေ ပေါ်ထွက်လာပြီးတဲ့နောက် အခုလို NUG နဲ့ အတိုက်အခံ အင်အားစုတွေဘက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်ကြဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲထားဖို့ ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အခြား အတိုက်အခံ အဖွဲ့အစည်းတွေကို ပါဝင်နိုင်အောင် ကြံဆဖို့ လိုအပ်တဲ့အကြောင်း စင်ကာပူ Yusof Ishak တက္ကသိုလ်က အာရှရေးရာလေ့လာသူ ဒေါ်မိုးသူဇာက ပြောပါတယ်။

207974892_122650853369575_7634306955089293746_n.jpg
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ (Photo: PDF တောင်ပိုင်းစစ်တိုင်း)

တချိန်တည်းမှာပဲ အာဏာသိမ်း စစ်ကောင်စီကို တော်လှန် တိုက်ခိုက်ကြဖို့ NUG က တိုက်တွန်းတဲ့ ဗွီဒီယို ဖိုင်ထွက်ပေါ်လာပြီးနောက်မှာပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးက တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံ ဗြိတိန်သံရုံးရဲ့ဖေ့စ်ဘွတ်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပဋိပက္ခတွေဟာ ထိခိုက်လွယ်သူတွေ၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး လုပ်ငန်းတွေ အပေါ် ထိခိုက်နစ်နာစေပါလိမ့်မယ်လို့လည်း သံရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေနဲ့ အခုလို အာဏာသိမ်း စစ်ကောင်စီကို အင်အားသုံး တိုက်ခိုက်ပြီး တော်လှန်ကြဖို့ တိုက်တွန်းလိုက်တာဟာ နိုင်ငံတကာမှာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်နိုင်မလား ဆိုတာကိုလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဝါရှင်တန်ဒီစီမှာ အခြေစိုက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဂျိုးဘိုင်ဒင် အစိုးရက တရားဝင်အသိအမှတ်ပြုမှု ရလာအောင် လှုံ့ဆော်နေတဲ့ Campaign for a New Myanmar အဖွဲ့က Michael Haack ကတော့ အခုလို NUG အစိုးရကနေ စစ်ကောင်စီကို အင်အားသုံးတိုက်ခိုက်ဖို့ တိုက်တွန်းလိုက်တာကြောင့် အမေရိကန်နိုင်ငံရဲ့ မူဝါဒအပေါ် အပြောင်းအလဲ ရှိမယ်လို့ မထင်ကြောင်း ပြောပါတယ်။

“ဒီ NUG ရဲ့ တိုက်တွန်းချက်ပေါ်ထွက်မလာခင် ကတည်းက မြန်မာနိုင်ငံမှာ PDF အဖွဲ့တွေ စတင်ဖွဲ့စည်းခဲ့ပြီးတော့ မြန်မာနိုင်ငံတဝှမ်းမှာ တိုက်ခိုက်မှု တော်တော်များများ ဖြစ်ခဲ့ပြီးပါပြီ။ ။ NUG ကနေ အခုလို တိုက်တွန်းလိုက်တဲ့အတွက်တော့ အမေရိကန်နိုင်ငံရဲ့ မူဝါဒအပေါ် အပြောင်းအလဲ ဖြစ်စေမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့အဖွဲ့အနေနဲ့ဆိုရင် NUG ကို အသိအမှတ်ပြုဖို့ တိုက်တွန်းချက်ပါဝင်တဲ့ Burma Bill ဥပဒေကို အောက် လွှတ်တော်မှာ တင်နိုင်ဖို့ ကြိုးစားနေတာ တော်တော်ကြာခဲ့ပါပြီး။ တိုးတက်မှုက အလွန်နှေးကွေးနေပါတယ်။ အခုအချိန်အထိ အမေရိကန် အစိုးရဟာ NUG ကို လျစ်လျူရှူထားတာရယ်၊ ရံဖန်ရံခါ ကြေညာချက် ထုတ်ပြန်ပေးတာရယ်ကလွဲရင် NUG ကို ကြီးကြီးမားမား အထောက်အပံ့ဖြစ်စေတဲ့ လုပ်ဆောင်ချက် မရှိခဲ့ပါဘူး။ NUG အနေနဲ့ ဘာမှ ရထားတာ မရှိသေးတဲ့အတွက် ဘာမှ လည်း ဆုံးရှုံးစရာ မရှိပါဘူး။ ”

အခုအချိန်မှာ အမေရိကန်၊ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ အားလုံးဟာ NUG အစိုးရကို တရားဝင်အသိအမှတ်ပြုပြီး၊ ထိတွေ့ ဆက်ဆံသင့်တာမှန်ပေမယ့်၊ တကယ့် မြေပြင်ပေါ်မှာ NUG နဲ့ PDF တို့ရဲ့ လုပ်ရပ်တွေ အောင်မြင်မှု ရှိမရှိ ဆိုတာကလည်း တရားဝင်အသိအမှတ်ပြု၊ ပံ့ပိုးကူညီမှုတွေ ရဖို့ အရေးပါတဲ့ အချက်ဖြစ်တဲ့အကြောင်း Michael Haack က သုံးသပ်ပါတယ်။

f54e2422-d023-4ef9-badb-02a4ca431eab.jpeg
အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဦးဒါရှီလဆိုင်း ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့က မိန့်ခွန်းပြောကြားစဉ်။ (Photo: CRPH)

NUG ယာယီသမ္မတက ဖတ်ကြားထားတဲ့ မိန့်ခွန်းထဲမှာ ပြည်သူတွေအနေနဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မလိုအပ်ဘဲ ခရီးမသွားဖို့၊ ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်းထား ကြဖို့၊ PDF တွေကို အကူအညီပေးကြဖို့၊ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေနဲ့ ပြည်သူ့စစ်အားလုံး ပြည်သူနဲ့ ပူးပေါင်းပြီး၊ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ဖို့၊ စစ်တပ်လက်အောက်ခံ တပ်မတော်သား၊ ရဲနဲ့ ပြည်သူ့ဝန်ထမ်းအားလုံး NUG ထံ အမြန်ဆုံး ဆက်သွယ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-07 20:46

We stand with NUG and PDF

Anonymous
2021-09-08 11:19

Fight for independent