လေကြောင်းရန်ကာကွယ်ရေး ကမ္ဘာ့နိုင်ငံတွေက လျစ်လျူရှုထားဆဲလို့ NUG ပြော
2023.02.16

စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းပစ်ကူ လက်နက်တွေရဖို့ လိုအပ်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လျစ်လျူရှုထားတာကြောင့်လည်း ကလေးငယ်တွေအပါအဝင် အရပ်သားတွေ အသက်အန္တရာယ်ကြား အခက်အခဲမျိုးစုံနဲ့ နေထိုင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။
ကမ္ဘာကြီးရဲ့နိုင်ငံအသီးသီးက ကျွန်တော်တို့ကို လျစ်လျူရှုထားတဲ့အတွက်ကြောင့်မို့လို့တော့ ကျွန်တော်တို့ရဲ့ကလေးတွေက လေယာဉ်သံကြားရင် တိမ်းရှောင်ရဆဲ ပြည်သူတွေက ထွက်ပြေးရဆဲ ပြည်သူတွေရဲ့အိမ်တွေက မီးလောင်ဆဲ အနေအထားမှာတော့ ရှိပါတယ်။
“လေကြောင်းကနေပြီးတော့ လာတဲ့လေယာဉ်တွေကို ပစ်ချနိုင်တဲ့ လက်နက်တွေ လုံလောက်တဲ့ လက်နက်တွေ ရရှိဖို့ဆိုတာကတော့ ကမ္ဘာကြီးရဲ့နိုင်ငံအသီးသီးက ကျွန်တော်တို့ကို လျစ်လျူရှုထားတဲ့အတွက်ကြောင့်မို့လို့တော့ ကျွန်တော်တို့ရဲ့ကလေးတွေက လေယာဉ်သံကြားရင် တိမ်းရှောင်ရဆဲ ပြည်သူတွေက ထွက်ပြေးရဆဲ ပြည်သူတွေရဲ့အိမ်တွေက မီးလောင်ဆဲ အနေအထားမှာတော့ ရှိပါတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး လေကြောင်းရန်ကာကွယ်တဲ့ လက်နက်တွေရရှိနိုင်ဖို့ ကြိုးစားနေပေမယ့်လည်း နိုင်ငံတကာ ဂရုမစိုက်မှု၊ လျစ်လျူ ရှုမှုတွေကြောင့် ပြည်သူများကတော့ လေကြောင်းနဲ့ စကစဒုက္ခပေးမှုတွေကို အလူးအလဲ ခံနေရဆဲ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အွန်လိုင်းကနေတစ်ဆင့် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးဆောင်ရွက်နေတဲ့ ဂျပန်အောက်လွှတ်တော်အမတ် မာစဟရုနာကာဂါဝါ၊ အထက်လွှတ်တော်ကအမတ် အိရှိဘရှိမီချီဟိရိုတို့နဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ဦးနိုင်ထူးအောင်က ပြောသွားခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနှစ်နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုက အကြိမ် ၆၅၀ ကျော်ရှိခဲ့ပါတယ်။
စစ်ကောင်စီက ရုရှားကဝယ်ယူထားတဲ့ စစ်လေယာဉ်တွေ အသုံးပြုနေပြီဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေက လာမယ့်ကာလတွေအတွင်း ပိုများလာနိုင်တယ်လို့ NUG ဘက်က တွက်ဆထားတယ်လို့လည်း ပြောပါတယ်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လေကြောင်းပစ်ခတ်နိုင်တဲ့ လက်နက်တွေရှိပေမယ့် စွမ်းဆောင်ရည်ပိုင်း အားနည်းတဲ့အတွက် ရဲဘော်တွေက စွန့်စွန့်စားစားပစ်ခတ်နေရတာတွေရှိပြီး စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုကာကွယ်ဖို့ အထိလောက် စွမ်းရည်လုံလောက်မှုမရှိဘူးလို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တွေက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုရှိမရှိ ဂျပန်အထက်လွှတ်တော်အမတ် အိရှိဘရှိမီချီဟိရိုက အဲဒီအွန်လိုင်းတွေ့ဆုံမှုမှာ မေးမြန်းခဲ့ပါတယ်။
ဦးနိုင်ထူးအောင်က စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေ ရှိခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့ ဒီအချက်ကိုကြည့်ပြီး အရည်အသွးမြင့် လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေ PDF တွေမှာ ရှိနေပြီလို့ အဓိပ္ပါယ်ဖွင့်လို့မရဘူးလို့ သူကပြောပါတယ်။
ဂျပန်အထက်လွှတ်တော်အမတ် အိရှိဘရှိမီချီဟိရိုက စစ်ကောင်စီက ပြည်တွင်းမှာလက်နက်ထုတ်တာ ပြည်ပနိုင်ငံတွေက လက်နက်အစိတ်အပိုင်းတွေကို ဝယ်ယူနေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရပြီး NUG အစိုးရက သိရှိပါလားလို့လည်း မေးမြန်းခဲ့ပါတယ်။
"စစ်ကောင်စီက လက်နက်တွေကို ပြည်တွင်းမှာအများစုထုတ်နေပြီး နိုင်ငံ ၁၃ နိုင်ငံက အစိတ်အပိုင်းတွေကို ဝယ်ယူနေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ အဲ့ဒီသတင်းတွေထဲမှာ ဂျပန်နဲ့ အမေရိကန်နိုင်ငံက ကုမ္မဏီတွေပါနေတယ်လို့ ကြားရပါတယ်။အဲ့ဒီသတင်းကို NUG အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ စုံစမ်းသိရှိထားပါသလဲ"
ဦးနိုင်ထူးအောင်က NUG အစိုးရ သိရှိထားတာတွေကို အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။
“စစ်ကောင်စီက သူတို့ပြည်တွင်းမှာထုတ်တဲ့ လက်နက်တွေပေါ်မှာ အများကြီးမှီခိုနေရတာဖြစ်တယ်။ လေယာဉ်မှာတွဲပြီးသုံးတဲ့ ဗုံးသီးတွေ၊ နောက်လူထုကို သတ်ဖြတ်တဲ့နေရာမှာသုံးတဲ့ လက်နက်အများစု ဒါတွေဟာ သူတို့ရဲ့ပြည်တွင်းထုတ်လုပ်မှုကနေသာ ဆောင်ရွက်နေနိုင်တာဖြစ်ပါတယ်။ ဒီအတွက်လည်း ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုအပါအဝင် ကုမ္ပဏီတွေ ပါဝင်ပတ်သက်မှုတွေ ရှိတယ်ဆိုတာကို ရီပို့တစ်ခုမှာ ပါလာခဲ့ပါတယ်။ ဒါလည်းတော်တော်လေးခိုင်မာတဲ့ ရီပို့တစ်ခုလို့ ရှုမြင်သုံးသပ်နိုင်ပါတယ်”
ဂျပန်အောက်လွှတ်တော်အမတ် မာစဟရုနာကာဂါဝါကတော့ စစ်ကောင်စီကို ဖိအားပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုသွားမယ်လို့ အဲ့ဒီဆွေးနွေးပွဲမှာ ပြောပါတယ်။
“စစ်ကောင်စီက ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေ ချက်ချင်းရပ်စေဖို့ ကျွန်တော်တို့အနေနဲ့ ဂျပန်အစိုးရကို ဆက်လက်တောင်းဆိုပါမယ်။ ဖိအားပေးဖို့တောင်းဆိုမယ်။ ဖိနှိပ်ချုပ်ခြယ်ခံနေရတဲ့ မြန်မာပြည်သူလူထုကို ကူညီဖို့ ဂျပန်အစိုးရကို ဆက်လက်တောင်းဆိုသွားပါမယ်။”
တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သတိပေး ကာကွယ်နိုင်ဖို့ အရပ်သားတွေကို လေကြောင်းကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။
ပြည်သူတွေရဲ့သတင်းပေးမှုလိုအပ်တာကြောင့် အခုလိုအရပ်သားလေကြောင်းကင်းထောက်ခေါ်ယူတာလို့ NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“အထူးသဖြင့်လေယာဉ်ကွင်းတွေနဲ့ နီးတဲ့ဒေသတွေမှာရှိတဲ့ ပြည်သူတွေရဲ့ သတင်းပေးပို့မှုကို ဖိတ်ခေါ်တဲ့ သဘောဖြစ်ပါတယ်။ လေယာဉ်တွေဘယ်အချိန်မှာ ဘယ်နှစ်စီးတက်တယ်။ ဘယ်ဘက်အရပ်ကို မျက်နှာမူပြီး တက်သွားတယ်။ ဒီလိုသတင်း အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ တယ်လီဂရမ်ချန်နယ်မှာ လုံခြုံစိတ်ချစွာပေးပို့နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်းပြီး ပေးပို့ကြဖို့ ပြည်သူလူထုရဲ့အားကို သုံးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ အာဏာသိမ်း နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု (၆၅၄) ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၂၈၈ ဦး သေဆုံးပြီး ၃၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။