ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော

RFA Burmese
2024.08.27
ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ ဒေါနစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့စဉ်။
ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်

Updated 3:46 PM Aug 28, 2024

စစ်ကောင်စီဟာ လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တစ်ဆင့်ချင်း အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။

စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့်ဖို့နဲ့ နိုင်ငံရေးအရ ပြင်ဆင်မှုတွေလုပ်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လ ၂၇ ရက်နေ့ကပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

"ရှေ့နှစ်အတွင်းမှာဆိုရင် စစ်အုပ်စုက နောက်ဆုံးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ နိုင်ငံတချို့လည်း ရှိနေတာကြောင့် သူတို့ကလည်း ရတဲ့နည်းနဲ့ လုပ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သေသေချာချာ ထည့်သွင်းစဥ်းစားပြီး တစ်ဖက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဖက်ကလည်း နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်"

စစ်ရေးအပြင် နိုင်ငံရေးဘက်မှာလည်း နိုင်ငံခြားရေး၊ သံတမန်ရေး၊ တော်လှန်ရေးအင်အားစု အသီးသီးရဲ့ စုစည်းပြင်ဆင်မှုအခြေအနေတွေနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေပါမကျန် ပြင်ဆင်ထားဖို့လိုတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ရေးပဋိပက္ခတွေ အရှိန်မြှင့်နေပြီး နိုင်ငံတစ်ဝန်းက မြို့ပေါင်းခုနစ်ဆယ် ဝန်းကျင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"သေချာတာကတော့ ကျွန်မတို့ (PSF/TNLA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရော၊ လက်ရှိ ကျွန်မတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရော စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကျွန်မတို့ ကျင်းပမှာ မဟုတ်ဘူး။ ကျင်းပခွင့်လည်း ပြုမှာမဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်ဘူးလားဆိုတာကလည်း ပြောဖို့ကခက်တယ်။ ၂၀၂၅ မှာ စစ်ရေးက ဘယ်လိုဖြစ်သွားမလဲ၊ နိုင်ငံရေးက ဘယ်လိုဖြစ်သွားမလဲဆိုတဲ့အပေါ် မူတည်တယ်"

စစ်ကောင်စီ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ရေးအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။ (Photo: Myanmar Military)
စစ်ကောင်စီ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ရေးအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။ (Photo: Myanmar Military)

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို တစ်ရက်တည်းအပြီး ကျင်းပမှာမဟုတ်ဘဲ နယ်မြေလုံခြုံမှုအပေါ်မူတည်ပြီး အပိုင်းလိုက်လုပ်သွားဖို့ စီစဉ်နေကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ အဲဒီအစည်းအဝေး တက်ရောက်ခဲ့သူတွေက RFA ကို ပြောပါတယ်။

ဒါကြောင့် ၂၀၂၅ မှာ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပလိမ့်မယ်လို့ ယုံကြည်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးလှသိန်းက RFA ကို ပြောပါတယ်။

"၂၀၂၅ ရွေးကောက်ပွဲကတော့ လုပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။ ရွေးကောက်ပွဲလုပ်တယ်ဆိုတာက ကော်မရှင်ကနေပြီး သေချာစိစစ်ပြီး လုပ်တာဖြစ်ပါတယ်။ လုံခြုံရေးအရကတော့ နိုင်ငံတော်အပိုင်းပေါ့နော်။ လက်ရှိအနေအထားအရတော့ (မြို့အချို့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတာ) ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အဲဒီအချိန်တွေကျရင် ဘယ်လိုဖြစ်လာမယ်ဆိုတာကို ကြိုတင်မျှော်မှန်းလို့မရဘူး။ အဲဒီအချိန်ကျရင် တဖြည်းဖြည်း ချုပ်ငြိမ်းသွားပြီးတော့ ဒီအပိုင်းကိုလည်း အစိုးရအနေနဲ့ တာ၀န်ယူပြီး ဆောင်ရွက်နေပါတယ်။ တဖြည်းဖြည်း ချုပ်ငြိမ်းသွားပြီး သောင်းကျန်းသူအနည်းဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"

စစ်ကောင်စီဟာ လာမဲ့ အောက်တိုဘာလမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်နေပြီး သူ့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံပါတီတွေကို အတည်ပြုတာနဲ့ ပယ်ချတာတွေလည်း ဆက်တိုက်လုပ်လာပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီ ရွေးကောက်ပွဲ ထောက်ခံပံ့ပိုးတာမလုပ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

၂၀၂၅ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်

အလုပ်သမားရှစ်သောင်းကျော်ရဲ့ အချက်အလက် စစ်ကောင်စီ ကောက်ယူ


ရွေးကောက်ပွဲဟာ အာဏာသိမ်ထားတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်တာကြောင့် မဖြစ်ဖြစ်အောင် ပြုလုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

"သူတို့ကိုယ်တိုင် ချိုးဖောက်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းလောက်ပဲ ဖြစ်ဖြစ် ကျင်းပနိုင်မယ်ဆိုရင်တောင် အပိုင်းလိုက်ဖြစ်ဖြစ် မရှက်မကြောက်လုပ်ဖို့ ကြံစည်နေတယ်လို့ သိထားပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုကို မငဲ့ကွက်ဘဲနဲ့ ရှင်းရှင်းပြောရရင် သူတို့ရဲ့ စစ်တပ် စစ်သားတွေကိုတောင်မှ မငဲ့ကွက်ဘဲနဲ့ မလုပ်သင့်တာတွေ တောက်လျှောက်လုပ်နေတာတွေ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ အာဏာတည်မြဲဖို့၊ သူတို့မိသားစု အသိုင်းအ၀ိုင်း ကြီးပွားချမ်းသာဖို့အတွက်ပဲ နိုင်ငံတကာကို လှည့်စားရအောင် အသိမှတ်ပြု လက်ခံလာအောင် ရွေးကောက်ခံ အစိုးရအဖြစ် ပုံဖော်ချင်နေလို့ ဖြစ်ပါတယ်"

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းထားတဲ့အပြင် အောက်ခြေရပ်ကွက်နဲ့ ကျေးရွာတွေအထိ လက်နက်တပ်ဆင်ပေးနိုင်တဲ့ ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့တွေကို ဖွဲ့စည်းလာပြီး ရွေးကောက်ပွဲလုံခြုံရေးအတွက်လည်း ပြင်ဆင်လာတာတွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

"အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ အာဏာတည်မြဲဖို့၊ သူတို့မိသားစု အသိုင်းအ၀ိုင်း ကြီးပွားချမ်းသာဖို့အတွက်ပဲ နိုင်ငံတကာကို လှည့်စားရအောင် အသိမှတ်ပြု လက်ခံလာအောင် ရွေးကောက်ခံ အစိုးရအဖြစ် ပုံဖော်ချင်နေလို့ ဖြစ်ပါတယ်"

ဒါပေမဲ့ လက်ရှိတိုင်းပြည်အခြေအနေအရ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲတွေဖြစ်လာနိုင်ဖို့ ခဲယဉ်းမယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ New Myanmar Foundation ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ စန်းအောင်က RFA ကို ပြောပါတယ်။

"စစ်ရေးအရလည်း သူတို့ အဖြေမရှာနိုင်ဘူး။ သံတမန်အရေးအရကလည်း သူတို့ကို ဘယ်သူမှ မယုံကြည်ကြဘူး။ သူတို့တွေ အဖြေရှာနိုင်မယ်လို့လည်း ဘယ်သူမှ မထင်ကြဘူး၊ တရုတ်က အစ။ အဲဒါတွေကို သူတို့က စစ်ရေးအရလည်း မရဘူး။ သံတမန်ရေးအရလည်း မရဘူး။ နိုင်ငံရေးအရလည်း မလုပ်နိုင်တဲ့အတွက် ရွေးကောက်ပွဲကို အပြောင်းအလဲများ ဖြစ်မလားဆိုပြီး လုပ်ကြည့်တာပဲ။ ဒါပေမဲ့ အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဖြေရှာလို့လည်း မရဘူး"

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်တာကြောင့် ထောက်ခံပံ့ပိုးတာတွေမလုပ်ဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - TNLA ပြောခွင့်ရသူနှင့် နိုင်ငံရေးပါတီ တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။