စစ်ကောင်စီ နိုင်ငံကိုယ်စားပြုပြီး ICJ အမှု ဖြေရှင်းမယ့်ကိစ္စ NUG ကန့်ကွက်

2022.02.03
စစ်ကောင်စီ နိုင်ငံကိုယ်စားပြုပြီး ICJ အမှု ဖြေရှင်းမယ့်ကိစ္စ NUG ကန့်ကွက် ၂၀၁၉ ဒီဇင်ဘာ ၁ဝ ရက်နေ့က ICJ တရားရုံးမှာ မြန်မာ့အရေး ကြားနာနေစဥ်
Photo: Reuters

နိုင်ငံတကာတရားရုံး (ICJ) မှာ ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ရဲ့ ခုခံချေပချက်တွေကို အခုအခါမှာ ပြန်ရုပ်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီလက ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း တစ်နှစ်ပြည့်နေ့ က ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီလိုရုပ်သိမ်းလိုက်ကြောင်း ICJ ထံ စာရေးတင်ပြထားတာဖြစ်ပြီး ICJ အနေနဲ့ စစ်တပ် ကိုယ်စားလှယ်ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ခုခံချေပခွင့်မပေးဖို့နဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် NUG ဘက်က ကြိုးစားနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

ICJ အမှုဟာ မြန်မာနိုင်ငံတစ်ခုလုံးကို တရားစွဲတာမို့ လက်ရှိ စစ်ကောင်စီဟာ တရားဝင် အစိုးရတစ်ရပ် မဟုတ်တာကြောင့် NUG ကပဲ ကိုယ်စားပြုခွင့်ရသင့်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“တစ်အချက်က ပြည်တွင်းမှာ ဘယ်လိုနည်းနဲ့မှ တရားမျှတမှုကို ဖော်ဆောင်လို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူး၊ ဒုတိယအချက်က အာဏာကို အတင်းအဓမ္မလုယူထားတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတော်ကိုလည်း ကိုယ်စားပြုခွင့်မရသင့်ဘူး။ အာဏာ သိမ်းတာကို UN အပါအဝင် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုထားဘူး။ ဒါကြောင့် နိုင်ငံကို ကိုယ်စားပြုခွင့်ကလည်း မရသင့်ဘူး။ ဒီအခြေခံအချက် နှစ်ချက်နဲ့ ကျွန်မတို့ ဒါကိုရုပ်သိမ်းတဲ့အကြောင်းကို ပေးပို့ခဲ့တယ်။ ဒါ့အပြင် စစ်ကောင်စီက ကိုယ်စား ပြုမယ်ဆိုတာကိုလည်း ကန့်ကွက်တဲ့အနေနဲ့ ပေးပို့ခဲ့တာဖြစ်ပါတယ်”

ပထမအကြိမ်တုန်းကတော့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအတွက် စစ်တပ် တာဝန်ရှိသူတွေကို ပြည်တွင်းဥပဒေတွေနဲ့သာ အရေးယူနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီလို အရေးယူဖို့ မဖြစ်နိုင်တော့တာကြောင့် ပထမအကြိမ် ထွက်ဆိုချက် တွေကို ပြန်ရုပ်သိမ်းလိုက်တာလို့ ဒေါ်ဇင်မာအောင် က ရှင်းပြသွားပါတယ်။

ယာယီသမ္မတ ဒူဝါလရှီလ ကလည်း ICJ အနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုလိုက်မယ် ဆိုရင် စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဆက်လုပ်ဖို့ အားပေးလိုက်သလို ဖြစ်မယ့်အပြင် ဒါဟာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ရပ်တည်ချက်နဲ့ မကိုက်ညီတဲ့ အန္တရာယ်ရှိတဲ့လုပ်ဆောင်ချက်မျိုး ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

အမှုနဲ့ပတ်သက်တဲ့ ချေပချက်တွေကို NUG ဘက်က ပြန်ရုပ်သိမ်းတဲ့အပေါ် ဘာမှ ဝေဖန်စရာမရှိသလို သူတို့ဘက်က လျှောက်လဲမယ့်အချက်တွေကိုလည်း အသေးစိတ် မပြောနိုင်သေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

"ဒါကတော့ သူတို့သဘောထားပေါ့ဗျာ။ ဒီသဘောထားနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ဝေဖန်စရာလည်းမရှိဘူး။ ပြောစရာလည်း အကြောင်းမရှိပါဘူး။ ကျနော်တို့ အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဝန်ကြီးတစ်ဦးနဲ့ ရှေ့နေချုပ်တို့ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ကော်မတီနဲ့ ပြန်လည်လျောက်လဲချက်ပေးသွားမှာဖြစ်ပါတယ်။ ဘာတွေ လျောက်လဲချက်ပေးမယ်ဆိုတာကိုတော့ ထုတ်မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ရှေ့နေများကိုတော့ ငှားရမ်းထားပါတယ်”

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ခေါင်းဆောင်တဲ့အဖွဲ့က ICJ အမှုကို ခုခံချေပသွားဖို့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ၂၀၂၁ မေလတကည်းက ပြင်ဆင်ထားပြီး လိုက်ပါဆောင်ရွက် မယ့် နိုင်ငံတကာအဆင့်ရှေ့နေ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအကျပြောမသွားပါဘူး။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ ပထမအကြိမ်တုန်းက မြန်မာနိုင်ငံအတွက် ငှားရမ်းခဲ့တဲ့ ရှေ့နေ ဝီလီယံရှားဘတ်စ် ကတော့ ဒီတစ်ကြိမ်မှာ စစ်ကောင်စီဘက်ကနေ ရှေ့နေလိုက်ပေးတော့မှာမဟုတ်ဘဲ နုတ်ထွက်ထားတဲ့အကြောင်း နိုင်ငံတကာ သတင်း မီဒီယာတွေကို ပြောထားပါတယ်။

ICJ တရားရုံးက ထုတ်ပြန်ထားတဲ့အစီအစဉ်အရ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ မြန်မာဘက်က ခုခံချေပဖို့ ရှိနေတာပါ။ ဒီအမှုအတွက် မြန်မာဘက်က စစ်ကောင်စီနဲ့ NUG ဘယ်သူ ကိုယ်စားပြုခွင့်ရမလဲဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်းက စစ်ကောင်စီဟာ ICJ အမှုကိုအသုံးချပြီး နိုင်ငံတကာအသိအမှတ်ပြုရေး ကြိုးပမ်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်တပ်က ခုခံချေပတယ်ဆိုတာ သူတို့အတွက်က ရေနစ်တဲ့သူအတွက် ကောက်ရိုး မျှင်လေးတစ်မျှင်ပဲ။ သူက နိုင်ငံတကာမှာ တရားဝင်အသိအမှတ်ပြုမှုက လုံးဝရဖို့လည်း မရှိဘူး။ ဒါပေမဲ့ ICJ မှာ အမှုရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါကျတော့ ဒီကောက်ရိုးမျှင်ကို အသုံးချပြီး တရားဝင်အစိုးရဖြစ်ကြောင်းပေါ့။ နိုင်ငံတကာက ဒါကို ယုံကြည်လက်ခံလား ဆိုတော့ မြန်မာပြည်သူတွေက မယုံကြည်ဘူး၊ကမ္ဘာ့အသိုင်းအဝိုင်းကလည်း လုံးဝ ယုံကြည်မှာ မဟုတ်ဘူး။ တကယ်လို့ သွားပြီးခုခံချေပတယ်ဆိုရင် အလိမ်အညာတွေပဲ ဖြစ်မှာပေါ့”

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်ကောင်စီကိုယ်စားလှယ်တွေ ICJ မှာ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်မယ့် ထွက်ဆိုချက်တွေ ပါလာမလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့် နေကြတယ်လို့လည်း ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ဘယ်လိုပဲ ခုခံချေပသည်ဖြစ်စေ နိုင်ငံတကာက ယုံကြည်မှု မရတဲ့အပြင် သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် နိုင်ငံတကာရဲ့ဖိအားတွေ ပိုပြီးကျရောက်လာဖို့ပဲရှိတယ်လို့ သူက ဆိုပါတယ်။

ပထမအကြိမ် ခုခံချေပမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ဘက်က စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိကောင်းရှိနိုင်ပေမဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုးတော့ မဟုတ်ဘူးလို့ ခုခံချေပခဲ့ဖူးပါတယ်။

အခုတော့ ဒီချေပချက်တွေကို NUG က ရုပ်သိမ်းလိုက်ပါပြီ။ ဒီလိုရုပ်သိမ်းတာဟာ ဥပဒေကြောင်းအရ ICJ ကြားနာစစ်ဆေးမှုအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

"သူတို့ကျူးလွန်တဲ့အမှုပေါ်မှာ နိုင်ငံတကာဥပဒေနဲ့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်"

ICJ ဟာ မြန်မာနဲ့ ပတ်သက်လို့ ပထမအကြိမ် ကြားနာစစ်ဆေးမှုအပြီး ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အချက်လေးချက်ပါတဲ့ ကြားဖြတ်စီရင်ချက်တစ်ခု ချမှတ်ထားပါတယ်။

အဲဒီစီရင်ချက်ပါ လိုက်နာရမယ့်အချက်တွေဟာ အခုနှစ်နှစ်ကြာတဲ့အထိ ဘာတိုးတက်မှု မှမရှိတဲ့အပြင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ပိုဆိုးလာတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင် က RFA ကို ပြောပါတယ်။

“အစိုးရမရှိတော့ဘူး စစ်တပ်ပဲ ရှိတော့တယ်ဆိုတော့ စစ်တပ်က ပိုပြီးတော့ ရက်စက် တယ်။ လူတွေမှာ အကြောက်တရား ပိုရှိလာတယ်။ခြုံပြောရရင် Genocide က မပြီးသေးဘူး။အခုထိ ရိုဟင်ဂျာတွေအပေါ်မှာ ရှိနေတုန်းပဲလို့ သုံးသပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီမှာ အခြေအနေပြောင်းလဲသွားတာ ဘာတစ်ခုမှမရှိဘူး။ ပိုပြီး တင်းကျပ်လာတာပဲရှိတယ်။ နောက်ပြီးတော့ မနေချင်လို့ ထွက်ပြေးနေတဲ့လူတွေကို လမ်းမှာပြန်ဖမ်းပြီးတော့ သူတို့ဖမ်းပြီး ထောင်ချလိုက်တယ်ဆိုတော့ အခြေအနေက ပိုပြီးဆိုးလာတယ်”

မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်စီရင်ချက်ပါ အဓိကအချက် လေးချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် သတ်ဖြတ်တာ စိတ်ရောကိုယ်ပါ အန္တရာယ်ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုမြောက် စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊ တပ်မတော် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှု ပူးပေါင်းကြံစည်မှု သွေးထိုးလှုံ့ဆော်မှု စတာတွေ မကျူးလွန်အောင် ကြပ်မတ်ဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို မပျက်စီးအောင် ကာကွယ်ဖို့နဲ့ ဒီအချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဆောင်ရွက်ထားမှု အခြေအနေတွေကို တရားရုံးကို ပုံမှန်အစီရင်ခံဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။

(၂၀၁၉  ဒီဇင်ဘာ ၁ဝ ရက်နေ့  ICJ တရားရုံး ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်များကို တွေ့ရစဥ်) Photo: CIJ_ICJ Twitter
(၂၀၁၉ ဒီဇင်ဘာ ၁ဝ ရက်နေ့ ICJ တရားရုံး ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်များကို တွေ့ရစဥ်) Photo: CIJ_ICJ Twitter

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တစ်ဦးကတော့ ရိုဟင်ဂျာတွေအပေါ်ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ စစ်တပ်ကို ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ RFA ကို ပြောပါတယ်။

“အဲဒီ ၂၀၁၇ မှာ စစ်တပ်က မွတ်ဆလင်ရွာတိုင်း ရွာတိုင်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့ တာပါ။ ရွာတွေကိုမီးရှို့ပြီး ကလေးတွေ၊လူအိုတွေနဲ့ မသွားနိုင်တဲ့လူတွေကို သေတဲ့သူသေ ကျန်ခဲ့တဲ့သူကျန် အဲဒီလိုလုပ်ခဲ့တာပါ။ အဲဒါ နယ်မြေရှင်းလင်းတယ်ဆိုပြီး အကြောင်း ပြပြီး နယ်မြေရှင်းလင်းတာမဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးတုံးအောင် သတ်တဲ့ နည်းပရိယာယ်ကိုသုံးတာ။ သူတို့ကို သူတို့ကျူးလွန်တဲ့အမှုပေါ်မှာ နိုင်ငံတကာဥပဒေနဲ့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူစေ ချင်ပါတယ်”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတာပါ။

လက်ရှိမှာတော့ ICJ တရားရုံးအပြင် အာဂျင်တီးနားနိုင်ငံမြို့တော် Buenos Aires မှာရှိတဲ့ ဖက်ဒရယ် ရာဇဝတ်တရားရုံးကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ဆေးကြားနာဖို့  ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်မှာ အမှုလက်ခံ လိုက်ပါတယ်။

အမှုကို လက်ခံပြီး သုံးရက်အကြာ နိုဝင်ဘာ၂၉ ရက်နေ့မှာပဲ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ပြေးတဲ့ ရိုဟင်ဂျာ ၂၀၀ ကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ပင်လယ်ပြင်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ၁၀၉ ဦးကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ - ၁၃ (၁) အရ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ပြီး ကျန် ၉၀ ကျော်ကိုတော့ အသက်မပြည့်သေးတဲ့အတွက် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။