တရုတ်နိုင်ငံဆိုင်ရာ သဘောထား NUG က အချိန်ကိုက်ထုတ်ပြန်ဟု ကန် လေ့လာသူပြော
2024.01.05

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးမဲ့အကြောင်းတွေ အပါအဝင် အချက်ဆယ်ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အခုလို ကြေညာချက် ထုတ်ပြန်ထားတာဟာ စစ်အာဏာရှင် တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်အောင် တရုတ်နဲ့နီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်သွားဖို့အတွက်ဖြစ်ပြီး၊ ဒါကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကင်းကွာသွားမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောထားပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တရားဝင် တုံ့ပြန်ပြောဆိုတာ မရှိသေးသလို၊ တရုတ်အစိုးရရဲ့ NUG အပေါ် သဘောထား ရပ်တည်ချက်ကို သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်မှု မရှိသေးပါဘူး။
NUG က တရုတ်နိုင်ငံကို အားပေးထောက်ခံကြောင်း ကြေညာချက်ကို အချိန်ကိုက် ထုတ်ပြန်လိုက်တာလို့ အမေရိကန် အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက သုံးသပ်ပါတယ်။
“ကျွန်တော့်အမြင်ကတော့ NUG ရဲ့ မူဝါဒ ပြောင်းသွားတာ မဟုတ်ဘဲ၊ ရှိပြီးသား မူဝါဒကို အတည်ပြု ပြောကြားလိုက်တဲ့ သဘောပါ။ NUG က ဒီကြေငြာချက်ကို အချိန်ကိုက် ထုတ်ပြန်လိုက်တာလို့ ထင်ပါတယ်။ အခုအချိန်မှာ တရုတ်နိုင်ငံဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို မြန်မာစစ်တပ်နဲ့ အပစ်ရပ်ဖို့ ကြားဝင် ညှိနှိုင်းပေးနေပါတယ်။ တရုတ်နိုင်ငံဘက်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို NUG နဲ့ကော၊ PDF အဖွဲ့တွေနဲ့ပါ အကန့်အသတ်နဲ့ပဲဆက်ဆံဖို့ ဖိအားပေးနေတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်။ ဒါ့အပြင် ဒီ NUG ရဲ့ ကြေညာချက် ထွက်လာတဲ့ အချိန်ဟာ၊ တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘောတူညီချက်အသစ်တွေ လက်မှတ်ထိုးလိုက်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့်လည်း NUG ရဲ့ ကြေညာချက်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ထိုးတဲ့ စီမံကိန်းတွေအတွက် တာဝန်ယူမှာ မဟုတ်ကြောင်း ပြောထားတာလည်း တွေ့နိုင်ပါတယ်။”
မြောက်ပိုင်းညီနောက်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" ဟာ တရုတ်နိုင်ငံရဲ့ ‘အသံတိတ်’ ထောက်ခံမှုကိုရပြီး ဆောင်ရွက်ခဲ့တဲ့အတွက် လျှင်လျှင်မြန်မြန် အောင်မြင်မှုရခဲ့တာဖြစ်ကြောင်း ဂျေဆင်တာဝါက နိုဝင်ဘာလက RFA နဲ့ သီးသန့် အင်တာဗျူးမှာ ပြောထားခဲ့ပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် Stimson စင်တာက မြန်မာ့အရေး ကျွမ်းကျင်သူ ယွန်ဆန်ကတော့ NUG ရဲ့ ကြေညာချက်ဟာ စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ တရုတ်နိုင်ငံရဲ့ အကူအညီလိုအပ်တာကြောင့်လို့ RFA ကို ပြောပါတယ်။
“NUG ဟာ စစ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်ဆိုရင် အခုလို ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ဒီကြေညာချက်က မြန်မာစစ်ခေါင်းဆောင်တွေကို ဖြုတ်ချတဲ့နေရာမှာ တရုတ်နိုင်ငံရဲ့ အကူအညီရဖို့ ကြိုးပမ်းမှုဖြစ်ပါတယ်။ NUG ဟာ တရုတ်နိုင်ငံကို ချစ်ကြည်ရင်းနှီးတဲ့ သဘောထားရှိကြောင်း ပြသဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။ မကြာခင်က အဖြစ်အပျက်တွေကြောင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအပေါ်မှာ လွှမ်းမိုးမှုရှိကြောင်း ထင်ရှားလာပါတယ်။ ဒါကြောင့် NUG က တရုတ်နိုင်ငံကို သူ့ဘက်မှာ ရှိစေဖို့ ကြိုးစားတာဖြစ်ပါတယ်။”
ထိုင်း အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆင်ကတော့ တရုတ်နိုင်ငံကို ထောက်ခံကြောင်း NUG ရဲ့ ကြေညာချက်ကို ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ချက် တစ်ခုလို့သာ ရှုမြင်ပါတယ်။
“ဒီကြေညာချက်ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတည်ထောင်ဖို့ NUG ဘက်က ပထမဆုံး ခြေလှမ်းလှမ်းလိုက်တာလို့ မြင်ပါတယ်။ NUG ဟာ ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးမယ်လို့ ပြောထားတဲ့အတိုင်း တရုတ်နိုင်ငံနဲ့ တရားဝင် ဆက်ဆံရေး တည်ထောင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဒါက ဘယ်အိမ်နီးချင်း နိုင်ငံနဲ့မဆို လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်လို့ ပြောလိုက်တာကလဲ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တရားဝင်အစိုးရ တစ်ရပ်အနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင် လာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ ဘယ်စီမံကိန်းကိုမဆို အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။”
တရုတ်နိုင်ငံဟာ NUG ရဲ့ ကြေညာချက်ကြောင့် ဘက်ပြောင်းပြီး NUG ကို ထောက်ခံလာမဲ့ သဘောမရှိဘူးလို့ Stimson Center က ယွန်ဆန်က သုံးသပ်ပါတယ်။
“တရုတ်နိုင်ငံ ဘက်ကတော့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ပတ်သက်လို့ စိတ်အနှောက်အယှက် ဖြစ်ပေမဲ့၊ NUG အပေါ်မှာတော့ မျက်နှာသာပေးတဲ့ သဘောထား မတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို၊ တော်လှန်ရေး မြန်မြန် အောင်မြင်အောင်လဲ လုပ်ပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် NUG အနေနဲ့ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း ကြေညာချက် ထုတ်လိုက်တာကြောင့် အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ မျက်နှာကောင်း ရမှာမဟုတ်ဘူးဆိုတာလည်း နားလည်ဖို့ လိုပါတယ်။”
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆင်ကလည်း NUG အပေါ် တရုတ်ရဲ့ သဘောထား ပြောင်းလဲလာဖို့ အချိန်လိုသေးတယ်လို့ သုံးသပ်ပါတယ်။
“ဒီလို NUG ရဲ့ ထုတ်ပြန်ချက်ကြောင့် တရုတ်ဘက်က ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့ မထင်ပါဘူး။ စစ်ကောင်စီကို ထောက်ခံနေရာက၊ NUG ကို ပြောင်းလဲ ထောက်ခံလာတာမျိုးဖြစ်လာဖို့ အဝေးကြီး လိုပါသေးတယ်။ NUG ကို တရားဝင် အသိအမှတ်ပြုဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့ စတာတွေ အတွက်လည်း မျှော်လင့်ချက် မထားဘဲ၊ တရုတ်နိုင်ငံနဲ့ ထိတွေ့ ဆက်ဆံဖို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်တာလို့ပဲ မြင်သင့်ပါတယ်။ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကိုရဖို့ အရေးကြီးတာက NUG အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသား အဖွဲ့အားလုံးနဲ့အတူ အလုပ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”
USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါကတော့ NUG အပေါ် လျစ်လျှူရှုထားတာဟာ တရုတ်နိုင်ငံအတွက် ဆုံးရှုံးမှု ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။
“တရုတ်နိုင်ငံဘက်ကတော့ NUG ရဲ့ တရုတ်နိုင်ငံအပေါ် ရပ်တည်ချက်ဘယ်လို ရှိတယ်ဆိုတာ ထုတ်ပြန်ချက်အပေါ်မှာ လူသိရှင်ကြား တုံ့ပြန်လိမ့်မယ်လို့ မထင်ပါဘူး။ အခုလို NUG ဘက်က သံလွင်ခက် ကမ်းလှမ်းလိုက်တာကို တရုတ်နိုင်ငံဘက်က မတုံ့ပြန်တာ၊ NUG အတွက်ကော၊ တရုတ်နိုင်ငံ အတွက်ပါ နစ်နာဆုံးရှုံးမှု ဖြစ်ပါတယ်။ တရုတ် နိုင်ငံဘက်က ဆန္ဒရှိတဲ့ နယ်စပ်ဒေသက မှုခင်းတွေ၊ ရာဇဝတ်ဂိုဏ်းတွေကို ရှင်းလင်းဖို့နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်ဖို့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ NUG ဘက်က ကမ်းလှမ်းထားတာကို လျစ်လျူရှုထားတာဟာ တရုတ်နိုင်ငံအတွက် ဆုံးရှုံးမှု ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့် MNDAA တပ်ဖွဲ့ဟာ လောက်ကိုင်မြို့ကို သိမ်းပိုက်လိုက်ပြီလို့ ကြေညာထားပြီး၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း က မြို့ ၁၁ မြို့နဲ့ စစ်ကောင်စီရဲ့ စခန်း ၂၀၀ ကျော် သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားပါတယ်။