တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း NUG ထုတ်ပြန်
2024.01.02

Updated 7:17 PM Jan 2, 2024
တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း၊ အိမ်နီးချင်းကောင်းဖြစ်အောင် အမြဲကြိုးပမ်းနေမယ့် အကြောင်းတွေ အပါအဝင် တရုတ်နဲ့ပတ်သက်လို့ အချက်ဆယ်ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတယ်၊ တရုတ်နိုင်ငံနဲ့ စစ်မှန်တဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တည်ဆောက်ပြီး အိမ်နီးချင်းကောင်းဖြစ်အောင် အမြဲကြိုးပမ်းမယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားလုပ်ငန်းတွေကို ကာကွယ်ပေးမယ်၊ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းမယ်ဆိုတဲ့ အရေးကြီးအချက်တွေ ပါဝင်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ မြန်မာ့ပိုင်နက်ထဲမှာ ခြေချခွင့် မပြုဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကစလို့ ကုလမဂ္ဂလုံခြုံရေးကောင်စီက ကိစ္စရပ်တွေအထိ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးပါတာကြောင့် အခုလို သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ရတာလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကိုပြောပါတယ်။
"ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာလည်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ UN လုံခြုံရေးကောင်စီမှာလည်းပဲ Credential ကစ အစပြုလုပ်ပေ့ါလေ၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒါကြောင့်ရယ် NUG နဲ့ပတ်သက်ပြီတော့ ပုံဖျက်နေတဲ့ ကိစ္စတွေရှိပါတယ်။ နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်ရင် တိမ်းညွှတ်မှုတွေနဲ့ပတ်သက်ရင်ပေါ့နော်။ ဒါတွေကို ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်အောင်လုပ်နေတာတွေလည်း ရှိပါတယ်။ ရှိတဲ့အခါကျတော့ ဒါတွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ထုတ်ပြန်ခြင်းဖြစ်ပါတယ်"
ဒီလိုထုတ်ပြန်တဲ့အခါမှာလည်း အမေရိကန်အစိုးရရဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မူဝါဒ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ သဘောထားမူဝါဒတွေကို အသေအချာလေ့လာပြီးမှ ထုတ်ပြန်တာလည်းဖြစ်တယ်လို့ သူကဆိုပါတယ်။
တရုတ်နိုင်ငံကြီးရဲ့ အကဲအဆတ်ဆုံး "တရုတ်တစ်နိုင်ငံတည်း မူဝါဒ" ကို လက်ခံမှသာ အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေး ပြေလည်နိုင်တာကြောင့် NUG က အခုလို ထုတ်ပြန်တာလို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
"တရုတ်ပြည်နဲ့ ဆက်ဆံရေးမှာ တရုတ်က သူအကဲဆတ်ဆုံးကိစ္စက ထိုင်ဝမ်ကိစ္စပဲ သူ့နိုင်ငံပေါ်မှာ သဘောထား မှန်လား၊ မမှန်လားက သူက ဒီပေတံနဲ့တိုင်းတာ။ အဲဒီတော့ သူ့နိုင်ငံပေါ်မှာ သဘောထားမှန်ပါတယ်လို့ ပြချင်တဲ့ နိုင်ငံတိုင်းက တရုတ်ပြည်တစ်ပြည်ထဲရှိတဲ့မူကို ထောက်ခံပါတယ်ဆိုတာ တောက်လျှောက်ပြောရတာ။ ကျွန်မတို့လို့ နိုင်ငံလေးမပြောနဲ့၊ အမေရိကားတို့ EU တို့လည်း ဒီလိုပဲပြောရတာပဲ။ ကျန်တဲ့နိုင်ငံကြီးတွေလည်း အကုန်ဒီလိုပဲ ထည့်ပြောနေတာပဲလေ ကွယ်ရာကျမှာ လုပ်ချင်တာလုပ်တာပဲ။ ဒါကထည့်ပြောသင့်လို့ ထည့်ပြောတယ်လို့ပဲ ပြောလို့ရပါတယ်။ ကျန်တဲ့နိုင်ငံတွေကလည်း ဒါကိုသိပ်ဂရုစိုက်မယ်လို့ မထင်ပါဘူးနဲ့ တူပါတယ်"
ပထဝီအနေအထားအရလည်း မြန်မာဟာ အင်အားကြီး တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်နေတာကြောင့် NUG အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။
"သူ့နိုင်ငံပေါ်မှာ သဘောထားမှန်ပါတယ်လို့ပြချင်တဲ့ နိုင်ငံတိုင်းက တရုတ်ပြည်တစ်ပြည်ထဲရှိတဲ့မူကို ထောက်ခံပါတယ်ဆိုတာ တောက်လျှောက်ပြောရတာ"
အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုကိုရနေတဲ့ NUG အနေနဲ့ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်နိုင်ငံနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိဖို့နဲ့ စစ်ကောင်စီတစ်ဘက်တည်းကိုပဲ ထောက်ခံနေတဲ့ တရုတ်အစိုးရရဲ့ ချိန်ခွင်လျှာကို ထိန်းညှိနိုင်ဖို့ ဒီလိုထုတ်ပြန်တာလို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။
NUG ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့မွန်းလွဲပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ NUG က တရုတ်ကို မျက်နှာချိုသွေးလာပေမယ့် တရုတ်အစိုးရကတော့ သူရဲ့ အကျိုးစီးပွားကိုကြည့်ပြီး အာဏာရှိသူကိုသာ အရေးပေး ဆက်ဆံလိမ့်မယ်လို့ ပြောပါတယ်။
"သူ့ (NUG)ရဲ့ ဘက်ဂရောင်း နောက်ခံတွေကို အသာဖယ်ထားပြီး တရုတ်ဘက်ကို စပြီးချဉ်းကပ်လာတဲ့ သဘောပေါ့နော်။ တရုတ်ကို သူက မျက်နှာလုပ်လာတာပေါ့။ တကယ့်တကယ်က မျက်နှာလုပ်ပေမယ့် တရုတ်ကြီးကတော့ ဒါကို သူက လက်ခံမှာ မဟုတ်ဘူး။ သူက အကျိုးစီးပွားမူဝါဒလေ။ လက်ရှိ ဘယ်သူ အာဏာရှိသလဲ၊ ရှိတဲ့သူနဲ့ပဲ သူပေါင်းမှာပေါ့နော်။ သဘောကတော့ NUG က သူ့အခြေအနေ သူသိလာလို့ တရုတ်ကို ဖားသထက် ဖားရတဲ့ အနေအထားဖြစ်သွားတာပေါ့နော်"
NUG ရဲ့ တရုတ်နိုင်ငံအပေါ်ထားရှိတဲ့ သဘောထားနဲ့ပတ်သက်လို့ ရန်ကုန်ရှိ တရုတ်နဲ့ အမေရိကန် သံရုံးတွေကို အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
ဒီဇင်ဘာ ၁၉ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကူညီနေကြောင်းနဲ့ မြန်မာနိုင်ငံတွင်းမှာ တိုက်ပွဲတွေ လျော့ပါးရေးကို မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
NUG ဟာ တရုတ်နဲ့ ပတ်သက်ပြီး တောင့်တင်းခိုင်မာတဲ့ မူဝါဒနဲ့ တုံ့ပြန်တာမျိုး မဟုတ်ဘဲ တရုတ်အလိုကျ အချက်တွေနဲ့ပဲ သဘောထားထုတ်ပြန်တဲ့အပေါ် အားမလို၊ အားမရ ဖြစ်မိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"အမေရိကန်က One China policy ကို ဒီနေ့အထိ မဖျက်သေးပါဘူး။ ဒါပေမဲ့ သူက ဩဇာအာဏာ တိုးချဲ့လာတဲ့ တရုတ်ကို ဆန့်ကျင်ဖို့အတွက် လိုအပ်တဲ့ တန်ပြန် သံတမန်ရေးနဲ့ စစ်ရေးဆောင်ရွက်မှုတွေ လုပ်လာတာပေါ့ဗျာ။ အဲဒီလိုပဲလေ၊ ကျွန်တော်တို့လည်း အဲဒီမူဝါဒကို အရင်ကတည်းက လက်ခံထားချက်အရ ဒီနေ့ကာလမှာ အခြေခံ အားဖြင့် အဲဒီမူကို မစွန့်လွှတ်ပေမယ့် အဲဒီမူအပေါ်မှာ ကျွန်တော်တို့မှာ ရှိနေတဲ့ စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာပေါ် မှာ မူတည်ပြီး တရုတ်နဲ့ ဆက်ဆံရေးမှာ ပြန်ပြီးတော့ ဝေဖန်တာ၊ သုံးသပ်တာ၊ သတိပေးတာ စသည်အားဖြင့် ကိုယ့်ဘက်က လုပ်ရမယ့်အလုပ်တွေ မလုပ်တဲ့အတွက် ကျွန်တော်ကတော့ အဲဒီကြေညာချက်ကို အားမရဘူးလို့ ပြောတာပါ။ သဘောမကျဘူးပေါ့ဗျာ"
ဒီထုတ်ပြန်ချက်ဟာ NUG အစိုးရရဲ့ သဘောထားတစ်ခုတည်း ဖြစ်နေတာ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) လိုမျိုး ပိုကျယ်ပြန့်တဲ့ အဖွဲ့အစည်းရဲ့ သဘောထားမဟုတ်တာအပြင်၊ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားတွေကိုလည်း ထင်ဟပ်မှု မရှိဘူးလို့ ဦးသိန်းစိုးနိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ သုံးနှစ်နီးပါး ရှိလာတဲ့အထိ စစ်ကောင်စီနဲ့ NUG နှစ်ဘက်စလုံးက နိုင်ငံတကာမှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးကို ကြိုးပမ်းနေရဆဲပဲလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။ (NUG) ဟာ လက်ရှိမှာ ဗြိတိန်၊ ဩစတြေးလျ၊ ပြင်သစ်၊ နော်ဝေး၊ ချက်သမ္မတနိုင်ငံနဲ့ အာရှဘက်က တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ခွင့်ရထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကြောင့် တရုတ်နဲ့ ရုရှားကိုသာ အဓိက အားထားပြီး ဆက်ဆံနေရတယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။
(မှတ်ချက်။ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၏ ပြောကြားချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)