ဒုက္ခသည် ပြန်လည်လက်ခံရေး စတင်ပေမယ့် ပြန်လာသူမရှိ


2019.08.22
taungpyoletway-gate-622.jpg နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေကို လက်ခံမယ့် တောင်ပြိုလက်ဝဲနယ်စပ်ဂိတ်ကို တွေ့ရစဉ်
Photo: Min Thein Aung

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဒုက္ခသည်တွေထဲက လူဦးရေ ၃၄၅၀ ကျော်ကို ဒီနေ့ စတင်လက်ခံဖို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှအစိုးရကို ပြောဆိုထားတာပါ။

တောင်ပြိုလက်ခံရေးစခန်းကနေ ဝင်ရောက်မယ်လို့ ဘင်္ဂလားဒေ့ရ်ှဘက်က ပြောဆိုထားတဲ့အတွက် မြန်မာအစိုးရ ဘက်က အဲဒီစခန်းမှာ ဒီနေ့အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြတာပါ။

ဒါပေမဲ့ တစ်ယောက်မှ ဝင်လာတာမရှိဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က RFA ကို ပြောပါတယ်။

“ပြင်ဆင်ထားတာတွေက အရင်အတိုင်းပါပဲ။ နဂိုလုပ်နေကျအတိုင်းပဲ ဝင်ဖို့ပြင်ဆင်ထားတာ။ ပြီးတော့မှ တစ်ယောက်မှရောက်မလာဘူး။ အခုအချိန်ထိတော့ ဘာမှဆက်သွယ်မလာဘူးလေ။ နှစ်နိုင်ငံသဘောတူ ညီချက်အတိုင်းပေါ့ ရုံးချိန်အတွင်းမှာပဲ ကျွန်တော်တို့က လက်ခံပေးရမှာလေ။ လက်ခံရေးစခန်းတွေမှာ သူ့တာဝန်နဲ့သူချထားပေးပြီးသား”

ဒီနေ့ပြန်ဝင်လာတာမရှိပေမယ့် တာဝန်ကျဝန်ထမ်းတွေကတော့ လက်ခံရေးစခန်းမှာ ဆက်ပြီး အဆင်သင့် ရှိနေကြဦးမယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေထဲက လူဦးရေ ၂၂၀၀၀ ရဲ့စာရင်းကို ဘင်္ဂလားဒေ့ရ်ှဘက်က မြန်မာအစိုးရကိုတင်ပြခဲ့ပြီးနောက် အဲဒီအထဲက လူဦးရေ ၃၄၅၀ ကျော်ကို လက်ခံဖို့ မြန်မာအစိုးရက သဘောတူခဲ့တာပါ။

ဒါပေမဲ့ မြန်မာအစိုးရဘက်က သဘောတူထားတဲ့ လူဦးရေ ၃၄၅၀ ကျော်နဲ့ပတ်သက်လို့ ဘယ်နေ့မှာလာမယ် ဆိုတာကို ဘင်္ဂလားဒေ့ရ်ှဘက်က ထပ်မံပြီးအတည်ပြုပေးပို့လာတာရှိသလားလို့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို RFA ကမေးမြန်းရာမှာ ဒီကိစ္စဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကသာ သိနိုင်မှာဖြစ်တယ်လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

မြန်မာအစိုးရက လက်ခံဖို့သဘောတူထားတဲ့ လူပေါင်း ၃၄၅၀ ကျော်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ပြန်လိုတဲ့ဆန္ဒ ရှိ၊ မရှိကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံတာဝန်ရှိသူတွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံမေးမြန်းခဲ့တယ်လို့သိရပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် ဆန္ဒပြုသူတစ်ဦးမှမရှိဘူးလို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ သင်္ခါလီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးခင်မောင်က ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအမည်နဲ့ နိုင်ငံသားရရှိရေး၊ သူတို့နေထိုင်ခဲ့တဲ့ကျေးရွာကိုပြန်ပြီး သူတို့ရဲ့မူလပိုင်ဆိုင်မှုတွေ ကို ပြန်လည်ရရှိရေး၊ လုံခြုံမှုရှိရေး စတာတွေကို အဓိကတောင်းဆိုနေကြတာဖြစ်ပြီး ဒီအချက်တွေနဲ့ ပတ်သက်လို့ အာမခံချက်မရှိတာကြောင့် ပြန်လာဖို့ ငြင်းဆိုနေကြတာလို့ဆိုပါတယ်။

မြန်မာအစိုးရက နိုင်ငံသားဖြစ်ဖို့ ဆက်လက်လျှောက်ထားရဦးမယ့် အထောက်အထားတစ်ခုဖြစ်တဲ့ NVC ကတ်ကို ထုတ်ပေးမယ်လို့ ပြောဆိုထားပါတယ်။

သင်္ခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးခင်မောင်က ဒုက္ခသည်တွေရဲ့တောင်းဆိုချက် မရမချင်း နေရပ်ပြန်မှာ မဟုတ်ဘူးလို့ပြောပါတယ်။

“ကျွန်တော်တို့အတွက် အဲဒီဒေသက လုံခြုံမှုမရှိဘူး။ ယုံကြည်စိတ်ချလို့မရဘူး။ နောက်ပြီး ကျွန်တော်တို့တောင်း ဆိုနေတဲ့ တောင်းဆိုချက်တွေ မရမချင်း ကျွန်တော်တို့ပြန်နိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့ လူတွေကပြောပါတယ်။ အဲဒါကြောင့် အခုပြန်လည်လက်ခံရေးကိစ္စက အဆင်ပြေမယ်လို့ ကျွန်တော်မထင်ဘူး။ လူတွေတောင်းဆိုနေတဲ့ တောင်းဆိုချက်တွေ မရမချင်းပြန်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ကိုယ်တိုင်သိပါတယ်။ အဲဒါကြောင့်မို့လို့ အခြေအနေက လောလောဆယ်တည်ငြိမ်နေတယ်။ လူတွေက ပြန်နိုင်ဖို့အတွက် စဉ်းစားထားတာမရှိဘူး။ နိုင်ငံသားမရမချင်း ဒီလူတွေပြန်မယ်ဆိုတာ မဖြစ်နိုင်ဘူး”

ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက ၂၀၁၈ ခုနှစ် ဇန်နဝါနဲ့ နိုဝင်ဘာလတွေမှာ နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ကြိမ်စလုံးမှာ ပြန်ဝင်ရောက် လာတာ မရှိခဲ့ပါဘူး။

အခုအကြိမ်ဟာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ တတိယအကြိမ် ကြိုးပမ်းမှုတစ်ခုလည်းဖြစ်ပါတယ်။

ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေတာရှိပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါမှာ သူတို့သဘောဆန္ဒနဲ့အညီ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာနဲ့ ပြန်ခွင့်မရမခြင်း နှစ်ဖက်အစိုးရတို့ရဲ့ ဒုက္ခသည်လွှဲပြောင်းပေးရေး အစီအစဉ်ကို ရပ်ဆိုင်းထားသင့်တယ်လို့ HRW လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က မနေ့က ပြောထားပါတယ်။ ဒါ့အပြင် Fortify Rights အဖွဲ့ကလည်း နေရပ်ပြန်ရေး အစီအစဉ်ကို ရပ်ဆိုင်းထားသင့်တယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။

Fortify Rights အဖွဲ့ဝင် Nicky Diamond က ဒုက္ခသည်တွေပြန်လာမယ့်ကိစ္စဟာ မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရ်ှ အစိုးရ နှစ်ခုတည်းနဲ့ ဖြေရှင်းလို့ရနိုင်မှာ မဟုတ်ဘဲ ဒီကိစ္စအပေါ် စိတ်ဝင်စားတဲ့ အခြားနိုင်ငံတွေက ပူးပေါင်း လုပ်ဆောင်ဖို့လိုကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Nicky Diamond ကပြောပါတယ်။

“ရိုဟင်ဂျာတွေဘက်က စဉ်းစားကြည့်မယ်ဆိုရင် သူတို့ ဒီမြန်မာပြည်ထဲကို ပြန်လာမယ်ပဲထားပါဦး၊ အစိုးရက သွားခေါ်လို့ ပြန်လာပြီထားပါဦး၊ စစ်တပ်က သူတို့လုပ်ချင်တာ ထပ်လုပ်မယ်ဆိုလို့ရှိရင် သူတို့တွေပြန်လာလို့ ရှိရင်လည်း သူတို့လုံခြုံမှုက အာမခံချက်မပေးနိုင်တဲ့ အနေအထားရှိတဲ့အခါကျတော့ ဒီပြဿနာမှာ အစိုးရ ကိုယ်တိုင်လည်း ဒီပြဿနာကြီးတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ သူ့မှာလည်း အခက်အခဲရှိနိုင်တယ်။ အထူး သဖြင့် စစ်တပ်ကို ရှိနေတဲ့ချိုးဖောက်မှုတွေအတွက်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိအောင် မြန်မာအစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီးတော့လုပ်ဆောင်မှသာလျှင် ဒီအခြေအနေက တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ခုကိုဖြစ်ပေါ်မယ်လို့ ကျွန်တော်ယူဆတယ်”

ဒီကနေ့စတင်မယ့် နှစ်နိုင်ငံ ဒုက္ခသည်လွှဲပြောင်းရေး အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခသည်တွေက ဆန္ဒထုတ်ဖော်ကန့်ကွက်နေကြပါတယ်။

သူတို့တွေ မြန်မာနိုင်ငံကို ပြန်သွားရင် အရင်ကအတိုင်း အကြမ်းဖက်ခံရမှုတွေနဲ့ ဖိနှိပ်မှုတွေကို ပြန်လည် ရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေရဲ့ စိတ်ချလုံခြုံမှုအပေါ် သိသာတဲ့ဆောင်ရွက်ချက်တွေမရှိဘဲ အတင်း အကျပ်ပြန်ပို့ခဲ့ရင် သူတို့တွေဟာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ပြန်ပြီးရင်ဆိုင်ရပဲလို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအသင်းက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားပေးပြောဆိုနေပေမယ့် လက်တွေ့မှာ ဘာမှလုပ်ဆောင်တာ မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် လူဦးရေ ၇ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွ့ဲအစည်းတွေက ထုတ်ပြန်ထားပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။