ကိုရိုနာဗိုင်းရပ်စ် စစ်နိုင်မယ့် ဓာတ်ခွဲခန်း မြန်မာမှာ မရှိ


2020.02.03

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ တစ်လကျော်အတွင်း သေဆုံးသူ ၃၆၁ ဦးရှိလာပါပြီ၊ မြန်မာနိုင်ငံမှာလည်း သံသယရှိသူ ငါးဦးလောက်ကို စစ်ဆေးခဲ့ပါတယ်။ ဒီကူးစက်မြန်ရောဂါကို စစ်ဆေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အသိအမှတ်ပြု ဇီဝလုံခြုံမှု Biosafety Level-3 ဓာတ်ခွဲခန်းက မြန်မာနိုင်ငံမှာ မရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် သံသယရှိတယ်ဆိုပြီး မြောက်ဥက္ကလာပမြို့နယ်က ဝေဘာဂီဆေးရုံမှာ သံသယ လူနာသုံးဦးကို စောင့်ကြည့်စစ်ဆေးခဲ့ရာမှာ ရောဂါကင်းရှင်းလို့ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲဒီသုံးယောက်လုံးက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံ တက်ရောက်ခဲ့သူတွေပါ။

ဒါပေမဲ့ တစ်နေ့တည်းမှာပဲ ဝေဘာဂီဆေးရုံကို လှိုင်သာယာမြို့နယ်က သံသယရှိလူနာတစ်ဦး ထပ်မံရောက်ရှိလာပါတယ်။

ကျန်တဲ့ နေပြည်တော်နဲ့ ရခိုင်ပြည်နယ် မင်းပြားက နှစ်ယောက်ရဲ့အဖြေကိုတော့ မသိရသေးပါဘူး။

အသေးစိတ်ကို မြေပုံမှာထောက်ကြည့်ပါ။ ဖုန်းကနေ မြေပုံအ‌သေးစိတ်ကို ကြည့်ရှုရန် open in browser ကိုနှိပ်ပါ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ရည်ညွှန်းဓါတ်ခွဲခန်းလို့သာ ဖော်ပြထားပြီး ဘယ်မှာစစ်ဆေးတယ်ဆိုတာ ဖော်ပြထားခြင်းမရှိပါဘူး။

ကူးစက်မြန်ပြီး သေဆုံးနှုန်းမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ် ကြေညာထားပါတယ်။ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ စာရင်းအရ မနေ့က ညနေပိုင်းအထိ သေဆုံးသူ ၃၆၁ ဦးရှိပြီး၊ တစ်ဦးက ဖိလစ်ပိုင်နိုင်ငံထဲမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်အထိ သေဆုံးသူ ၁၃၂ ဦးရှိခဲ့ရာကနေ တစ်ပတ်အတွင်းမှာ ထပ်ပြီး လူပေါင်း ၂၂၉ ဦး သေဆုံးခဲ့တာပါ။ တစ်ရက်မှာ ပျမ်းမျှ ၃၂ ဦး ဝန်းကျင် သေဆုံးတဲ့သဘောပါ။ ဆေးကုသမှုခံယူပြီး တချို့လည်း ကောင်းမွန်လို့ ဆေးရုံက ဆင်းရတယ်လို့ တရုတ်မီဒီယာတွေမှာ ရေးသားထားပါတယ်။

ဒီလိုကူးစက်မြန်၊ သေဆုံးမှုမြန်တဲ့ ဗိုင်းရပ်စ်ကို မြန်မာနိုင်ငံမှာ စစ်ဆေးနိုင်တဲ့ Biosafety Level-3 အဆင့်ရှိတဲ့ ဓါတ်ခွဲခန်း မရှိပါဘူး။ ဒါကြောင့် ဇန်နဝါရီ ၃၁ ရက်နေ့မှာတွေ့တဲ့ သံသယလူနာရဲ့ နှာခေါင်းတို့ဖတ်ကို ထိုင်းကိုပို့ပြီး စစ်ဆေးတဲ့အခါမှ ဖေဖော်ဝါရီ ၃ ရက်နေ့မှ တရားဝင်ကြေညာနိုင်ခဲ့တာပါ။

ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှာ WHO အသိအမှတ်ပြုဇီဝလုံခြုံမှု BSL 2 plus ပဲရှိတယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ BSL level 3 အဆင့်ရှိတဲ့ ဓာတ်ခွဲခန်းကို ဒီနှစ်နှစ်လယ်ပိုင်းမှာ တည်ဆောက်ဖို့ကြိုးစားနေပြီး ၂၀၂၂ - ၂၃ ၀န်းကျင်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီပရော့ဂျက်အတွက် ပြင်သစ်က ချေးငွေယူရို ၂၂ သန်း ထောက်ပံ့ပေးထားတယ်လို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ရဲ့ ဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးဌေးတင် က ပြောပါတယ်။

တရုတ်နိုင်ငံတစ်ခုတည်းမှာတင် အနည်းဆုံး လူပေါင်း၇သောင်းခွဲဝန်းကျင် ကူးစက်ခံထားရနိုင်ခြေရှိတယ်လို့ ဆေးပညာရှင်တချို့က ခန့်မှန်းထားကြပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံထိ ပျံ့နှံ့ခဲ့တယ်လို့ ဥရောသမဂ္ဂ ရောဂါထိန်းချုပ်ရေးစင်တာရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူအရေအတွက် ဘယ်လောက်ထိ ရှိနိုင်မလဲဆိုတာ အခုထိမသိရသေးပါဘူး။

ရန်ကုန်မြို့က ဟိုတယ်နဲ့ ဈေးဝယ်စင်တာတချို့မှာတော့ ကိုယ်ပူချိန်တိုင်းကိရိယာတွေနဲ့ စစ်ဆေးတာမျိုး တွေ့ရပါတယ်။ လူထူထပ်တဲ့ ကားဂိတ်၊ ရထားဘူတာနဲ့ ဘတ်စ်ကားပေါ်တွေမှာ စစ်ဆေးတာမျိုးတော့ မတွေ့ရသေးပါဘူး။

တရုတ်ကို Visa On-arrival ရပ်ဆိုင်းထားပြီးတော့၊ ကိုယ်အပူချိန်ရှိသူတွေကို မသယ်ဆောင်ဖို့ လေကြောင်းလိုင်းတွေကိုလည်း ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပိုပြီးတော့ စည်းကမ်းတင်းကျပ်ထားတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သူတို့နိုင်ငံကို လာရောက်မယ့် တရုတ်နိုင်ငံသားတွေ ဖျားနာကင်းစင်ကြောင်း ဆေးထောက်ခံစာ မဖြစ်မနေ ယူဆောင်လာရမယ်လို့ ထုတ်ပြန်တာတွေ့ရပါတယ်။

ဒါ့အပြင် လူထုကြောက်လန့်အောင် သတင်းမှားဖြန့်တဲ့သူကိုလည်း ဘတ် တစ်သိန်းထိ ဒဏ်ရိုက်အရေးယူမယ်လို့ ကြေညာထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တားဆီးနိုင်ဖို့ နှာခေါင်းစည်း mask အခုရေ သန်း ၁၀၀ အထိ စက်ရုံ ဆယ်ခုကနေ ထုတ်ဝေဖို့လည်း တရားဝင်ကြေညာပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလားတူ စည်းကမ်းတင်းကျပ်ဖို့ ရှိ၊ မရှိ မသိရပါဘူး။ နိုင်ငံတော် သမ္မတရုံးက လတ်တလော ဖွဲ့စည်းပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကုသရေးကော်မတီမှာ ပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိနှစ်ဦးကို RFA က ဆက်သွယ်ပေမယ့်ဖုန်းဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။