ခင်ဦးမြို့နယ် မီးရှို့ခံ ငါးတင်းကြီးရွာက လူ ၂၀၀၀ ကျော် ထွက်ပြေးနေရ

2022.04.05
ခင်ဦးမြို့နယ် မီးရှို့ခံ ငါးတင်းကြီးရွာက လူ ၂၀၀၀ ကျော် ထွက်ပြေးနေရ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် စစ်တပ် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာရှိ နေအိမ်များကို တွေ့ရစဥ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးရွာကို စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဧပြီလ ၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး နေအိမ် ၂၅၀ လောက် မီးလောင် ပျက်စီးခဲ့သလို ရွာမှာ ရှိတဲ့ လူ နှစ်ထောင်ကျော်ဟာ ဒီနေ့အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဧပြီလ ၃ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး တစ်ရက်တည်းမှာပဲ မီးနှစ်ကြိမ် ရှို့ခဲ့ကြတဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငါးတင်းကြီး ကျေးရွာသားတစ်ဦးက ရှင်းပြပါတယ်။

“မနက် ၇ နာရီထိုးလောက် ရွာထိပ်ကနေပြီး သူတို့ သေနတ်တွေနဲ့ လက်နက်ကြီးတွေ ရော ပစ်ပြီးတော့ ဝင်လာတာပေါ့။ မနက်စာလေး ထမင်းစားတဲ့သူ စားနေကြတုန်း၊ အဲဒီကနေ ထမင်းစားရင်းက ပြေးကြ ပြေးကြ ဆိုတော့ ပြေးတယ်ပေါ့။ ပြေးတယ်ဆိုတာ လူလုံးကြီးပဲ ပြေးတာ၊ တချို့ကျတော့လည်း ပစ္စည်းလေးတွေပေါ့ စားနပ်ရိက္ခာလေးတွေ တင်ပြီး ပြေးကြတာပေါ့။ ပထမပိုင်းကို စတင်မီးရှို့တာက ဆယ်နာရီထိုးလောက်ကနေပြီး စတင်မီးရှို့လိုက်တာ၊ သူတို့ ထမင်းစား နားသွားသေးတယ်။ တစ်ခါ ညနေပိုင်း နှစ်နာရီ ထိုးလောက်ကနေ စတင် မီးပြန်ရှို့တယ်။ အဝေးကနေပဲ ကြည့်နေရတာပေါ့”

နွေရာသီမှာ တိရစ္ဆာန်စာ ရှာဖွေရတာ ခဲယဉ်းတာကြောင့် လယ်ယာသုံး ကျွဲ၊ နွားတွေ အတွက် တစ်နွေစာ သိုလှောင်ထားတဲ့ နွားစာတွေပါ မီးရှို့ခံရလို့ ကျွဲ၊ နွားအတွက် ကျွေးစရာ အစာလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

ငါးတင်းကြီးရွာအုပ်စုနယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား အခု ရက်ပိုင်းတွေမှာ မကြာခဏ တိုက်ခိုက်မှုတွေ ရှိနေတာပါ။ အဲဒီရွာကို ဘာကြောင့် မီးဝင်ရှို့တယ်ဆိုတာကို မသိရဘူးလို့လည်း ပြောကြပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီလ ၄ ရက် မနေ့ မနက်ပိုင်းမှာ ငါးတင်းကြီးရွာကနေ ပြန်ထွက် သွားပြီးနောက် ဒီနေ့မှာ ရွာသားတချို့ ရွာထဲပြန်ဝင်ကြည့်တဲ့အခါ မီးကြွင်းမီးကျန်တွေ ရှိသေးတာကြောင့် အခုထိ ငြှိမ်းသတ်နေရတယ် လို့ ဆိုပါတယ်။ မီးမလောင်ဘဲကျန်ခဲ့တဲ့ နေအိမ်တွေကလည်း သူတို့ရဲ့ အိမ်တွေက စားနပ်ရိက္ခာတချို့ကို လာရောက်သယ်နေကြ တယ်လို့ ပြောပါတယ်။ ဒါဟာ ရွာသားတချို့ ခဏတာ ရွာကိုပြန်လာကြတာဖြစ်ပြီး စစ်ကောင်စီတပ်က နောက်တစ်ကျော့ ပြန်လာမှာကို စိုးရိမ်လို့ အခုထိ ရွာထဲကို ပြန် မဝင်ရဲသေးဘဲ စိုက်ခင်း၊ ယာခင်းတွေထဲမှာ ဖြစ်သလို ပုန်းအောင်းနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်မီးရှို့ခံရလို့ ငါးတင်းကြီးရွာသူတစ်ဦးက စိတ်ထိခိုက်တဲ့အကြောင်း ရှင်းပြပါတယ်။

“မီးခိုးလုံးတွေက လိပ်တက်လာပြီး မီးတောက်တွေကိုရော မြင်နေရတာ။ သေနတ်သံ တွေကလည်း တဒိုင်းဒိုင်း၊ တအုန်းအုန်းနဲ့ ဆိုတော့ ရွာထဲ ဘယ်သူမှ မဝင်ရဲဘူးလေ။ လယ်ယာလုပ်တဲ့ပစ္စည်းတွေ၊ စပါးတွေရော နွားစာတွေရော အကုန် ဆုံးရှုံးသွားတာ။ အခြား ဝတ်စရာလည်း မရှိဘူး။ စပါးတွေ၊ ဆန်တွေပါသွားတော့ စားစရာလည်း မရှိဘူးပေါ့၊ ဆီလည်း ခပ်စရာမရှိဘူးပေါ့။ အခုလောလောဆယ်နေဖို့၊ ဆောက်ဖို့ရာ လည်း အုတ်တစ်ချပ် သဲတစ်ပွင့်မှလည်း မကျန်ရစ်ဘူး။ အနှစ်နှစ် အလလကတည်းက စုဆောင်းထားတာတွေ ဆုံးရှုံးသွားတော့ တကယ် ဝမ်းထဲမှာ ဘာမှလုပ်ချင်စိတ် ကိုင်ချင်စိတ်လည်း မရှိတော့ဘူး။ ဒီလောက်ကြီး ရက်စက်နေမှတော့ ဝမ်းထဲမှာ ဘယ်လိုမှကို မခံစားနိုင်ဘူး”

ငါးတင်းကြီးကနေ ထွက်သွားတဲ့ စစ်ကြောင်းဟာ ဧပြီလ ၄ ရက်နေ့ မနေ့က နေ့လယ် ပိုင်းမှာတော့ ခင်ဦးမြို့နယ် စိုင်ဂေါင်းရွာအနီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ကလည်း စိုင်ဂေါင်းရွာ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မှာတော့ အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ် အုန်းပင်ကုန်းရွာက နေအိမ်သုံးလုံးကို မီးထပ်ရှို့သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မီးရှို့မှုတွေကို တပ်မတော်က ကျူးလွန်တယ်ဆိုတာ တစ်ဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

"တပ်မတော် အနေနဲ့ကတော့ လုံခြုံရေးဆိုင်ရာကိစ္စတွေ ဆောက်ရွက်လျက်ရှိတယ်။ သူတို့ မီးရှို့ ထွက်ပြေး သွားတဲ့ဟာကိုပဲ ပြန်ပြီးတော့ တပ်ကပဲ လုပ်သလို သူတို့ စွပ်စွဲနေကျစကားဖြစ်တဲ့ ပျူစောထီးကပဲလုပ်သလို၊ ပျူစောထီးဆိုတဲ့ အသုံးအနှုန်းတွေ သုံးပြီး လုပ်နေတာဖြစ်တယ်။ ပျူစောထီးဆိုတာ ရှိလည်း မရှိပါဘူး။ ပြည်သူပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးစနစ်ဆိုတာတော့ရှိတယ်”

"သေနတ်သံတွေကလည်း တဒိုင်းဒိုင်း၊ တအုန်းအုန်းနဲ့ဆိုတော့ ရွာထဲ ဘယ်သူမှ မဝင်ရဲဘူးလေ"

ဖျက်ဆီးခံခဲ့ရတဲ့ သူတို့ဘဝပြန်ထူထောင်နိုင်ဖို့က လွယ်တာမဟုတ်ဘူးလို့ ငါးတင်းကြီးရွာသူ တစ်ဦးက ဆိုပါတယ်။

“အစကနေ ပြန်စရမှာ ကိုယ့်ဟာကိုယ် တောင်ယာလေး လုပ်ကိုင်ပြီးတော့၊ ကိုယ့်မှာ လယ်မြေလေးက ရှိသေးတော့ အဲဒီလိုကနေ ပြန်စရမှာ။ ကိုယ့်ဟာကိုယ် စားနိုင်၊ သောက်နိုင်အောင်၊ နေနိုင်အောင် လုပ်ပြီးမှ တဖြည်းဖြည်း အိမ်ကုတ်၊ တဲကုတ်လေး ကနေစရမှာ ချက်ချင်းလက်ငင်းကြီးကတော့ ဘယ်လိုမှကို မဖြစ်နိုင်သေးဘူး။ နှစ်ကို သုံးလေးဆယ်ယူပြီးမှ ဒီလိုအခြေအနေဖြစ်ဖို့ရာ အဲဒီလောက်ကို အချိန်ယူရမှာ”

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့ကို စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်ခဲ့ပြီးနောက် မတ်လ ၅ ရက်နေ့ကစလို့ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့ပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ မတ်လ တစ်လတည်းမှာတင် ဒါန်းကုန်းရွာမှာ နေအိမ် ၄၃ လုံး၊ မှန်တောရွာမှာ ၃၈ လုံး၊ ကျွန်းလည်ရွာမှာ ၂ လုံး၊ သက်ပေးရွာမှာ ၁၃ လုံး၊ တမုတ်ရွာမှာ ၁ဝ၃ လုံး၊ ကုလားလူးရွာမှာ ၁၁၈ လုံးနဲ့ ရှားလွင်ရွာ မှာ အလုံး ၁၃ဝ တစ်လတွင်း စုစုပေါင်း ၄၄၇ လုံး မီးရှို့ခံခဲ့ရပါတယ်။

အခု ငါးတင်းကြီးရွာမှာလည်း နေအိမ် ၂၅၀ လောက်နဲ့ အုန်းပင်ကုန်းရွာမှာ နေအိမ် ၃ လုံး မီးထပ်ရှို့ခံရတာကြောင့် ခင်ဦးမြို့နယ်ထဲမှာ နေအိမ်ပေါင်း ၇၀၀ လောက်ထိ မီးရှို့ခံထား ရပါပြီ။ 

၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မီးရှို့ခံရသည့် ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကို တွေ့ရစဥ် (Photo: CJ)
၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မီးရှို့ခံရသည့် ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကို တွေ့ရစဥ် (Photo: CJ)

အာဏာမသိမ်းခင်ကလည်း ရခိုင်ဒေသအပါအဝင် တိုင်းရင်းသားဒေသတွေမှာ ရွာတွေကို အပြောင်ရှင်းစနစ်နဲ့ မီးရှို့တာတွေရှိခဲ့ပြီး အခုခါ ဒီစနစ်ကို ထပ်ကျင့်သုံးတာက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်လာပြီလို့ စစ်ကိုင်းတိုင်းထဲက အမည်မဖော်လိုတဲ့ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပါတယ်။

“ဒီဟာက လုပ်ရိုးလုပ်စဉ်ဖြစ်သွားပါပြီ။ သေချာပါပြီ။ ဒါက ငြင်းလို့မရတော့ဘူး။ ရခိုင် အရေးအခင်းမှာရော တခြားသော ဒေသမှာရော၊ ကချင်ဒေသ၊ ချင်းဒေသမှာလည်း ဒီအတိုင်းဆောင်ရွက်ခဲ့တာ သေချာတာဖြစ်တဲ့ အတွက် သူတို့အတွက်ကတော့ အပြောင် ရှင်းစနစ်နဲ့ စစ်အာဏာရှင်စနစ် တည်မြဲဖို့အတွက် တကယ့်ကို ဘီလူး၊ သဘက်လို ကျင့်ကြံတာကတော့ သူတို့ရဲ့ ဓလေ့လို ဖြစ်သွားပါပြီ”

စစ်ကောင်စီရဲ့ ဖျက်ဆီးမှုတွေကို စောင့်ကြည့်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ စာရင်း အရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့လို့ ပျက်စီး သွားတဲ့ နေအိမ် ၇၉၇၃ လုံးရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၄၉၅၄ လုံးနဲ့ အိမ်အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။