လူသားချင်းစာနာမှုအကူအညီ ဘယ်လိုပေးမှာလဲ
2022.05.31
မြန်မာနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တစ်သန်းကျော်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ လုံခြုံမှုကင်းမဲ့တဲ့အခြေအနေတွေကြောင့် မိမိတို့နေရပ်ဒေသတွေကို စွန့်ခွာထွက်ပြေးနေရသူ ဦးရေဟာ ခုနစ်သိန်းနီးပါးရှိတယ်လို့ မေလ ၃၁ ရက်နေ့ မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဒုက္ခသည်အများစုဟာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေကို လေကြောင်းအပါအဝင် တိုက်ခိုက်ပစ်ခတ်၊ မီးရှို့ဖျက်ဆီးမှုတွေ၊ ဖမ်းဆီးသတ်ဖြတ်ညှဉ်းပန်းမှုတွေကြောင့် နေ့စဉ်လိုလို ပြည်သူတွေ ထွက်ပြေးပုန်းအောင်းနေရစဉ်မှာ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးမယ့် အကူအညီတွေကို အဲဒီစစ်ပြေးဒုက္ခသည်တွေထံ အမှန်တကယ် ရောက်ရှိအောင် ဘယ်လိုပေးပို့မှာလဲဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ ပူးတွဲထုတ်ပြန်တဲ့ မေလ ၃ဝ ရက်နေ့ ကြေညာချက်မှာတော့ လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီက တစ်ဆင့်ပေးမယ်ဆိုတဲ့ အာဆီယံရဲ့အစီအစဉ်ကို လက်မခံနိုင်ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ CNF၊ KIA၊ KNPP၊ KNU၊ NUG စတဲ့ အဓိက အင်အားကြီးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ချေမှုန်းမှုကြောင့် ထွက်ပြေးပုန်းရှောင်နေရသူတွေကို စစ်ကောင်စီကတစ်ဆင့် အကူအညီပေးရေးဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ KNU ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောပါတယ်။
"ဒုက္ခရောက်တဲ့ လူထုအများဆုံးက ကျနော်တို့နယ်မြေထဲမှာလေ။ အဓိကကျတဲ့ ဒီပါဝင်ပတ်သက်သူတွေအားလုံးက ပါဝင်ပြီးတော့ အဲ့ဆွေးနွေးပွဲထဲမှာ ကျနော်တို့ ဆွေးနွေးထိုင်ဆွေးနွေးရမှာ။ အဲ့ဒီပြဿနာတွေ ကျနော်တို့ ဖြေရှင်းဖို့ဆိုရင်တော့ ဒီဟာတွေ အရေးကြီးပါတယ်နော်။ စကစချည်းပဲ တစ်ဖက်သတ်သွားမယ်ဆိုရင်တော့ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူး။ သူကလည် နိုင်ငံရေးအရ အမြတ်ထုတ်မယ်နော် တစ်ဖက်ကနေပြီးတော့။ ကျနော်တို့က ကိုယ့်နယ်မြေထဲလာရကောင်းလားဆိုပြီးတော့ လိုက်ပြီးတော့ ဟန့်တားမယ်ဆိုရင်လည်း ကိုယ့်ကို နိုင်ငံရေးအရလည်း နာမည်ပျက်အောင် လုပ်ဦးမယ်။ အဲ့ဒါကို ကျနော်တို့ကြိုမြင်တယ်လေ။ အဲ့ဒါကြောင့်မို့ ဖြစ်စေချင်တာကတော့ အဲ့ဒီပုံစံပြန်လည်စဉ်းစားပြီးတော့ ကျနော်တို့ပုံစံအသစ်နဲ့ ပြန်ပြီးတော့ ဆွဲဖို့ဆိုရင် အဲ့ဒီမှာ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးပါမယ်။ နောက်ပြီးတော့ UN Special Envoy လည်း ပါဖို့သင့်တယ်။ အဲ့ဒီလူတွေ မပါလို့မရဘူး အာဆီယံလည်း မပါလို့မရဘူး။ ပါမယ် သက်ဆိုင်သူအားလုံး ဖယ်ထားတဲ့နည်းကတော့ မကောင်းဘူးလေ။ အထူးသဖြင့်ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေရော NUG ရော ပါရမယ်လေ"
ဒီအတောအတွင်း ရန်ကုန်မြို့မှာ မေလ ၂၆ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်( CNPFD) လိုအမည်ပေးထားတဲ့ အဖွဲ့တစ်ခုရဲ့ အစည်းအဝေးကနေ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အခက်ကြုံနေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီအရပ်ဘက်အဖွဲ့အစည်းကွန်ရက် CNPFD အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက အဲဒီနေ့ကအစည်းအဝေးကို PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့အစည်းအဝေးကို PPST ကိုယ်စားလှယ်အဖြစ်နဲ့ လာတက်တာကတော့ ABSDF က ဒုဥက္ကဋ္ဌ ကိုမျိုးဝင်းပါတယ်။ KNU PC က အတွင်းရေးမှူး စောကျော်ညွန့် ပါတယ်။ PNLO က နာယကကြီး ခွန်ဥက္ကာပါတယ်။ ALP ဒုဥက္ကဋ္ဌ စောမြရာဇာလင်းပါတယ်။ အဓိကတော့ PPST အနေနဲ့ ရရှိလာမယ့်အကူအညီတွေကို ကျနော်တို့ network ကြီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားကြတယ်။ ဂျပန်နီပွန်ဖောင်ဒေးရှင်းတို့ ဘာတို့ကလည်း လာဖို့ အစီအစဉ်တွေရှိတယ်။”
KIA ၊ KNU၊ KNPP၊ CNF စတဲ့ လက်ရှိ တခြား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း သူတို့ ဆက်သွယ်နေတယ်လို့ ဦးတင်ဦးကပြောပါတယ်။ သူတို့အဖွဲ့ရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ဆက်သွယ်လုပ်ကိုင်နေတာလား NUG နဲ့ရော မဆက်သွယ်ဘူးလားလို့ RFA ကမေးမြန်းရာမှာတော့-
“ကျနော်တို့ အခုလောလောဆယ်တော့ ကျနော်တို့ လိုအပ်ချက်အရရော မူအရရော ကျနော်တို့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရရော NUG နဲ့ရော စကစနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေကို ချမှတ်ထားခြင်းလည်း မရှိသေးပါဘူးခင်ဗျ။ နောင်တစ်ချိန်မှာ လိုအပ်လာခဲ့တယ်ဆိုရင်တော့ ကျနော်တို့အဖွဲ့အစည်းရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့အညီ လုပ်ဆောင်သွားမယ်ဆို ရှိချင်ရှိလာနိုင်တယ်”
တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက် ခေါင်းဆောင် ဦးဇော်ရမ်းကတော့ အဲဒီလို အဖွဲ့အစည်းမျိုးဟာ စစ်ကောင်စီရဲ့ အသုံးချခံဖြစ်သွားမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
“စစ်အစိုးရအနေနဲ့ ဒီအကူအညီတွေကို လက်ဝါးကြီးအုပ်ဖို့အတွက် ဟိုဘက်ကနေပြီး အားလုံး ပါဝင်ရမယ် ဆိုပြီး ဒီ CSO တွေကို ထိုးချမယ်။ နိုင်ငံတကာက ဧည့်သည်တွေ လာမယ်။ ဝန်ကြီးချုပ်တွေ လာမယ်။ အကူအညီပေးရေး လာမယ်။ ကုလသမဂ္ဂ က လာမယ်။ ဒါတွေက ဒါတွေက CSO ဆိုပြီး သူတို့က ပွဲထုတ်မှာပဲ။ ဒါတွေက အစိုးရနဲ့ မပတ်သက်ပါဘူး NGO တွေ ဖြစ်ပါတယ် သူတို့ ပြောမှာ။ ဘာကြောင့် ဒီလိုပြောရလဲဆို ကျနော်တို့မှာ သမိုင်းကြောင်းရှိတယ်။ နာဂစ်မှာ ဗမာပြည်ကို အကူအညီတွေ ပေးတော့မယ်ဆိုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းလို အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းလို၊ မိခင်နဲ့ခလေး စောင့်ရှောက်ရေး ဒီအသင်းအဖွဲ့ရဲ့ခေါင်းဆောင်တွေ ဆိုရင်လည်း စစ်အုပ်စုရဲ့ နအဖနဲ့ဇနီးတွေ သားသမီးတွေပါပဲ။ ရှိသမျှအကူအညီတွေ အားလုံးကို သူတို့ကနေ ဝေတဲ့အတွက် လူတွေလက်ထဲမရောက်ဘူး။ ဒါကသေချာတယ်။ ဒီကြားထဲမှာ သူတို့က နိုင်ငံရေးအမြတ်ထုတ်တာက အကူအညီအားလုံးကို နာဂစ်ဒေသသွားလှူတော့ သူတို့ တပ်မတော်တံဆိပ်တွေ တပ်မတော်က နာမည်တွေတပ်ပြီး ဟိုဘက်လှူတယ် ဒါပြဿနာတွေ တက်ခဲ့ဖူးတယ်။”
NUG နဲ့တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာတော့ အာဆီယံအနေနဲ့ လူသားချင်းစာနာမှုအကူ့အညီတွေ ပေးအပ်မယ့်အစီအစဉ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထည့်သွင်းပြီး စစ်ကောင်စီအနေနဲ့ ဝင်ရောက်စွက်ဖက်မှု မရှိအောင် ပြန်လည်ရေးဆွဲရန် တိုက်တွန်းထားပါတယ်။