တနိုင်ငံလုံးအနှံ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလား

ဝေယံမိုးမြင့်
2020.06.30

အရင်ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် မကျင်းပနိုင်ခဲ့တဲ့ ၀ ဒေသနဲ့ လက်ရှိ တိုက်ပွဲတွေကြောင့် နယ်မြေမတည် မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၃၃၀ မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန် ၂၉ ရက် မနေ့ညက ကြေညာလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ တနိုင်ငံလုံးအတိုင်းအတာမှာ မဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ပြီလားဆိုတာ မသေချာသေးတဲ့ အခြေအနေ ရှိတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေတွေထဲမှာ အရင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ ရှမ်းပြည်နယ် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေဖြစ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်တွေ ပါဝင်လာတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းဟာ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေဒေသ အာဏာပိုင်တွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သွားရောက်တွေ့ ဆုံခဲ့ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းခဲ့တာမျိုးရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝ အဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကိုလည်း ရွေးကောက်ပွဲမဲဆန္ဒနယ်တွေအဖြစ် ကြေညာ ထားပါတယ်။ ဒီလိုမဲဆန္ဒနယ်တွေမှာ လုံခြုံစိတ်ချစွာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိကို အစိုးရအဖွဲ့၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေ တောင်းခံထားပြီးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန် ၂၇ရက်နေ့က ရန်ကုန်မြို့မှာ ပြောခဲ့ပါတယ်။

နယ်မြေတည်ငြိမ်အေးချမ်းမှုရှိ မရှိ မေးမြန်းထားပြီး အဆင်ပြေရင် ရွေးကောက်ပွဲကို အရန်သင့်ကျင်းပနိုင်ဖို့ ကြိုးစားနေတာလို့ ဦးမြင့်နိုင်က ပြောခဲ့တာပါ။

"အားလုံးကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်။ သက်ဆိုင်ရာ ကာကွယ်ရေးဦးစီးဌာနတွေကိုလည်း မေးမြန်းထား ပါတယ်။ အဲနေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လွတ်လပ်လုံခြုံလားလို့မေးထားပါတယ် ရှိတယ်ဆိုရင် အဲမှာ အရန်သင့်ကျင်းပနိုင်ဖို့ စီစဉ်ထားပါတယ်။"

မိုင်းလားဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်လို့တော့ ကြိုတင်ညှိနှိုင်းခြင်းမရှိခဲ့ဘူးလို့ NDAA မိုင်းလားအဖွဲ့က ဦးစိုင်းမောက်က RFA ကိုပြောပါတယ်။

"လူကြီးတွေက ဆွေးနွေးပြီး ဆုံးဖြတ်ပါလိမ့်မယ်၊ ကျွန်တော်တို့ဆီမှာတော့ ဘာမှကြိုတင်ညှိနှိုင်းဆွေးနွေး ထားတာမရှိပါဘူး။"

အခုလိုမဲဆန္ဒနယ်အားလုံး ကြေညာတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းအရဖြစ်ပြီး ရွေးကောက် ပွဲကျင်းပဖြစ် မဖြစ်ကတော့ နောက်ပိုင်းမှာ ပြန်လည်ကြေညာရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်တဲ့အဖွဲ့ဖြစ်တဲ့ ပွင့်လင်းရှေ့ဆောင်က အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

"လုပ်ထုံးလုပ်နည်းအရ အဲလိုပဲကြေညာရတယ်၊ ကြေညာပြီးနောက်မှ တကယ်ကျင်းပမယ့်ကာလနဲ့ နီးလာ တဲ့အချိန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရတဲ့အခါ အဲနေရာတွေက စစ်ဘေးကြောင့် သဘာဝဘေးကြောင့် ရွေးကောက်ပွဲ မဲဆွယ်ဖို့ အခက်အခဲဖြစ်မယ် ကျင်းပဖို့လည်း အခက်ခဲဖြစ်လာမယ်ဆိုရင် အဲအချိန်ကျမှ ထပ်ကြေညာရတာပေါ့။"

အန်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်က တချို့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ မထင်ကြောင်း သုံးသပ်ပါတယ်။

"ယေဘုယျ ကြေညာထားတာလို့ထင်တယ်၊ လုံခြုံရေးအရ စိတ်မချရတဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ မလွယ်ဘူး၊ ၂၀၁၅ တုန်းကဖြစ်ဖူးတယ် ကြေညာထားပြီးမှ တချို့နေရာတွေ ကျင်းပလို့မရဘူး ပြန်ကြေညာ ရတာရှိတယ်၊ အခုအခြေအနေဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် ဒီဘက်ပိုင်းဆို တော်တော် အခြေအနေဆိုးတယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က တချို့နေရာတွေ ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့် မဖြစ်ဘူးဆိုပြီး ပြန်ရုပ်သိမ်းနိုင်တယ်။"

အခုကာလဟာ နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအားလုံး ကြိုတင်ပြင်ဆင်နေ ကြချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်လို တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေထဲမှာ ထည့်သွင်းကြေညာခံရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုလည်း ရခိုင်နိုင်ငံရေးပါတီတွေမှာ ရှိနေတာပါ။

ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အားလုံးကို အခုချိန်မှာ ကော်မရှင်က ထည့်သွင်းကြေညာထားပေမယ့် ရွေးကောက်ပွဲ ကာလနီးကပ်လာချိန်မှာ ငြိမ်းချမ်းမှုမရှိရင် ပျက်ပြယ်သွားနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားရတဲ့ ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဆုံးရှုံးမှု ကြီးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

"ပါတီတိုင်းကတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ကြမှာပဲ၊ ပါတီတစ်ခုသည် အနည်းဆုံး သုံးနေရာဝင်ရမယ်။ အဲဒီအတွက်ကြောင့် အခုကတည်းက ငွေရေးကြေးရေးရော အစစအရာရာ အကုန်လုံးပြင်ဆင်ရပြီ၊ လုံခြုံမှု မပေးနိုင်လို့ ရွေးကောက်ပွဲ မရှိတော့ဘူးဆိုရင် အခက်အခဲတွေ အများကြီးရှိသွားမှာပဲ။ အဲဒါကို ကိုယ်စားလှယ် လောင်းတွေ စောဒကတက်လို့မရဘူး၊ ဒါသည် သူတို့အပေါ် အရမ်းမူတည်ပါတယ်။"

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ပြောသွားတာပါ။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့၊ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ဖို့အတွက် သက်ဆိုင်ရာဒေသတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တပ်မတော်နဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း က ထောက်ပြပါတယ်။

"မဲဆန္ဒပေးနိုင်သူတွေရှိတဲ့နေရာတိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်အောင် ကြိုးစားဖို့လိုတယ်၊ အဲဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် လက်နက်ကိုင်အင်အားစုတွေရော တပ်ရော အစိုးရရော ပူးပေါင်းဆောင်ရွက်မှ လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။"

ကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ မဲဆန္ဒနယ်မြေတွေထဲမှာ အရင်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့နယ်မြေတွေ ပါလာလို့ ထူးခြားမှုလို့ ပြောရမှာဖြစ်သလို မဲဆန္ဒနယ်အပြောင်းအလဲတချို့ ရှိနေတာလည်း တွေ့ရပါတယ်။

ရန်ကုန်တိုင်းအတွင်း အရင်ကရှိခဲ့တဲ့ ဆိပ်ကမ်းမဲဆန္ဒနယ်ကို ပယ်ဖျက်ထားပြီး လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် ကိုတော့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ခုခွဲထားတာ တွေ့ရပါတယ်။ ဒီအပြောင်းအလဲကိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မကျေနပ်ကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ အနိုင်ရရှိထားတဲ့ ဆိပ်ကမ်းမြို့နယ်ကို အခုလာမယ့် ရွေးကောက်ပွဲ မှာ ပယ်ဖျက်လိုက်တာဟာ မရိုးမသားလုပ်တာလို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြော ပါတယ်။

"အကြောင်းပြချက်ကတော့ အမျိုးမျိုးပေးမှာပဲ၊ ဒါပေမဲ့ ဒီနေရာက ပြည်ခိုင်ဖြိုး အားကောင်းတဲ့နေရာမို့ ဖျက်လိုက်တယ်လို့မြင်ပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့အချိန်မှာ မရိုးမသားဆောင်ရွက်တယ်လို့ မြင်ပါတယ်။"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရှုမြင်ချက်ကို အန်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် ကတော့ ငြင်းပယ်ပါတယ်။

ဆိပ်ကမ်းမြို့နယ်ဟာ ဝန်ထမ်းမိသားစုတွေနေထိုင်တာဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်သာရှိတဲ့အတွက် နီးစပ်ရာမြို့နယ်တစ်ခုမှာ ထည့်ပေါင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ကော်မရှင်က တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၆၄၄ နေရာကို ကြေညာခဲ့တာပါ။ နေပြည်တော် ကောင်စီနယ်မြေဖြစ်တဲ့ ဇေယျာသီရိ၊ ပုဗ္ပသီရိ၊ ဥတ္တရသီရိ၊ ဇမ္မူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်း မြို့နယ် ရှစ်မြို့နယ်ကတော့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်နယ်မြေတွေမှာ ပါဝင်ခြင်းမရှိပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာတဲ့ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒနယ်မြေစာရင်းဟာ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ကနဦးအနေနဲ့ ထုတ်ပြန်ကြေညာချက်သာ ဖြစ်ပြီး ရွေးကောက်ပွဲကာလ နီးကပ်လာချိန်မှာမှ နယ်မြေလုံခြုံရေးအရ၊ မတည်ငြိမ်မှုတွေအရ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေကို ထုတ်ပြန်ကြေညာတာမျိုး ရှိလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။