နမ့်ဆန်တိုက်ပွဲအတွင်း အသက်မပြည့်သူ ၁၃ ဦး အပါအဝင် ၃၄ ဦးပျောက်ဆုံးနေ
2022.12.14

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က စဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲအတွင်း ကုန်းသာ ရွာက ၁၈ နှစ်အောက်ကလေး ၁၃ ဦး အပါအဝင် အရပ်သား ၃၄ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
သူတို့နဲ့ ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ ကုန်းသာရွာဆရာတော် ဦးစန္ဒီမာက RFA ကို မိန့်ပါတယ်။
“သိသလောက်တော့ ပျောက်သွားတဲ့လူက ၃၄ ယောက်ရှိတယ်။ အခုလောလောဆယ် ပျောက်တဲ့လူက ဘယ်မှာ ရောက်လို့ရောက်နေမှန်း မသိဘူးဖြစ်နေတာ။ တောထဲမှာပဲ ရောက်မယ်လို့ ထင်နေတာ။ အခြားရွာ ရောက်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် မန်လုံးလောက်ပဲ ရောက်နိုင်မယ်။ ဒီနမ့်ဆန်မှာလည်း မတွေ့ဘူး။ မန်လုံးမှာလည်း မတွေ့ဘူး။ ဒီအချိန် အရမ်းရှုတ်နေတဲ့ အချိန်ဖြစ်နေတော့ မပွင့်လင်းသေးဘူး။ တိုက်ပွဲကလည်း မနေ့က မနက်ပိုင်းအထိ အဲဘက်အောက်ပိုင်း တစ်ကြောမှာ ဖြစ်နေသေးတယ် ”
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအသုံးပြုပြီး တိုက်ခိုက် ခဲ့တာကြောင့် ကုန်းသာရွာ ဒေသခံတွေဟာ တောတောင်တွေထဲမှာ ရက်အတန်ကြာ ပိတ်မိနေခဲ့ကြသလို တချို့ကတော့ တိုက်ပွဲနေရာတွေကို ရှောင်ပြီး ဒုက္ခသည်စခန်းကို ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၆၀ ဝန်းကျင်နဲ့ လူဦးရေ ၃၀၀ ကျော်နေထိုင်ခဲ့တဲ့ ကုန်းသာရွာမှာ တိုက်ပွဲအတွင်း လူနေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ရွာဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် အားလုံးနီးပါး လက်နက်ကျည်ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘေးလွတ်ရာကို ထွက်ပြေးခဲ့တဲ့ ကုန်းသာရွာခံ ကိုမောင်စိန်ကတော့ ဟူးမန်းရွာ အနီး စစ်ကောင်စီတပ်သားတွေနဲ့ တွေ့ပြီး စစ်မေးခံရသလို ဖုန်းကိုပါ သိမ်းသွားတယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်က ဆိုင်ကယ်နဲ့ ထွက်ပြေးတာပေါ့။ အဲမှာ ဟူးမန်းရွာနာရောက်တော့ စစ်သားတွေနဲ့ တိုးတော့ သူတို့ ကျနော့်ကို သေနတ်နဲ့ချိန်ပြီးမှ အဲအချိန် ကျနော့် ဖုန်းကလည်း လာတာပေါ့။ တခြားသူတွေ ကျနော့်ကို ဆက်သွယ်တဲ့အချိန် ဖုန်းကလာတော့ အသံကမြည်တဲ့အချိန် သူတို့ ကျနော့်ဖုန်းကို လုယူသွားတာ။ ဆိုင်ကယ်သော့ တစ်ခုရယ် ဖုန်းက vivo တစ်လုံးရယ် oppo ဖုန်းတစ်လုံးရယ် လုသွားတာ”
ကုန်းသာနဲ့ မန်လုံးရွာတွေ အနီးကို ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သား ၁၃၀ ဝန်းကျင်ကို ရဟတ်ယာဉ် ငါးစီးနဲ့ လာရောက်ချထားရာကနေ TNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။
တိုက်ပွဲကြောင့် အနီးအနား ရွာငါးရွာက ဒေသခံ ၁၇၀၀ ကျော်ထဲက နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာဘုန်းကြီး ကျောင်းမှာ ၁၀၀၀ ကျော်၊ ဟူးမန်းရွာမှာ ၄၀၀ ကျော်နဲ့ ပန်ဖတ်ရွာမှာ ၁၀၀ ကျော် ရောက်ရှိခိုလှုံနေကြတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၄ ရက် ဒီနေ့မနက်အထိ စစ်ဘေးဒုက္ခသည်တွေ ရောက်လာနေဆဲဖြစ်ပြီး မန်လုံးနဲ့ ပန်ဖတ်ရွာ ဒုက္ခသည်စခန်းတွေမှာတော့ အကူအညီတွေ မရသေးဘူးလို့ တအာင်းအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"မိုးမိတ်မြို့ပတ်ဝန်းကျင် ရေပုံးရွာ တစ်ဝိုက်မှာတော့ လေကြောင်းပစ်ခတ်မှုတွေတော့ ရှိတယ်။"
ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်တော့ပေမယ့် စစ်ကောင်စီတပ်ဘက်က မိုးမိတ်မြို့နယ် ရေပုံးရွာအနီးတစ်ဝိုက်ကို လေကြောင်းကနေ လာရောက်ပစ်ခတ်နေဆဲလို့ TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကိုပြောပါတယ်။
“ တိုက်ပွဲကတော့ ၁၂ ရက်နေ့ မနက်ကနေ ဒီနေ့အထိတော့ နှစ်ဖက်တိုက်ခိုက်မှုကတော့ ငြိမ်နေတယ်။ ဒါပေမဲ့ မနေ့က တစ်နေကုန်အထိတော့ လေယာဉ်တွေ ပျံဝဲနေတာတော့ရှိတယ်။ မိုးမိတ်မြို့ပတ်ဝန်းကျင် ရေပုံးရွာ တစ်ဝိုက်မှာတော့ လေကြောင်းပစ်ခတ်မှုတွေတော့ ရှိတယ်။ ဟူးမန်းဘက်မှာတော့ သူတို့တပ်ဖွဲ့ဝင်တွေ မရှိတော့ဘူး။ ကုန်းသာရွာက ကျနော်တို့ရင်ဆိုင် တိုက်ပွဲဖြစ်တဲ့ နေရာမှာတော့ တိုက်ပွဲတွေငြိမ်နေတယ်။ လုံး၀ ဆုတ်ခွာ သွားပြီလား ဆိုတာတော့ မသိရသေးဘူး။ တိုက်ပွဲတွေ မရှိဘူး”
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဖမ်းဆီးရမိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် တိုက်ပွဲအခြေအနေကြောင့် အတိအကျကိုတော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မိုးမိတ်၊ မန်တုံ၊ နမ့်ဆန်နဲ့ ကျောက်မဲမြို့နယ်တွေကနေ စစ်အင်အားတွေ ထပ်ဖြည့်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်း နှစ်နာရီလောက်မှာတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ထပ်မံလာ ရောက်တိုက်ခိုက်တာကြောင့် ဟူးမန်းကျေးရွာသားနှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး နှစ်ဦးကတော့ ဒဏ်ရာရခဲ့တယ်လို့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ ကုန်းသာကျေးရွာသားတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၅၀အရွယ် ကွန်နိုင်ဦးနဲ့ အသက် ၃၀အရွယ်ကွန်းကကျော်စော တို့ဖြစ်ပြီး ဦးခေါင်းနဲ့ လည်ပင်းတွေမှာ ဒဏ်ရာရသွားလို့ ဟူးမန်းရွာကို ပြန်ခေါ်လာချိန်မှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။
ဒေသအတွင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ အိုက်မောင်ကတော့ စစ်ကောင်စီတပ်ဟာ မြေပြန့်က PDF တွေကို စစ်ဆင်ရေးလုပ်တဲ့အတိုင်း TNLA ကို ထိုးစစ်ဆင်လို့ အထိနာသွားခဲ့တာလို့ သုံးသပ်ပါတယ်။
“အညာဒေသဘက်မှာ လေကြောင်းရန် ကာကွယ်ဖို့အတွက် တောင်ကုန်းတောင်တန်း တွေမရှိဘူး။ လေကြောင်းက ဗုံးကြဲဖို့အတွက် အလစ်အငိုက် ဝင်ရောက်စီးနင်းဖို့ စစ်ကောင်စီက အခွင့်အရေးသာတယ်။ တောင်ပေါ်ဒေသမှာတော့ သူတို့ ခန့်မှန်း ထားတာနဲ့ တခြားစီ ဖြစ်နေတယ်။ မြေပြန့်က PDF တွေက စစ်ရေးဖော်ဆောင်တဲ့ နေရာမှာ အကာအကွယ်က အင်မတန်နည်းပါတယ်။ ဒါက တိုက်ရည်ခိုက်ရည် နေရာမှာလည်း အများကြီးကွာသွားတယ် ”
တိုက်ပွဲဖြစ်ခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ (၅၄) ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သလို ဒီဇင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်ညပိုင်းက အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ဗုံးခြောက်လုံးနဲ့ပါ ပစ်ခဲ့တယ်လို့ အိုက်မောင်က ပြောပါတယ်။
တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံ မဖြေသေးပါဘူး။
စစ်ကောင်စီဘက်က ရွာတွေကို လေကြောင်းရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်လို့ နိုင်ငံတကာက အရေးယူပေးဖို့နဲ့ တိုင်းရင်းသား အဖွဲ့တွေအနေနဲ့လည်း စစ်အာဏာရှင် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တအာင်း နိုင်ငံရေးအတိုင်ပင်ခံ ကော်မတီက ဒီကနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။