CPI ကုမ္ပဏီကို ဟောပြောခွင့်ပြုလို့ ကွန်ရက်အဖွဲ့ကန့်ကွက်
2019.06.24
ကချင်ပြည်နယ်လွှတ်တော်အတွင်း မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ CPI ကုမ္ပဏီကို စည်းရုံးဟောပြောခွင့်ပေးခြင်းနဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်းနဲ့ ဒါဟာ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က သဘောထားကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် ငလျင်ဒဏ်စိုးရိမ်စရာမရှိကြောင်း တရုတ် CPI ကုမ္ပဏီက ပညာရှင် လေးဦးက ကချင်ပြည်နယ်လွှတ်တော်မှာ Dam & Safety ခေါင်းစဉ်နဲ့ မြစ်ဆုံစီမံကိန်း ဆက်လုပ်ဖို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ဟောပြောဆွေးနွေးခဲ့တယ်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ဇွန်လ ၂၄ ရက် ကြေညာချက်မှာဖော်ပြထားပါတယ်။
အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုပြီး ပြည်ပတရုတ်ကုမ္ပဏီကို လွှတ်တော်ကိုဖိတ်ခေါ်ပြီး စည်းရုံးခွင့်ပေးခဲ့တဲ့အပေါ် လက်မခံနိုင်တာကြောင့် ခုလိုကြေညာချက် ထုတ်ပြန်ရတာဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဦးဇော်ရမ်းက ပြောပါတယ်။
“ ပြီးခဲ့တဲ့အပတ်က ကျနော်တို့က အစိုးရကို သတင်းစကား သေသေချာချာပါးထားပါတယ်။ တောင်းဆိုချက်ထုတ်ထားပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့စာချုပ်ကို ပြည်သူကိုချပြပါလို့။ ပြည်သူတွေ ပါဝင်ကူညီခွင့်ရအောင်ပေါ့နော်။ အဲလိုစောင့်ဆိုင်းနေချိန်မှာ ခု ကချင်လွှတ်တော်မှာ ကုမ္ပဏီပညာရှင်တွေက မြစ်ဆုံစီမံကိန်း ဆက်လုပ်လို့ရပါတယ်။ ငလျင်လှှုပ်ရင် ဘာမှမဖြစ်ပါဘူး ပြောဆိုတာတွေဟာ ဒါ lobby သက်သက်လုပ်တာ။ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ သဘောထားကိုဆန့်ကျင်ပြီးတော့။ ဒီကုမ္ပဏီလုပ်ခွင့်ရတယ်ဆိုတာတော့ ကျနော်တို့ရဲ့အချုပ်အခြာအာဏာကို ထိပါးတယ်လို့ ယူဆတယ်။ ကျနော်တို့ အများကြီးစိုးရိမ်တယ်”
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကို တစ်လအတွင်း ပြည်သူ့လူထုထံ ချပြဖို့ တောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။ တောင်းဆိုတွေမှုမရရင် တစ်နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဦးဇော်ရမ်းက ပြောပါတယ်။
“ ကျနော်တို့က တိုင်းပြည်ကို ဆူဆူပူပူနည်းတွေနဲ့ မလုပ်ဘူး။ ကျနော်တို့ဆက်လုပ်သွားမှာကတော့ ပြည်သူလူထုတရပ်လုံးကို အသိပညာတွေပေးမယ်။ မြစ်ဆုံစီမံကိန်းရဲ့အားနည်းချက်တွေကို တအိမ်တက်ဆင်းလိုက်ဝေမယ်။ ဟောပြောပွဲတွေဆက်လုပ်သွားမယ်။ လွှတ်တော်ထဲကို ဆက်သွယ်မယ်။ နောက်ဆုံးမရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ က နိုင်ငံသားဥပဒေမှာပါတဲ့ ၃၅၄ က/ခ/ဂ မှာ အကုန်လုံးလမ်းပေါ်တက် ဆန္ဒပြတဲ့အထိလုပ်သွားမယ် ”
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က မြစ်ဆုံစီမံကိန်းစာချုပ်ကို တလအတွင်းပြည်သူကိုချပြဖို့ ခုလိုတောင်းဆိုတာနဲ့ပတ်သက်ပြီး လက်ရှိအာဏာရ NLD ပါတီ ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က …
“ ကျနော်တို့ ဒုတိယပါတီဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ပြောထားပါတယ်၊ သူကိုယ်တိုင်တောင် ဒီစာချုပ်မတွေ့ရသေးပါဘူး။ ကျနော်တို့က ဖြစ်နိုင်သမျှ ပြည်သူကိုချပြပါ့မယ်။ ဒါပေမယ့် အစိုးရတစ်ရပ်က ကိုယ့်လုပ်ဆောင်ချက်ထက် နောက်ဆက်တွဲကို အမြဲစဉ်းစားရပါတယ်။ နောက်ဆက်တွဲမှာ တိုင်းပြည်အတွင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားဆိုရင် ချပြမှာပါ။ ဘယ်လိုအခက်အခဲရှိလို့ ချမပြသလဲဆိုတော့ ကျနော်တို့ပြောလို့မရသေးပါဘူး။ တောင်းဆိုတာတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်သဘောထားပါ။ တောင်းဆိုနိုင်ခွင့်ရှိပါတယ်။ အရေးကြီးတာက ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုတာ ဆန္ဒထုတ်ဖော်တာလုပ်ဖို့ အရေးကြီးတယ်။ ဥပဒေ မဖောက်ဖျက်ရင်တော့ အားလုံးလက်ခံပါတယ် ”
မနေ့ကလည်း ဧရာဝတီမြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မယ့် CPI/SPIC ကုမ္ပဏီအနေနဲ့ လူထုသဘောထားတွေကို လေးစားတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းတည်ဆောက်မယ့် အစီအစဉ်ကို စွန့်လွှတ်ပေးဖို့ မြစ်ဆုံဒေသခံ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကချင်နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက မနေ့ကလည်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
မြစ်ဆုံဆည်စီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက် ၂ဝဝ၉ မတ်လ ၂၇ ရက်နေ့မှာ တရုတ်အစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီစီမံကိန်းကို မြန်မာနိုင်ငံအနှံ့အပြား ကန့်ကွက်မှုတွေ ဖြစ်လာခဲ့ပြီးနောက်မှာ ၂ဝ၁၁ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)