အဖြေမရသေးတဲ့ ဧရာဝတီမြစ်ဆုံ
2019.05.01

ရပ်ဝန်းနဲ့ပိုးလမ်းမ ညီလာခံမှာ ထည့်သွင်းမဆွေးနွေးတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို လူထုက ဆန့်ကျင်နေပြီး တရုတ်ပညာရှင်တဦးကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလို အလျှော့အတင်း လုပ်နိုင်တယ်လို့ ပြောတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။
~~~~~~~~~~
အဖြေမရသေးတဲ့ ဧရာဝတီမြစ်ဆုံ
(စမ်းစမ်းတင်)
■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ Belt and Road ရပ်ဝန်းနဲ့ပိုးလမ်းမ ညီလာခံမှာ ၂ဝ၁၁ ခုနှစ်ကတည်းက ဆိုင်းငံံ့ထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တစုံတရာ မချမှတ်ပေမဲ့ အဖြေတရပ်ကတော့ အလှမ်းမဝေးနိုင်တော့ဘူးလို့ ဟောင်ကောင်မှာ ဧပြီလ ၃ဝ ရက်က ထုတ်ဝေတဲ့ South China Morning Post မှာ ဖော်ပြလိုက်ပါတယ်။
ယူနန်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနက မြန်မာ့အရေးကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ Zhu Xianghui က သူ့အမြင်ကဏ္ဍကနေ ရေးသားလိုက်တာပါ။ ပြဿနာဖြစ်နေတဲ့ မြစ်ဆုံစီမံကိန်းအတွက် မြန်မာနဲ့တရုတ် ရွေးချယ်စရာ ရှိနိုင်မှရှိနိုင်ပေမဲ့ အရွယ်အစားလျှော့ပြီး ရှေ့ဆက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားတာပါ။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသောင်းထွန်းကိုယ်တိုင် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရဟာ အရွယ်အစားကိစ္စနဲ့ ဆည်တည်နေရာကိစ္စ ဆွေးနွေးဖို့ တရုတ်နိုင်ငံနဲ့ နီးနီးစပ်စပ် လုပ်ကိုင်ဆောင်ရွက်နေတယ်လို့လည်း ဇန်နဝါရီလတုန်းက ပြောထားတာပါ။
ဒါပေမဲ့ အဲဒီလိုပြောပြီး နောက်လေးလအကြာ ဘေကျင်းမှာကျင်းပတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းမှာ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံသဘောတူညီချက် သုံးရပ် လက်မှတ်ရေးထိုးခဲ့ပေမဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် မပါရှိပါဘူး။
ဘေကျင်းမြို့မှာ ညီလာခံကျင်းပတာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက ဆက်လက်ကူညီဖို့နဲ့ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီညီလာခံကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခင် မြစ်ဆုံရေကာတာစီမံကိန်း ဆန့်ကျင်ပွဲတွေ၊ ရေကာတာဖျက်သိမ်းရေး ဆန္ဒပြပွဲတွေ၊ မြစ်ဆုံစီမံကိန်းဆက်လုပ်ရင် ဗာတီကန်ထိ သွားအကူအညီတောင်းမယ်ဆိုတာတွေ၊ ပြည်သူတယောက် တဒေါ်လာနှုန်း ကောက်ခံပြီး စီမံကိန်းကို ပြန်ရွေးမယ်ဆိုတာတွေနဲ့ ပြည်တွင်းမှာ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေကြတာပါ။
ဒီလို လူထုဆန္ဒဖော်ထုတ်ခဲ့လို့လည်း ဒီစီမံကိန်း စတင်အကောင်အထည်ဖော်ချိန်ကတည်းက တထောင့်တနေရာက ပါဝင်ခဲ့ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအရ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်က သူ့အစိုးရသက်တမ်းမှာ ဒီစီမံကိန်းကို ၂ဝ၁၁ စက်တင်ဘာ ၃ဝ မှာ ဆိုင်းငံ့ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း တချိုးတကွေ့မှာ ရခိုင်ပြည်နယ်ပဋိပက္ခ ပေါ်ပေါက်လာတဲ့အခါ နိုင်ငံတကာမှာ မျက်နှာပန်းမလှတဲ့ မြန်မာနိုင်ငံဟာ အနောက်ကမ္ဘာနဲ့ ရွှေလမ်းငွေလမ်း မဖွင့်နိုင်တော့ဘဲ စစ်အစိုးရအဆက်ဆက် အားကိုးခဲ့ရတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာ့ဆက်ဆံရေးက တိမ်းစောင်းသွားလို့မရတဲ့ အနေအထားကို ရောက်လာပြန်တယ်လို့ သုံးသပ်ကြတာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာဖိအားအလယ်က မြန်မာနိုင်ငံ ဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ အနောက်နိုင်ငံတွေက မှတ်ချက်ပေးသလိုဆိုရင် တရုတ်နိုင်ငံဟာ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းနဲ့ ကမ္ဘာမှာ အရှိန်သြဇာလွှမ်းမိုးဖို့ အားယူနေချိန်လည်းဖြစ်နေပါတယ်။
ဧရာဝတီမြစ်ဟာ မဲခေါင်မြစ်လို ခြောက်နိုင်ငံကို ဖြတ်သန်းစီးဆင်းတာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ မြစ်ဖျားခံပြီး မြန်မာနိုင်ငံမှာပဲ မြစ်ကြောင်းဆုံးတဲ့ တနိုင်ငံတည်းကပိုင်တဲ့ မြစ်ကြီး ဖြစ်ပါတယ်။ ဒီမြစ်ဦးမြစ်ဖျားကို ပေးလိုက်ရမယ့်အပြင် ဘယ်လောက်ပဲ အာမတွေခံခံ ရေကာတာဆိုးကျိုးတွေကို မျက်စိပွင့် နားပွင့်နေတဲ့ ပြည်သူတွေက သိထားရုံမက တရုတ်နိုင်ငံကလာလုပ်တဲ့ စီမံကိန်းမှန်သမျှလိုလို နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးမရှိဘူးဆိုတဲ့ သင်ခန်းစာတွေလည်း ရှိထားတာမို့ ဆန့်ကျင်တာပဲ ဖြစ်ပါတယ်။
ဒီလိုပြည်သူတွေက ဆန့်ကျင်ပေမဲ့ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကတော့ အကောင်အထည်ဖော်သူတွေရဲ့လိုဘ ပြည့်သွားပါတယ်။ ဒါပေမဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့တော့ အလျှော့အတင်း လုပ်ရပါတယ်။ ဒါကြောင့် ဒီပုံစံမျိုးလို မြစ်ဆုံကို လုပ်နိုင်တယ်လို့ South China Morning Post ဆောင်းပါးရှင်က နှပ်ကြောင်းပေးပေမယ့် လူထုဆန္ဒကို ဘယ်ပုံဘယ်နည်းနဲ့ ဖြည့်ဆည်းနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။