ကော့နွဲ့တံတားပျက်စီးမှုကြောင့် လမ်းပြောင်းလဲသုံးနေရတဲ့ ယာဉ်မောင်းနဲ့ ခရီးသွားတွေ ခက်ခဲ

ဒီဇင်ဘာ ၁၅ ရက်နေ့ညမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာရှိတဲ့ ကော့နွဲ့တံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ကော့နွဲ့တံတားကို PDF ပူးပေါင်းတပ်ဖွဲ့တွေ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ စစ်ကောင်စီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလမ်းပိုင်း အသုံးပြုလို့မရတော့တာကြောင့် ထို့ကော်ကိုး - ဒုံးကျည်တောင် - နဘူး တောင်ပတ်လမ်းပိုင်းကနေ ဘားအံ-မော်လမြိုင်-ရန်ကုန်ဘက်ကို ခရီးသည်တင်ယာဉ်နဲ့ ခြောက်ဘီးကုန်တင်ယာဉ်တွေသာ သွားလာလို့ရတယ်လို့ မြဝတီ-ဘားအံ ခရီးသည်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
ထို့ကော်ကိုး လမ်းပိုင်းဟာ အဝေးပြေးလမ်းမကြီး မဟုတ်တာကြောင့် ၁၂ ဘီး၊ ၂၂ ဘီးနဲ့ တွဲကားတွေ သွားလာခွင့်မရတဲ့အတွက် အခက်အခဲပေါင်းစုံကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ဂိတ်ကတော့အများကြီးပဲ ဂိတ်ပေါင်းကတော့အများကြီး အဖွဲ့အစည်းဂိတ်တွေပဲ ကားပျက်တယ်ဆိုတာက တောင်တွေက အတက်အဆင်းကြမ်းတယေ၊ အတက်အဆင်းကြမ်းတော့ ကိုယ့်ကားအခြေအနေပေါ် မူတည်တာပေါ့။ ကားကောင်းရင်တော့ မပျက်ဘူး၊ ကားမကောင်းရင်တော့ ကားပျက်တာတွေရှိတယ်။ လမ်းအတက်အဆင်းမတ်လို့၊ မှောက်တာတွေက မရှိပါဘူး မောင်းတဲ့သူပေါ်ပဲ မူတည်တယ်၊ တင်တဲ့ဝိတ်နဲ့လည်း ဆိုင်တယ်လေ။ ဝိတ်အများကြီးတင်ရင်လည်း ကားတွေက မတက်ဘူးပေါ့ ကားမတက်လည်း ဆွဲမယ့်ကားရှိတယ်။ ပိုက်ဆံပေးဆွဲပေးတယ် အဲ့လိုမျိုးတွေပေါ့”
လတ်တလော သွားလို့ရတဲ့ လမ်းပိုင်းမှာ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အပြင် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲမရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေခံ တပ်ရင်းတွေက သူတို့နယ်မြေစိုးမိုးတဲ့ လမ်းပိုင်းအလိုက် ဖြတ်သန်းခ ငွေကောက်ခံနေတယ်လို့လည်း ခရီးသည်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
မြဝတီကနေ ဘားအံသွားတဲ့လမ်းတစ်လျှောက် ဂိတ်ပေါင်း ၄ဝ လောက်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ဂိတ်ကတော့ အကိုတို့ကတော့ အန်စာတုံးဆိုတော့ တစ်ထောင် နှစ်ထောင်ပေးရတဲ့ ဂိတ်လည်း ရှိတယ်။ နောက်ဂိတ်ကြီးတစ်ခုကတော့ မြဝတီကို တက်သွားရင် တစ်သောင်းခွဲလောက် ပေးရတယ်။ သူက လက်မှတ်နဲ့ ပြန်ဆင်းလာရင်တော့ လေးသောင်းလောက်ပေးရတယ် သူက လက်မှတ်ပေးတယ်ပေါ့။ အပေါ်ကဆင်းလာရင် လေးသောင်းကျော်ပေးလိုက်ရင် အဲ့အောက်ဂိတ်ကို ပြန်လာအပ်ရတယ် အဲ့လက်မှတ်ကို။ အဲ့ဒါမျိုးသွားရတယ် ကျန်တဲ့ဂိတ်တွေကတော့ တစ်ထောင်နှစ်ထောင်ပါပဲ။”
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေခံ တပ်ရင်းတွေက လမ်းဖြတ်သန်းခကောက်ခံတာနဲ့ ပတ်သက်လို့ RFA က အတည်မပြုနိုင်သေးပါဘူး။
စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က လမ်းဖြတ်သန်းခကောက်ခံတဲ့ အခြေအနေကိုလည်း KNLA-PC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို မေးမြန်းဖို့ RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ထို့ကော်ကိုးလမ်းကို ပြောင်းလဲအသုံးပြုရတဲ့အခါ လမ်းဖြတ်သန်းခ ငွေတောင်းတဲ့ဂိတ်တွေများလို့ ယာဉ်စီးခနဲ့ ကုန်စည်တန်ဆာခတွေ ဈေးတက်သွားတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ခရီးသည်တင်ယာဉ်ဂိတ် တာဝန်ခံတစ်ဦးက ပြောပါတယ်။
“မြဝတီကနေ ရန်ကုန်ကို ခုနစ်သောင်းပါ၊ အဓိကက မှတ်ပုံတင်ပါဖို့ပဲ၊ မှတ်ပုံတင်ပါရင်ပြီးတယ်၊ ပစ္စည်းသက်သက်ဆိုလို့ရှိရင် ကျွန်တော်အဆင်မပြေဘူး၊ လမ်းမှာအစစ်အဆေးရှိတဲ့အခါကျလေ တစ်ခါတစ်လေကျရင် သူတို့ နုတ်ယူတာတွေ ဘာတွေရှိတယ်၊ ကြိုက်တဲ့ပစ္စည်းဆိုရင် သုံးခါလောက်ရှိပြီး ကျွန်တော်ပစ္စည်းယူခံလိုက်ရတာ၊ ကျွန်တော် လျော်ရတာ၊ အဲ့ဒါကြောင့်မို့ ဂိတ်မှူးက လက်မခံခိုင်းဘူး၊ လူပါရင်တော့ ကြိုက်တာတင်လို့ရတယ်၊ ဘာလို့လဲဆိုတော့ သူတို့ရှေ့ယူသွားတယ်ဆိုတော့ ကိုယ် မလျော်ရဘူးလေ။”
ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေဟာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် အာရှလမ်းပိုင်းနဲ့ ကော့ကရိတ်မြို့တွင်းမှာ ဒီဇင်ဘာ ၂၁ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေကြောင့် ဒေသတွင်းခရီးသွားတွေနဲ့ ကုန်စည်သယ်ဆောင်တာတွေ ခက်ခဲနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်စည်နဲ့ ခရီးသည်တင်ယာဉ်မောင်း နောက်တစ်ဦးက ပြောပါတယ်။
“ကားတွေကတအားများတယ် ထောင်ချီရှိမယ် ဟိုဘက်ဒီဘက်ကားတွေကလေ အဲ့လောက်ထိများတယ်။ လမ်းကတော့ ဒီတိုင်းဆိုရင် ရက်ကတော့ ပိတ်နေမှာပဲ ကားတွေကတော့ ပိတ်နေတာပဲ။ ဟို့တောင်လမ်းမှာတော့ ဖြတ်တဲ့ကားကများတယ်။ ကားလေးရော ကားကြီးရောပဲ တစ်လမ်းလုံးလိုလိုပဲ ကားတွေဖြတ်နေရတာပေါ့။ တောင်ခြေကနေစပြီးတော့ ကားတွေ တန်းတန်းပြီးတော့ သွားတာ ဒီဘက်တောင်ခြေအဆင်းဘက်ပြန်ရောက်တဲ့ အချိန်က ညနေ ၅နာရီလောက်မှ အဆင်းဘက်ပြန်ရောက်တာပေါ့ တစ်နေ့လုံးပဲကားပိတ်တာ အသွားရော အပြန်ရော ကားတွေအများကြီးပဲ ခရီးသည်တွေလည်းတော်တော်တော့ အခက်အခဲတွေဖြစ်တာပေါ့ စားဖို့သောက်ဖို့တွေရော စျေးဆိုင်တွေလည်းမရှိဘူးလေ။”
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းနေတာ၊ အပစ်ရပ်နယ်မြေမှာ လမ်းဖြတ်သန်းခပေးပြီး ခရီးသွားလာနေရတာနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြဝတီကုန်သွယ်ရေးဇုန်မှာ စစ်တပ်နဲ့ KNLA မဟာမိတ်ပူးပေါင်း PDF အဖွဲ့တွေ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထိုင်း-မြန်မာနယ်စပ် ပို့ကုန်၊ သွင်းကုန် စစ်ဆေးတဲ့ လုပ်ငန်းတွေ ရပ်နားထားရပါတယ်။ ဒါကြောင့် မြို့တွင်းက အမှတ် ၅ ရပ်ကွက် ကားဝင်းဟောင်းနေရာကို ပြောင်းရွှေ့ပြီး ကုန်စည်နဲ့ ကွန်တိန်နာယာဉ်စစ်ဆေးတဲ့ စခန်းဖွင့်ဖို့ မြဝတီကုန်သည်တွေ ပြင်ဆင်နေကြပါတယ်။