စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ချွတ်ခြုံကျလာ
2022.03.24

စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေဟာ စီးပွားရေးချွတ်ခြုံကျလာပြီး အလွန်အမင်းဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ နေရပ်စွန့်ခွာရမှုစတဲ့ စိန်ခေါ်မှုပေါင်းစုံနဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက နိုင်ငံတကာကို မကြာသေးခင်က အသိပေးလိုက်ပါတယ်။
အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ဖို့ မြန်မာပြည်သူတွေ ကြိုးပမ်းနေတာကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီပေးပါလို့ မတ်လ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ သူတင်ပြလိုက်တာပါ။
ညီလာခံမှာ အချက်အလက်တွေနဲ့ တင်ပြလိုက်တဲ့အတွက် နိုင်ငံတကာက စစ်ကောင်စီကို အရေးယူမှုတွေနဲ့ ပြည်သူတွေအတွက် လူသားချင်းဆိုင်ရာ အထောက်အပံ့အကူအညီတွေ ရလာနိုင်စရာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ က RFA ကို ပြောပါတယ်။
“ဒီလိုညီလာခံမှာ အချက်အလက်တွေနဲ့ တင်ပြလိုက်ခြင်းအားဖြင့် ဘာအကျိုးရှိသလဲဆိုတော့ အမေရိကန်နိုင်ငံ၊ အနောက်နိုင်ငံတွေ၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေက ဒါကိုနားလည်မယ်။ ဒါကိုကြား မယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အရသော်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ပေါ်လာရေးအတွက်သော်လည်းကောင်း၊ ဘတ်ဂျက်တွေ ချပေးတယ်။ ကျွန်တော်တို့က ကုလသမဂ္ဂပလက်ဖောင်း တစ်ခုတည်း မဟုတ်ဘူး။ အီးယူပလက်ဖောင်း နိုင်ငံတကာမှာရှိတဲ့ ပလက်ဖောင်းအစိုးရမှ အစိုးရ၊ လွှတ်တော်မှ လွှတ်တော်သို့ ပြောတယ်။ ဒီလိုတင်ပြခြင်းအားဖြင့် စစ်ဗိုလ်ချုပ်တွေအပေါ် ထိခိုက်နစ်နာစေတဲ့ အရေးယူပိတ်ဆို့မှုတွေလည်း အများကြီးဖြစ်လာတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရတယ်လို့ ဦးကျော်မိုးထွန်းက ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂမှာ တင်ပြခဲ့ပါတယ်။ အဲဒီလူတွေထဲက ၁၄ သန်းဟာ အထောက်အပံ့ အကူအညီမရရင် ထမင်းမစားနိုင်တဲ့ အခြေအနေအထိ ရောက်နေတယ်လို့ ဒေါက်တာဆာဆာ ကပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းနဲ့ နိုင်ငံပြင်ပကို ရောက်နေတဲ့ အိုးမဲ့အိမ်မဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်က ၁၂ သိန်းလောက်ရှိပြီလို့ ကုလသမဂ္ဂနဲ့ NUG က ရှာဖွေစုဆောင်းထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ဒေါက်တာဆာဆာ က RFA ကို ပြောပါတယ်။
တစ်ဦးချင်းဝင်ငွေကို ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေရဲ့ အောက်မှာ မြန်မာနိုင်ငံက ရောက်နေပြီး တစ်ရက်လူတစ်ဦးဝင်ငွေဟာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာတောင် မပြည့်ပါဘူး။
လူတစ်ဦးချင်းစီရဲ့ ဝင်ငွေတွေ ပိုနည်းလာပေမယ့် အထွေထွေကုန်ကျစရိတ်တွေက ကြီးမြင့်ပြီး အလုပ်လက်မဲ့ တစ်နေ့တခြား ပိုများလာနေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
“ဗမာပြည်ရဲ့ အခြေအနေက ကိုဗစ်ဖြစ်သွားတာလည်းပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားတာလည်းပါတယ်။ ဆန်ရှင်ပါတယ်။ အခုဆိုလည်း လျှပ်စစ်မီးမလုံလောက်တဲ့ ပြဿနာပေါ့နော်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း မြန်မာငွေကြေးတန်ဖိုး ကျတဲ့ ပြဿနာပေါ့။ စီးပွားရေးနဲ့ ပတ်သက်ရင် ရုန်းကန်နေရတဲ့ အနေအထားလို့ မြင်ပါတယ်။ လျှပ်စစ်မီးကြောင့် ကုန်ထုတ်လုပ်မှုစရိတ်တွေ တက်လာတယ်။ နောက်ပြီး ဒုတိယတစ်ခုက ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးတက်တော့ သယ်ယူပို့ဆောင်ခတက်တော့ လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်တယ်ဆိုတဲ့ ပြဿနာရှိတာပေါ့နော်။ တစ်ဖက်မှာလည်း ဝင်ငွေနည်းတယ်။ အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ တဖက်မှာလည်း ကုန်ဈေးနှုန်း တက်လာတယ်ပေါ့နော်”
"စီးပွားရေးနဲ့ ပတ်သက်ရင် ရုန်းကန်နေရတဲ့ အနေအထားလို့ မြင်ပါတယ်။ လျှပ်စစ်မီးကြောင့် ကုန်ထုတ်လုပ်မှုစရိတ်တွေ တက်လာတယ်"
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ စိုးရိမ်ဖွယ်ကျဆင်းနေပြီး ဆင်းရဲမွဲတေမှုကလည်း နှစ်ဆတိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တကယ်လို့ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုသာ မရှိခဲ့ရင် မြန်မာ့စီးပွားရေးက ၃၀ ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ဒီလိုအခြေအနေမှာ စစ်ကောင်စီက မြန်မာပြည်စီးပွားရေး နာလန်ထူအောင် လုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘဲ တစ်စထက်တစ်စ ပိုဆိုးလာဖို့ပဲရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။
“စစ်ကောင်စီက မြန်မာပြည်စီးပွားရေး နာလန်ထူအောင် လုပ်ဖို့ဆိုတဲ့ ကိစ္စကတော့ မြန်မာ့အသံက လွှင့်တဲ့ အစီအစဉ်ထဲမှာပဲကြားတယ်။ တကယ်ဘဝတွေက အဲဒါနဲ့ပြောင်းပြန်ပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ရှိနေတဲ့ အင်အားတွေက ထွက်ခွာသွားပြီ ဆိုတော့ ဘာကောင်းစရာရှိလဲ။ စီးပွားရေးပိတ်ဆို့မှု ဒဏ်ချက်တွေကြောင့် ဗမာပြည်က ဘဏ်ကလည်း ဘာမှမလုပ်နိုင်ဘူး။ အခုက ATM စက်တွေက ပိတ်ထားတယ်။ ကိုယ့်ငွေကိုယ်တောင် ပြန်ထုတ်လို့ရတဲ့ အနေအထားမဟုတ်ဘူး။ ငွေကြေးမတည်ငြိမ်မှုက ပိုပိုဆိုးလာတယ်။ တစ်သောင်းတန်တွေ အတုထွက်တဲ့ ကိစ္စကလည်း အတော့်ကိုများနေပြီ။ ဘဏ္ဍာရေးတစ်ခုလုံး ခါးကျိုးတော့မယ့် အနေအထား ဖြစ်နေပြီ”

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတချို့ မြန်မာနိုင်ငံကနေ ထွက်ခွာကြတာရှိပေမယ့် တခြားအစားထိုးကုမ္ပဏီတွေ ဝင်လာဖို့ ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလကုန်ပိုင်းက RFA ရဲ့ မေးမြန်းမှုအပေါ် ဖြေဆိုထားဖူးပါတယ်။
“တချို့ရေနံကုမ္ပဏီကြီးတွေလည်း မြန်မာနိုင်ငံက ထွက်ခွာဖို့ ဖိအားပေးခံရတာရှိတယ်။ တချို့လည်း သူ့အကြောင်းနဲ့သူပဲ ထွက်ခွာတာဖြစ်ပါတယ်။ ထွက်ခွာပေမယ့် အဲ့နေရာမှာ ဆက်ပြီးတော့ လုပ်ချင်နေတဲ့ ကုမ္ပဏီတွေက ရှိပြီးဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေ စလုပ်တာက တပ်မတော်အစိုးရလက်ထက်မှ စပြီးလုပ်တာပါ။ အခုအချိန်မှာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အရေးပေါ်ကာလ ကြေညာပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ အုပ်ချုပ်နေတာဖြစ်တယ်။ စစ်အုပ်ချုပ်ရေးအရ အုပ်ချုပ်နေတာမဟုတ်ဘူး။ သူတို့ သုံးသပ်ချက်အပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့ ဝေဖန်စရာမရှိပါဘူး”
အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ အခုချိန်မှာတော့ အရင် ဆန်တစ်အိတ် လေးသောင်းကျပ်တန်ဟာ ခုနှစ်သောင်းကျပ် ဖြစ်လာပါတယ်။ အရင် ကိုးထောင်ကျပ်တန် ဆီတစ်ဗူးဟာ လက်ရှိမှာ ကျပ်နှစ်သောင်း ဖြစ်သွားပါပြီ။
အခြေခံစားသောက်ကုန်တွေအားလုံးဟာ ပျမ်းမျှအားဖြင့် နှစ်ဆကျော် ဈေးတက်လာတာပါ။ ဓာတ်ဆီဈေးတွေကို ကြည့်မယ်ဆိုရင်လည်း အရင်တစ်ဂါလန် ပျှမ်းမျှ ကျပ်ရှစ်ရာအောက်ကနေ အခု နှစ်ထောင်ကျော် ဖြစ်လာပါတယ်။

သာကေတမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ အဌားယာဉ်မောင်းတစ်ဦးက ဓာတ်ဆီဈေးတွေ မြင့်လာလို့ အကြွေးနွံနစ်နေပြီလို့ ပြောပါတယ်။
“အရင်တုန်းကဆိုရင် ကျွန်တော်တို့ရဲ့ တစ်ရက်ဝင်ငွေက လေးသောင်းလောက် ရတယ်။ ဆီ တစ်သောင်းဖိုး ထည့်ရင် သုံးသောင်းကျန်မယ်။ ကားပိုင်ရှင်ကို တစ်သောင်းပေးရရင် နှစ်သောင်းကျန်မယ်။ ကားပျက်လို့ ရှိရင် ပြင်ဖို့ ဖယ်တဲ့ ပိုက်ဆံ ငါးထောင်ဆို ကျွန်တော်တို့အတွက် တစ်သောင်းခွဲ ကျန်မယ်။ အိမ်မှာ ဈေးဖိုးငါးထောင်၊ အိမ်လခ ငါးထောင်ဖယ်ရင် ငါးထောင်လောက်ကတော့ စုနိုင်ခဲ့တယ်။ အခုချိန်ကကျတော့ ကျွန်တော်တို့ တစ်နေကုန် မောင်းရင်တောင် နှစ်သောင်း၊ နှစ်သောင်းခွဲလောက် ရအောင် မနည်းမောင်းရတယ်။ ဆီက တစ်သောင်းခွဲ ထည့်ရပြီး ကားပိုင်ရှင်က ဒီကာလမို့ အုံနာကြေး ရှစ်ထောင်ပဲ ယူတယ်။ ကျွန်တော့်မှာ သုံးထောင်ပဲ ပိုတော့တယ်။ ကျွန်တော်တို့ အခက်အခဲက ရုန်းထွက်လို့ မရတဲ့ ပုံစံမျိုး။ ဒီကားကိုမှ မမောင်းရင် သုံးလေးငါးထောင် တောင်မရဘူး။ ဆက်မောင်းနေတော့လည်း အကြွေးပေါ် အကြွေးဆင့်ပြီး လည်ပင်းနစ်နေပြီ”
၂၀၂၂ အတွင်းမှာ အမေရိကန်လွှတ်တော်နှစ်ရပ်က မြန်မာပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်း ကူညီမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရတဲ့ ပြည်သူသန်းပေါင်းများစွာအတွက် ပြောပလောက်တဲ့ ပမာဏ မဟုတ်တဲ့အတွက် ဒီလိုအထောက်အပံ့အကူအညီ အများအပြားရရှိလာဖို့ လိုအပ်ပြီး အကူအညီတွေကို စစ်တပ်ရဲ့ ပိတ်ဆို့တားဆီးမှုတွေမရှိဘဲ လူထုလက်ဝယ်အရောက် ပို့ဆောင်နိုင်ဖို့ လိုအပ်တယ်လို့လည်း နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
အဓိကကတော့ မြန်မာပြည်စီးပွားရေး ပြန်လည်ကောင်းမွန်ပြီး ဆင်းရဲမွဲတေမှုဒဏ်ကနေ ရုန်းထွက်နိုင်ဖို့ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုတယ်လို့ ပြည်သူအများက ပြောဆိုကြကြောင်း တင်ပြလိုက်ရပါတယ်။