မြန်မာစစ်တပ်အတွက် သံချပ်ကာကားနဲ့လက်နက်တွေ ရုရှားသင်္ဘော လာချပေး

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.01.27
မြန်မာစစ်တပ်အတွက် သံချပ်ကာကားနဲ့လက်နက်တွေ ရုရှားသင်္ဘော လာချပေး Myanmar Witness အဖွဲ့က ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်သော မြန်မာစစ်တပ်အတွက် ရုရှားက သံချပ်ကာကားတွေ ပေးပို့ခဲ့သည့် သင်္ဘော။
Photo: Myanmar Witness

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်က ရန်ကုန်တိုင်း၊ သီလဝါ ဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ ရုရှားအလံတင် ကပ္ပတိန် ယာကူဘိုဗစ်ချ် သင်္ဘောဟာ ရုရှားနိုင်ငံ အရှေ့ဖျားက ဗလာဒီဗော့စတော့ ဆိပ်ကမ်းကနေ ထွက်ခွာလာပြီး ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ် ထားတာ ဖြစ်တဲ့အကြောင်း၊ နိုင်ငံတကာ ကုန်တင်သင်္ဘောဆိုင်ရာ သတင်းအချက်အလက် ဝက်ဆိုဒ်တွေ၊ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ မျက်မြင်သက်သေတွေ ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေကို အခြေခံပြီး၊ Myanmar Witness ဝက်ဆိုဒ်က ဖော်ပြထားပါတယ်။

ဒီကပ္ပတိန် ယာကူဘိုဗစ်ချ် သင်္ဘောဟာ ဗလာဒီဗော့စတော့မြို့မှာ အခြေစိုက်တဲ့ AZIA သင်္ဘောလိုင်းကုမ္ပဏီက ပိုင်ဆိုင်ပြီး ဒီသင်္ဘောလိုင်းဟာ ဘေးအန္တရာယ်ရှိတဲ့ ကုန်ပစ္စည်း တွေကို သယ်ယူပို့ဆောင်ခွင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရထားတယ်လို့လည်း Myanmar Witness က ဖော်ပြထားပါတယ်။

သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောပေါ်မှာ ရုရှားလုပ် BRDM-2M အမျိုးအစား သံချပ်ကာကား တော်တော်များများ သယ်ဆောင်လာတာ တွေ့ရတယ်လို့လည်း မျက်မြင် သက်သေတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့က Myanmar Witness က ထုတ်ဝေခဲ့ပါတယ်။

ခေတ်သစ်မီဒီယာရဲ့ ဇန်နဝါရီလ ၂၆ရက်နေ့ သတင်းဖော်ပြချက်ထဲမှာတော့ သီလဝါ ဆိပ်ကမ်းက MITT ကုန်တင်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရုရှားသင်္ဘောပေါ်ကနေ တင့်ကား၂၃ စီး၊ လက်နက်ခဲယမ်းနဲ့ အမြောက်တွေပါဝင်တဲ့ ပေ ၄၀ အရှည် ကွန်တိန်နာ ၇ လုံးကို ချပေးခဲ့တယ်လို့ နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ဖော်ပြ ထားပါတယ်။

ဒီ စစ်လက်နက် ပစ္စည်းတွေကို စစ်တပ်က G1 အဆင့်ရှိတဲ့ အရာရှိကိုယ်တိုင် လာရောက် ထုတ်ယူခဲ့ပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တစ်ခုမှမပေးအပ်ဘဲ ညအချိန် လာရောက် ထုတ်ယူသွားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို Myanmar Witness နဲ့ ခေတ်သစ်မီဒီယာတို့က ရေးသားဖော်ပြခဲ့တဲ့ သီလဝါ ဆိပ်ကမ်းကို ရောက်လာတဲ့ BRDM-2M အမျိုးအစား သံချပ်ကာ ကားတွေဟာ ရုရှားနိုင်ငံလုပ် ကုန်းရေ နှစ်မျိုးသွား ယာဉ်တွေဖြစ်ပြီး၊ စစ်မြေပြင်နဲ့ စစ်ဆင်ရေး လုပ်ငန်းတွေအတွင်းမှာ ရန်သူတပ်တွေရဲ့ အခြေအနေကို သွားရောက် ထောက်လှမ်းတဲ့ Reconnaissance operation စစ်ဆင်ရေးတွေအတွက် အသုံးပြုဖို့ ဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်းဆိုင်ရာ သတင်းတွေ သီးသန့်ဖော်ပြထဲ့ Jane Defense Weekly သတင်းဌာနကနေ သိရပါတယ်။

ဒီလို BRDM အမျိုးအစားကင်းထောက်ယာဉ်တွေကို ဆိုဗီယက်ပြည်ထောင်စုခေတ် ၁၉၆၆ ခုနှစ်မှာ ပထမဆုံး စတင်ထုတ်လုပ်အသုံးပြုခဲ့တာဖြစ်ပြီး၊ နောက်ပိုင်း အဆင့်မြှင့် ထုတ်လုပ်လိုက်တဲ့ BRDM – 2 အမျိုးအစားယာဉ်တွေမှာတော့ ညဘက်မြင်နိုင်တဲ့ Night vision စနစ်၊ ဓာတုလက်နက်ဒဏ်ကို ခံနိုင်တဲ့ NBC protection system တွေ ထပ်မံ ထည့်သွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်သည်လေးဦး လိုက်ပါနိုင်တဲ့ ဒီစစ်ယာဉ်တွေမှာ ၁၄ မီလီမီတာ KPVT စက်သေနတ်တွေ ပါဝင်ပြီး အလွန်ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်အခြေအနေတွေမှာပါ ဖြတ်သန်းမောင်းနှင် နိုင်တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံဟာ ဒီကင်းထောက်ယာဉ်တွေကို ကမ္ဘာအရပ်ရပ်ကို တင်ပို့ရောင်းချ လှူဒါန်းထားပြီး၊ အခုအချိန်မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံက ဒီ BRDM – 2M အမျိုးအစား သံချပ်ကာကားတွေကို အသုံးပြုနေကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာ စစ်တပ်ဟာ BRDM – 2M အမျိုးအစား သံချပ်ကာကား အစီး ၃၀လောက်ကို ရုရှားနိုင်ငံကနေ ရရှိထားပြီး ၂၀၂၀ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပါဝင်ချီတက်ခဲ့တဲ့အကြောင်းနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာ အပြီးတဲ့နောက် နေပြည်တော်က လမ်းမတွေပေါ်မှာ BRDM – 2M အမျိုးအစား သံချပ်ကာကားတွေ ကင်းလှည့်နေတာ မြင်ရကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။

အတိတ်က စစ်မြေပြင်တွေမှာတော့ ရန်သူနယ်မြေထဲကို မြေပြင်တပ်ဖွဲ့တွေ စေလွှတ် နိုင်ခြင်း မရှိတဲ့ အခြေအနေမှာ ဒီကင်းထောက်ယာဉ်တွေကို စေလွှတ်ထောက်လှမ်း စေပြီးတဲ့နောက် လေကြောင်းကနေ ပစ်ခတ်ချေမှုန်းတဲ့ နည်းဗျူဟာကို ကျင့်သုံးလေ့ရှိတာ တွေ့ရတဲ့အကြောင်း Jane Defense Weekly က ဖော်ပြထားပါတယ်။

ဒီ BRDM – 2M အမျိုးအစား သံချပ်ကာကားတွေဟာ ထိန်းချုပ်ရလွယ်ကူပြီး ဘယ်သူမဆို မောင်းနှင်နိုင်တဲ့အတွက် ရန်သူတပ်ဖွဲ့တွေက သိမ်းယူပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ အသုံးပြုခဲ့တဲ့ သာဓကတွေလည်းရှိခဲ့တာ တွေ့ရပါတယ်။

၁၉၇၃ ခုနှစ် ဆီးရီးယားနိုင်ငံဟာ ဒီသံချပ်ကာကားတွေကို အစ္စရေးနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲမှာ အသုံးပြုခဲ့တဲ့နောက်၊ အစ္စရေးတပ်တွေဟာ ဖမ်းဆီးရမိတဲ့ စစ်ကားတွေကို ပြုပြင်ပြီး အစ္စရေး စစ်တပ်မှာ အသုံးပြုခဲ့တဲ့ အကြောင်းနဲ့ ၁၉၈၀ ခုနှစ် တွေက အာဖဂန်နစ္စတန် နိုင်ငံကို ဆိုဗီယက်ပြည်ထောင်စုက ကျူးကျော်ခဲ့တဲ့ စစ်ပွဲမှာလည်း တာလီဘန်တပ်တွေက ဆုတ်ခွာသွားတဲ့ ဆီုဗီယက်တပ်တွေ ထားခဲ့တဲ့ BRDM – 2M အမျိုးအစား စစ်ကားတွေကို ဒီနေ့အချိန်အထိ ပြင်ဆင်ပြီး အသုံးပြုနေကြဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။