လူထုမပျော်တဲ့သင်္ကြန် တစ်ပြည်လုံးခြောက်သွေ့နေ
2022.04.13

မြန်မာနိုင်ငံအနှံ့အပြားတိုက်ပွဲတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ်မီးရှို့တဲ့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ပေါ်ထွက်နေချိန်၊ အာဏာသိမ်းပြီးဒုတိယနှစ်ဖြစ်တဲ့ ဒီနှစ်သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီကကျင်းပတဲ့ သင်္ကြန်မဏ္ဍပ်တွေကို လူထုကသွားရောက် ပျော်ပါးတာမရှိပါဘူး။
“တော်လှန်ရေးအတွင်းမှာ ပျော်ပွဲရွှင်ပွဲမရှိဘူး။တော်လှန်ရေးအတွင်းမှာ တိုက်ပွဲပဲရှိတာပေါ့။ ကျွန်တော်တို့ နေ့ရက်တိုင်းက တိုက်ပွဲဖြစ်နေဖို့ပဲလိုတယ်။”
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က တစ်ပြည်လုံး သင်္ကြန်အကြိုနေ့မှာ ခြောက်သွေ့ ခဲ့တာကို ကြည့်ရင်လူထုဟာ မနှစ်ကအတိုင်း တော်လှန်ရေးစိတ်ဓာတ် ခိုင်မာနေတယ်ဆိုတာ မြင်ရတယ်လို့ RFA ကိုပြောပါတယ်။
“အရင်နှစ်က သင်္ကြန်မှာဆိုလည်း ပြည်သူတွေက ဆင်နွှဲခြင်းမပြုဘူး။ တကယ့်ကို အာဏာဖီဆန်တယ်။ စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ရေတွေကို သူတို့ကိုယ်မှာ မစိုဘူးပေါ့လေ။ မစိုဘဲနဲ့ သူတို့ဖြတ်သန်းခဲ့ကြတာရှိတယ်။ သင်္ကြန်တွင်းမှာပါ တော်လှန်သင်္ကြန်အနေနဲ့ လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတာမျိုးတွေ၊ အတာအိုးသပိတ်တွေ လုပ်ကြတာတွေလည်းရှိတယ်။ ဒီနှစ်မှာလည်း အဲဒီလိုပဲ တော်တော်လေးအားရဖွယ် တွေ့ရတယ်။”
သင်္ကြန်အကြိုနေ့မှာ ရန်ကုန်မြို့က လမ်းပေါ်တွေမှာ (Generation Z) လူငယ်တွေက ဆေးအနီတွေ ပက်ဖျန်းတဲ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို သပိတ်အင်အားစု ၈ ခုလောက်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာလို့လည်း ကိုမင်းဟန်ထက် ကပြောပါတယ်။
“တော်လှန်ရေးအတွင်းမှာ ပျော်ပွဲရွှင်ပွဲမရှိဘူး။တော်လှန်ရေးအတွင်းမှာ တိုက်ပွဲပဲရှိတာပေါ့။ ကျွန်တော်တို့ နေ့ရက်တိုင်းက တိုက်ပွဲဖြစ်နေဖို့ပဲလိုတယ်။ သင်္ကြန်မှာဆိုရင်လည်း သင်္ကြန်နဲ့လျော်ညီအောင် ပြုမူပြီးတော့ တော်လှန်ရေးကို ဆက်လက်ပြီး ဆင်နွှဲနေလို့ ရတဲ့ကိစ္စလည်းရှိတာပေါ့။ ဒီနေ့လမ်းမပေါ်မှာ ဆေးနီတွေပက်ခဲ့တဲ့ လှုပ်ရှားမှုပါ။ ဒီလှုပ်ရှားမှုဟာ လမ်းမတွေပေါ်မှာ ကျောင်းသားပြည်သူတွေရဲ့ သွေးတွေ အများကြီး ကျခဲ့ရတယ်ပေါ့။ အခုချိန်ထိ အဲ့သွေးတွေကရှိနေတုန်းပဲလို့ ကျွန်တော်တို့က ယုံကြည်တယ်။ခံစားရတယ်။ သွေးတွေကို သင်္ကြန်ရေနဲ့ ဆေးလိုက်လို့ မရဘူး။ သွေးတွေပေါ်မှာ ရဲရဲရင့်ရင့်နင်းဖြတ်ပြီးတော့ တော်လှန်ရေးကို ဆက်ရမှာ။ အဲ့ရည်ရွယ်ချက်နဲ့ ဒီနေ့မှာ အဲ့ဆေးနီတွေ ပက်ဖျန်းပြီး လုပ်ခဲ့တာ။”
“ပြည်သူတွေအနေနဲ့လည်း ခရီးသွားဟန်လွှဲ လုပ်လို့ရတဲ့ လှုပ်ရှားမှုတွေရှိတယ်။ အခုလို ဆေးနီပက်ဖျန်း ခဲ့တာမျိုးတွေ၊ အမှတ်သင်္ကေတ တစ်ခုခု ထားခဲ့တာမျိုးတွေ တော်လှန်တဲ့ စာတွေ သင်္ကေတတွေ နံရံပေါ်မှာ ရေးခြစ်ခဲ့တာ စသဖြင့် လုပ်လို့ရသမျှ အပိုင်းကနေ ဒီသင်္ကြန်မှာ ဆက်လုပ်ဖို့ တိုက်တွန်းပါတယ်။ ပြည်သူတွေ သင်္ကြန်တွင်းမှာ မပါဝင်ကြဘဲ အာဏာဖီဆန်သပိတ်မှောက်ထားတာကို တွေ့ရတဲ့အတွက် လေးစားပါတယ်။ ကိုယ်ပါဝင်နိုင်တဲ့ နည်းနဲ့ ထုတ်ဖော်ကြဖို့ တိုက်တွန်းချင်ပါတယ်။”
စစ်အာဏာမသိမ်းခင်နှစ်တွေက မြို့ပြဖျော်ဖြေပွဲတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဒေါင်းတို့မျိုးဆက် ကျောင်းသား သံချပ်အဖွဲ့ဟာ တော်လှန်ရေးနယ်မြေတွေမှာ ဒီနှစ်လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။ တိုင်းရင်းသားဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေက သူတို့သံချပ်အဖွဲ့ကို အားရဝမ်းသာကြိုဆိုခဲ့ကြပါတယ်။
ဒီနှစ်သင်္ကြန်မှာ မြို့ပြတွေမှာ ခြောက်သွေ့နေတာနဲ့ ပတ်သက်ပြီး ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က အခုလို ဝေဖန်ထောက်ပြပါတယ်။
“ဆန်ထဲ လက်ကောက်မြုပ်နေရင် ပျော်တယ်ဗျ။ ဆန်အိုးထဲမှာ ဆန်တစ်စေ့မှ မရှိရင် ဘယ်လိုလုပ်ပျော်မလဲ။ အပြတ်အသတ် ဆော်နေကြတဲ့ ကာလပဲ အကြီးအကျယ် မီးဟုန်းဟုန်းထနေတာ။ သွေးနဲ့ချွေးနဲ့ ရင်းပြီး မလေးရှားသွားတယ်။ ထိုင်းသွားတယ်။ စင်္ကာပူသွားတယ်။ ငွေလေးစုပြီး ပြန်ပြီးအိမ်ကောင်းကောင်းလေးတွေ ဆောက်တယ်။ အဲ့ဒါတွေပြီးလည်းပြီးရော မီးထဲပါကုန်ပြီ။ ရိက္ခာတို့၊ ဘာတို့ ဆိုတာက မီးလောင်လို့ကုန်ပြီ။ ပျော်စရာအကြောင်းမရှိဘူး။ ကိုဗစ်ဆိုတဲ့ ရောဂါကပ်က နည်းနည်းလေးခွာသွားလို့ တော်သေးပေမယ့် ကျန်တဲ့ အငတ်ဘေးနဲ့ စစ်ဘေးကပ်ကြီး နှစ်ကပ်ထဲမှာ ဘယ်လိုပျော်မလဲ။”
နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်ကလည်း တော်လှန်သင်္ကြန်ဟာ မနေ့ကတော့ အသံတိတ်သပိတ် ဖြစ်သွားခဲ့တယ်လို့ ဝေဖန်ပါတယ်။
“တကယ်ကတော့ အသံတိတ်သပိတ်ဖြစ်ရအောင်ဆိုပြီး ဒီမိုကရေစီအင်အားစုတွေက စစ်ဆန့်ကျင်ရေး အင်အားစုတွေကို ခေါ်တာ မဟုတ်ပါဘူး။ တော်လှန်သင်္ကြန် ဆင်နွှဲဖို့ ပျော်စရာသင်္ကြန်အနေနဲ့ မခံယူဖို့ ဆော်ဩကြတာပါ။ ဒါပေမဲ့ လက်တွေ့ဖြစ်ရပ်က အရင်တုန်းက ဖြစ်ခဲ့တဲ့ အသံတိတ်သပိတ်တွေလိုပဲ ပြင်းပြင်း ထန်ထန် စစ်ကောင်စီကို ဆန့်ကျင်တဲ့ သဘောပြည်သူလူထုက တညီတညွတ်တည်း ပြတယ်လို့ ပဲမြင်ပါတယ်။ အဲ့ဒီရဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ ကျွန်တော်တို့ ပြည်သူလူထုဟာ သွေးမအေးဘူး။ စကစ ဆိုတဲ့ စစ်အာဏာရှင်တွေကို လုံးဝအလိုမရှိဘူး။ ဒါကိုထပ်ပြီးတော့ လူထုက အတည်ပြုတဲ့ သဘောလို့ပဲ မြင်ပါတယ်။ နောက်ပြီး နွေဦးတော်လှန်ရေးဟာ တကယ့်ကို ခိုင်ခိုင်မာမာနဲ့ လူထုကြားမှာရှိနေတယ်။ လူထုကလည်း နွေဦးတော်လှန်ရေး မအောင်မြင်မချင်းကို ဇွဲသတ္တိရှိရှိနဲ့ သန္နိဋ္ဌာန်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်နေတဲ့ သဘောကို ပြတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။”
အခုလို စစ်ကောင်စီကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲမဏ္ဍပ်တွေကို အများပြည်သူတွေလာရောက်ပျော်ပါးခြင်း မရှိဘဲ နိုင်ငံအနှံ့အပြား လမ်းမတွေခြောက်ကပ်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။