ကိုဗစ်ကြောင့် ဟိုတယ် ခရီးသွားလုပ်ငန်းဝင်ငွေ ဒေါ်လာ သန်း၂၃၀၀ ထိခိုက်

နန္ဒာချမ်း
2020.12.08

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်း ပြန်ခေါင်းမော့လာအောင် မြန်မာအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံတွေ လုံးပန်းနေကြပါတယ်။ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ် WTO ကတော့ ကမ္ဘာတဝှမ်းမှာ ဒီနှစ်ထဲ နိုင်ငံတကာ ခရီးသွားအရေအတွက်ဟာ ၈ဝ ရာခိုင်နှုန်း အထိ ကျဆင်းမယ်လို့ ပြောဆိုထားတာပါ။

မြန်မာနိုင်ငံမှာလည်းပဲ ကိုဗစ်ပထမလှိုင်း စတင်ချိန်ကနေ ကျဆင်းလာခဲ့တဲ့ ခရီးသွားလုပ်ငန်းဟာ ဒီဇင်ဘာအကုန်ဆိုရင်တော့ - ၈ဝ ရာခိုင်နှုန်း အထိ ထိခိုက်နိုင်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က RFA ကို ပြောပါတယ်။

“လက်ရှိမှာကတော့ ၂ဝ၁၉ နဲ့ နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် ခရီးသွားဧည့်သည် ဝင်ရောက်မှုတွေက ၇၆ ရာခိုင်နှုန်းလောက် လျော့သွားပြီပေ့ါနော်။ ပြီးခဲ့တဲ့ အောက်တိုဘာအထိကို။ နှစ်ကုန်လောက်မှာဆိုရင် ကျနော်တို့ ၈ဝ ရာခိုင်နှုန်း လောက်အထိ လျော့မယ်လို့ ကျနော်တို့က မှန်းထားတာပေါ့နော်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်က ဝင်ခဲ့တဲ့ အင်အားလေးပဲ ရှိတော့တယ်။ မတ်လနောက်ပိုင်း ဘာဧည့်သည်မှ မလာတော့ဘူးလေ”

၂ဝ၁၉ ခုနှစ်တုန်းက နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု ၄ ဒဿမ ၃ သန်းကျော်ရှိခဲ့ပြီး၊ ဒီထဲမှာ တရုတ် ခရီးသွား ၇ သိန်းခွဲနီးပါး ရှိခဲ့ပါတယ်။ ကပ်ရောဂါကြုံခဲ့ရတဲ့ ၂ဝ၂ဝ မှာတော့ ဇန်နဝါရီကနေ အောက်တိုဘာအထိ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုက ၈ သိန်း ၇ သောင်းကျော်သာ ရှိပါတယ်။

ဒီလို ခရီးသွားလုပ်ငန်း ကျဆင်းခဲ့တဲ့အတွက် နောက်ဆက်တွဲ အလုပ်လက်မဲ့ပြဿနာတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အခုဆိုရင် ခရီးသွားလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၃ဝ ရာခိုင်နှုန်း လောက်ဟာ အလုပ်အကိုင်တွေ လက်လွတ်ဆုံးရှုံးခဲ့ရပြီး၊ ကျန်တဲ့ ၇ဝ ရာခိုင်နှုန်းဟာလည်း လစာမဲ့ ခွင့်ယူထားရတယ်လို့ ဦးအောင်အေးဟန်က ပြောပါတယ်။ လုပ်သားအင်အားကို အဓိက မှီခိုရတဲ့ ခရီးသွားလုပ်ငန်းဟာ ကပ်ရောဂါကာလမှာ စီးပွားရေး အထိနာဆုံး လုပ်ငန်းတခု ဖြစ်ခဲ့တယ်လို့လည်း WTO အတွင်းရေးမှူးချုပ် Zurab Pololikashvili က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့်တင်ရေး အသင်းတို့ရဲ့ အကြံပေး ဒေါ်မေမြတ်မွန်ဝင်း ကတော့ - ဒီလုပ်ငန်းပြန်စဖို့က ကိုဗစ်ကပ်ရောဂါ အခြေအနေပေါ် မူတည်နေတဲ့အတွက် စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။

“ကိုဗစ်က ဘယ်တော့ပြီးမလဲဆိုတာလဲ မသိဘူး။ ဘယ်လောက်ကြာမလဲလည်း မသိဘူး။ ဒီအတိုင်းသာ လုပ်ငန်းတွေ ဆက်ပိတ်ထားရရင်တော့ ကျမတို့က ပိုပြီးတော့ ဆိုးတဲ့ စီးပွားပျက်ကပ် နောက်တခု လူမှုရေးဆိုင်ရာ တကယ့်အခက်အခဲ အကျပ်အတည်းတွေပေါ့။ ပိုပြီးတော့ ဆိုးတဲ့ ဒုက္ခတွေနဲ့ ကျမတို့က ရင်ဆိုင်ရလိမ့်မယ်”

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ပြည်ပခရီးသွားလုပ်ငန်း တခုတည်းကတင် ရတဲ့ဝင်ငွေဟာ ဒေါ်လာ ၂၈၁၈ သန်းကျော်ရှိခဲ့ပါတယ်။ ဒီ ၂ဝ၂ဝ မှာတော့ ဒေါ်လာ ၅၄၃ သန်းကျော်သာ ဝင်ငွေရထားတဲ့ အတွက် ဒေါ်လာ သန်းပေါင်း ၂၃ဝဝ နီးပါး ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်းအထိကို ဆုံးရှုံးနိုင်တယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ ၁ သိန်းကျော်ရှိပြီး၊ သေဆုံးသူက ၂၁ဝဝ ကျော် ရှိနေတာကြောင့် အာဆီယံနိုင်ငံတွေထဲမှာ ရောဂါကူးစက်မှု တတိယအများဆုံးလည်း ဖြစ်နေပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ ခရီးသွားလာမှုတွေကို ကန့်သတ်ထားသလို ပြည်တွင်းလေကြောင်းလိုင်းတွေ ပြေးဆွဲခွင့်ကို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ အစိုးရက တားမြစ်ထားပြီး ပြည်ပလေကြောင်းခရီးစဉ်တွေကိုတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ပိတ်ထားပါတယ်။

ခရီးသွားလုပ်ငန်းတွေ ဘယ်တော့ပြန်စနိုင်မယ်ဆိုတာ မပြောနိုင်သေးပေမဲ့ - ကိုဗစ်အလွန်မှာ ဒီလုပ်ငန်းတွေ ပြန်နာလန်ထူလာစေဖို့အတွက် မြန်မာ့ခရီးသွားလုပ်ငန်း မဟာဗျူဟာမြောက် လမ်းပြမြေပုံ ၅ နှစ် စီမံကိန်းကို ရေးဆွဲထားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ပြောပါတယ်။

“၅ နှစ်တာကာလမှာ ဒီလုပ်ငန်း ပြန်လည်ရှင်သန်နိုးထဖို့နဲ့ ဆက်ပြီး လည်ပတ်နိုင်ဖို့ အတွက်ကို ကာလတို၊ ကာလလတ်၊ ကာလရှည်ဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး ရေးဆွဲပြဌာန်းထားပါတယ်။ နောက်တခုကတော့ HSP လို့ ခေါ်တဲ့ ကျန်းမာရေးဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီးတော့မှ ဆောင်ရွက်သွားမယ့် အစီအမံတခုကိုလည်း ကျနော်တို့ ရေးဆွဲပြဌာန်းပြီးပါပြီ”

ဒီစီမံကိန်းထဲမှာ အဓိကကတော့ ခရီးသွားလုပ်ငန်းကြီးတခုလုံးအောက်မှာရှိတဲ့ လုပ်ငန်းကဏ္ဍအသီးသီးကနေ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေပါဝင်ပြီး၊ ပြည်နယ်နဲ့ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဦးအောင်အေးဟန်က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတချို့မှာတော့ ပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ အရင်ဆုံး စတင်ဖို့၊ ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ အထူးလျှော့ဈေးအစီအစဉ်တွေ ထည့်သွင်းထားပြီး အဲ့ဒီကနေမှ ဝင်ငွေပြန်ရအောင် အစိုးရတွေက စီမံကိန်းချ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နိုင်ငံခြားခရီးသွားလုပ်ငန်းနဲ့ အဓိကဝင်ငွေရနေတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဟာဆိုရင်လည်း ရက်ရှည် လာရောက်လည်ပတ်မယ့် နိုင်ငံခြားခရီးသွားတွေအတွက် အထူးဗီဇာတွေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ပြောဆို ထားပါတယ်။ ဒါပေမဲ့ ရောက်ရောက်ချင်း နှစ်ပတ်မှာတော့ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်စစ်ဆေးခံရ မှာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံကလည်း ပြည်ပခရီးသွားလုပ်ငန်း ပြန်နာလန်ထူလာစေရေး အစီအစဉ်ထဲမှာ ဒီဂျစ်တယ် နည်းပညာကဏ္ဍ အဆင့်မြှင့်ဖို့ကို အဓိက ဦးစားပေးအဖြစ် ထည့်သွင်းထားပါတယ်။

ခရီးသွားလုပ်ငန်းတွေမှာ အတွေ့အကြုံရှိပြီးသား အာဆီယံဒေသတွင်း နိုင်ငံတွေမှာပါ ပြန်လည်နာလန်ထူဖို့ ကြိုးပမ်းနေရချိန်မှာ မြန်မာနိုင်ငံအတွက်လည်း စိန်ခေါ်ချက်တွေ အများကြီးရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်းတို့ရဲ့ အကြံပေး ဒေါ်မေမြတ်မွန်ဝင်း က ပြောပါတယ်။

“ကိုဗစ်ဖြစ်သွားတဲ့အချိန်မှာ အားလုံးက (ground zero) သုညဖြစ်သွားတယ်။ အဲဒီကနေ ပြန်ထူဖို့ဆိုတာက သမရိုးကျအတိုင်း ရမှာမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေကလည်း ပြိုင်မှာပဲလေ။ အားလုံးက သုညဖြစ်နေတာကိုး။ အပြင်မှာရှိနေတဲ့ ခရီးသွားတွေရဲ့ လိုအပ်ချက်တွေကလည်း နည်းသွားပြီ။ ဘာလို့လဲဆိုတော့ တကမ္ဘာလုံး မှာရှိတဲ့သူတွေကလည်း ဝင်ငွေနည်းသွားတယ်။ အဲ့ဒီအတွက် ခရီးစဉ်တွေကို လျှော့ချတော့မယ်။ မလိုအပ်ဘဲ သူတို့က မသုံးတော့ဘူး။ သွားတော့မယ်ဆိုရင်လည်း သူတို့က ကြည့်လိမ့်မယ်။ ဒီနေရာက ငါ့အတွက် အဆင် ပြေရဲ့လား။ ငါ့အတွက် လုံခြုံရဲ့လား။ သွားရင်းနဲ့ မတော်တဆ ရောဂါကူးခဲ့လို့ရှိရင် စသဖြင့် ဒါမျိုးတွေက ရှိဦး မှာပဲ။ ဒီပြဿနာတွေကို အတူတူကျော်ဖြတ်ဖို့ အများကြီး လိုအပ်ပါတယ်။ အစိုးရရဲ့ လမ်းပြမြေပုံက အရမ်း ကောင်းတယ်။ ဒါပေမဲ့ ဒီလမ်းပြမြေပုံကို ပွင့်လင်းမြင်သာမှုရှိပြီးတော့ ဘယ်သူတွေက လုပ်မှာလဲ။ ဘယ်တော့ လုပ်မှာလဲ။ ဘယ်လိုဖြစ်အောင်လုပ်မှာလဲ ဆိုတာတွေကို ကျမတို့က လုပ်စေချင်တဲ့အတွက် ground zero ကနေ ပြန်ထဖို့ဆိုရင် အရင်တုန်းက အတွေးအခေါ် အယူအဆတွေကို အသစ်ဖြစ်စေချင်တယ်”

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကနေ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာတော့ ခရီးသွားလုပ်ငန်း ပြန်မစနိုင်ခင် လက်ရှိကြားကာလမှာ စီးပွားရေး ပြန်ဦးမော့လာစေဖို့အတွက် အခွန်အခ သက်သာခွင့်၊ အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေရရှိစေဖို့၊ လူ့စွမ်းအား အရင်းအမြစ် သင်တန်းတွေ ဖွင့်ပေးဖို့၊ အနှေးယာဉ်လုပ်သားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ လမ်းဘေးဈေးသည်တွေအပြင် လက်မှုပညာသည်တွေအတွက် သင့်တော်တဲ့ အသေးစား၊ အလတ်စားလုပ်ငန်းငယ်လေးတွေ ထူထောင်ပေးပြီး နဂိုအခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်သင့်တယ်လို့ အစိုးရကို အကြံပြု တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။