ကပ်ဘေးကာလအတွင်း မလေးရှားရောက်မြန်မာတွေ စိတ်ဓာတ်ကျနေ

ဇာဏီထွဏ်း
2020.06.25

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်ခွင့်မရသေးတဲ့ အချိန်အတွင်း စိတ်ဓာတ်ကျပြီး စိတ်ပိုင်းဆိုင်ရာ တစ်စုံတစ်ခု ခံစားလာရင် အချင်းချင်းဖွင့်ပြောကြဖို့နဲ့ မျှော်လင့် ချက်တွေကို မစွန့်လွှတ်ကြဖို့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အလုပ်သမားကူညီရေး အဖွဲ့အစည်းတွေက အားပေးအကြံပြုကြပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ရောက်နေပြီး အခုကပ်ဘေးကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေဟာ မိခင်နိုင်ငံကို ပြန်လာခွင့်မရသေးပါဘူး။ ဒီအခြေအနေမှာ စီးပွားရေး၊ အလုပ်အကိုင်၊ နေထိုင်စားသောက်ရေး အခက်ခဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ခံစားနေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကနေ ဇွန်လဝက်လောက်အတွင်းမှာ မလေးရှားနိုင်ငံရောက် တရားမဝင်မြန်မာအလုပ်သမား ရှစ်ယောက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစဉ်ခဲ့ကြပါတယ်။ အသက် ၂၂ အရွယ်ကနေ ၄၃ နှစ်အထိ အမျိုးသား ခြောက်ယောက်၊ အမျိုးသမီး နှစ်ယောက် ဖြစ်ပါတယ်။

ကိုယ့်အသက်ကို ထိခိုက်အောင်လုပ်တာဟာ  ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ ကိုယ်လွတ်ရုန်းသလိုဖြစ်တယ်လို့ မြန်မာသံရုံးကို ကိုယ်စားပြုပြီး မလေးရှား ထိန်းသိမ်းရေးစခန်းက မြန်မာတွေကို အကူအညီပေးနေသူ ဦးသီဟမောင်မောင်က ပြောပါတယ်။

မလေးရှားကို ရောက်လာကြသူအများစုဟာ မြန်မာနိုင်ငံမှာ အလုပ်ကိုင်ရှားပါးတာ၊ မိသားစုစားဝတ်နေရေး ကျပ်တည်းတာတွေကြောင့် ရောက်လာကြတာပါ။

အခုကပ်ဘေးကြောင့် အလုပ်ဖြုတ်ခံရတာ၊ တရားမဝင်အလုပ်သမားတွေဖြစ်တဲ့အတွက် အိမ်ရှင်တွေက နေခွင့်မပေးတာ၊ မြန်မာနိုင်ငံကို ပြန်ခွင့်မရတာ၊ စတဲ့အခက်ခဲတွေ ရင်ဆိုင်နေကြရတာလို့   မြန်မာအလုပ် သမားတွေက ပြောကြပါတယ်။

မလေးရှားနိုင်ငံ၊ ဂျို့ဟိုဘာထိုးမှာနေထိုင်တဲ့ ကိုလှမျိုးကတော့ စားသောက်ဖို့ရှာဖွေရတာအပြင် မြန်မာနိုင်ငံက မိသားစုအတွက်ပါ ပူပင်နေရတာတွေရှိတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၈၅၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၂၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ လူစုလူဝေးတွေ တားမြစ်ထားတာ၊ ကန့်သတ်ထားတာတွေကြောင့် တရားမဝင်အလုပ်သမားတွေ နေရပ်ပြန်ဖို့ အခက်ခဲဖြစ်နေ တာပါ။

အရင်နှစ်တွေက ကိုယ့်ကိုယ်ကိုသေကြောင်းကြံတဲ့ နာရေးမျိုးတွေ တစ်နှစ် တစ်ယောက်ကနေ အများဆုံး နှစ်ယောက်သာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ရက်ခြားဆိုသလို ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာတွေ ဖြစ်လာတယ်လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

အဲဒါတွေမဖြစ်အောင် အချင်းချင်း ဘေးကလူတွေက ကူညီအားပေးကြဖို့ တိုက်တွန်းလိုတယ်လို့ ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီး စိတ်ကျန်းမာရေးကုသမှုဌာနက ပါမောက္ခ ဒေါက်တာတင်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အချင်းချင်းဖွင့်ပြောနိုင်တဲ့ အခြေအခြေအနေသာရှိပြီး စိတ်ပိုင်းဆိုင်ရာ နားလည်သူတွေနဲ့ နှစ်သိမ့်ဆွေးနွေးပေးဖို့ စီစဉ်ပေးထားတာတော့ မရှိဘူးလို့ အလုပ်သမားရေး ကူညီပေးနေသူတွေကပြောပါ တယ်။

ကိုရိုနာဗိုင်းရပ် ကပ်ဘေးကာလမှာ အင်တာနက်အွန်လိုင်းကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အခမဲ့ ဆွေးနွေး ပေးတာတွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လုပ်ပေးနေတာရှိပါတယ်။ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေ အင်တာနက်ကနေ ဆွေးနွေးတာတွေကို ပါဝင်နိုင်တယ်လို့ AAPP က အကြံပေးဆွေးနွေးသူ ဦးချစ်ကိုလင်းက ပြောပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံမှာ အခက်ခဲဖြစ်နေတဲ့ တရားမဝင်နိုင်ငံသားတွေကို ခေါ်ယူဖို့အတွက် မလေးရှားနိုင်ငံ သံအမတ်ကြီးနဲ့ ဇွန် ၂၂ ရက်မှာ ဆွေးနွေးခဲ့ပါတယ်။ မလေးရှားသံအမတ်ကြီး ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ဆက်တင်ပြပြီး အကြောင်းပြန်ပေးမယ်လို့ ပြောခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခုလိုပြဿနာတွေဟာ ကမ္ဘာ့အနှံ့အပြားက နိုင်ငံတွေမှာ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် စိတ်ဓာတ်မကျဖို့၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မလေးရှားအစိုးရနဲ့ ညှိနှိုင်းပြီး မြန်မာနိုင်ငံကို ပြန်ခေါ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ အချင်းချင်း ရိုင်းပင်းကူညီရင်း စောင့်စားကြဖို့ တိုက်တွန်း ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။