မလေးရှားရောက် မြန်မာဒုက္ခသည်တွေ ပြန်ပို့ခံရမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရ

RFA Burmese
2024.11.05
မလေးရှားရောက် မြန်မာဒုက္ခသည်တွေ ပြန်ပို့ခံရမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရ မလေးရှားနိုင်ငံမှ ပြန်ပို့မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို လူဝင်မှုကြီးကြပ်ရေး ထရပ်ကားတစ်စီးအတွင်း၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တွေ့ရစဉ်။
REUTERS/Lim Huey Teng

မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား သိန်းနဲ့ချီ ရှိတဲ့အထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်တပ်ရဲ့ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ စီးပွားရေး ချွတ်ခြုံကျမှုတွေကနေ ထွက်ပြေးလာပြီး ဒုက္ခသည်အဖြစ် လျှောက်ထားကြတဲ့သူတွေလည်း အများအပြား ပါဝင်နေပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံကနေ တတိယနိုင်ငံတစ်ခုခုမှာ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ခွင့်မရခင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ်ရဖို့ လျှောက်ထားတဲ့ နေရာမှာတောင် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒီလိုစောင့်ဆိုင်းနေတဲ့ အတောအတွင်း မလေးရှားအာဏာပိုင်တွေရဲ့ဖမ်းဆီးခံရပြီး ပြန်ပို့ခံရနိုင်တဲ့အန္တရာယ်လည်း ကြုံနေရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

တတိယနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ခွင့်ရဖို့ ထိုင်းနိုင်ငံကနေ လျှောက်တာထက် ပိုမြန်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မလေးရှားကို ရောက်နေတာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ ကချင်တိုင်းရင်းသား လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကတော့ အဖမ်းခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာကိုပဲ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

မလေးရှားကနေ ပြန်ပို့ခံရတဲ့အကြောင်း အိမ်မက်ဆိုးတွေတောင် မက်ပါတယ်။ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရသေးတာကြောင့်ကော၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ အလုပ်တွေလုပ်တာကြောင့်ပါ ပြန်ပို့ခံရမှာကို စိုးရိမ်နေရပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် ဘာဆက်ဖြစ်မလဲ မသိနိုင်ပါဘူးလို့ သူ့ကိုယ်သူ ဘရန် လို့ခေါ်တဲ့ ကချင်တိုင်းရင်းသားတက်ကြွလှုပ်ရှားသူက RFA ကို ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က မလေးရှားအာဏာပိုင်တွေဟာ မြန်မာစစ်တပ်ကို စွန့်ခွာလာတဲ့ တပ်သားဟောင်းတွေ အပါအဝင် မြန်မာနိုင်ငံသား နှစ်ထောင်လောက်ကို ပြန်ပို့ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ကြုံခဲ့ပါတယ်။

အခုလို ပြန်ပို့လိုက်တာကြောင့် တော်တော်ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်သွားတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ Coalition of Burma Ethnics Malaysia တိုင်းရင်းသားညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက မလေးရှားကနေ ပြန်ပို့ခံရတဲ့အထဲက တစ်ဦးဟာ ရန်ကုန်ကို ပြန်ရောက်ရောက်ချင်း ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ မလေးရှားကနေ ၁၁၈ ယောက် ပြန်ပို့လိုက်တဲ့အထဲက အများစုက ရောက်ရောက်ချင်း အဖမ်းခံခဲ့ရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

UNHCR က ပေးတဲ့ လက်မှတ်မရှိသေးရင် မလေးရှားအာဏာပိုင်တွေက လမ်းမှာ စစ်ဆေးမေးမြန်းတာ၊ ဒဏ်ငွေကောက်ခံတာတွေလည်း ခံရနိုင်တဲ့အကြောင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အခြားနာမည်မဖော်လိုတဲ့အဖွဲ့တစ်ဖွဲ့က ခေါင်းဆောင်ဖြစ်သူက RFA ကို ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို တရားဝင် လက်မှတ်ရှိ-မရှိ ရဲတွေက နေ့တိုင်းလိုလို စစ်ဆေးပါတယ်။ အာဏာပိုင်တွေဟာ မြန်မာတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်လို့ သူက ပြောပါတယ်။

မလေးရှားနိုင်ငံမှ ပြန်ပို့မည့် မြန်မာရွှေ့ပြောင်းလုပ်သားများလိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေး ထရပ်ကားတစ်စီးအား၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တွေ့ရစဉ်။ (Photo: REUTERS/Lim Huey Teng)
မလေးရှားနိုင်ငံမှ ပြန်ပို့မည့် မြန်မာရွှေ့ပြောင်းလုပ်သားများလိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေး ထရပ်ကားတစ်စီးအား၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တွေ့ရစဉ်။ (Photo: REUTERS/Lim Huey Teng)

မလေးရှားကို ရောက်လာတဲ့အထဲမှာ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတော်တော်များများလည်း ပါဝင်ပါတယ်။ သူတို့က မွတ်စလင်လူများစုဖြစ်တဲ့ မလေးရှားမှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်ကြပေမဲ့ မလေးရှားကလည်း သူတို့ကို မျက်နှာသာ မပေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှား UNHCR ရုံးကို RFA က ဖုန်းနဲ့ရော အီးမေးလ်နဲ့ပါ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

တကယ်တော့ မလေးရှားဟာ ဒုက္ခသည်တွေရဲ့အခွင့်အရေးကို အသိအမှတ်ပြုပြီး အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းထားတဲ့ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် Refugee Convention သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါပေမဲ့ UNHCR က ထုတ်ပေးတဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ လက်မှတ်ရထားရင် ကုန်ကျစရိတ်နည်းနည်းနဲ့ ဆေးရုံဆေးခန်းတက်နိုင်တာလို အခွင့်အရေးတချို့ရနိုင်သလို အဖမ်းခံရပြီး ပြန်ပို့ခံရတာတွေအတွက်လည်း အကာအကွယ်ရနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ဒီ UNHCR က ပေးတဲ့ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်ရဖို့က နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ကိုသန်းဝင်း ဆိုတဲ့ အမျိုးသားဆိုရင် သူနဲ့ သူ့ဇနီးတို့ဟာ ၂ဝ၁၉ ခုနှစ်ကလည်းက မလေးရှားမှာ ဒုက္ခသည် လက်မှတ်ရဖို့ လျှောက်ထားခဲ့ပေမဲ့ အခုထိ ဘာမှမထူးသေးပါဘူး။ ကိုသန်းဝင်းဟာ ဒုက္ခသည်လက်မှတ်ရဖို့ စောင့်နေရင်းမှာပဲ လွန်ခဲ့တဲ့ ခြောက်လလောက်က ဆိုင်ကယ်မှောက်ပြီး ခြေထောက်ကျိုးသွားတာကြောင့် တော်တော်ဒုက္ခရောက်သွားပါတယ်။ ဒုက္ခသည် လက်မှတ်လည်းမရှိ၊ ကိုယ့်စရိတ်နဲ့ကိုယ် ဆေးရုံတက်ဖို့လည်း မတတ်နိုင်တာကြောင့် ဆေးရုံက ကျိုးသွားတဲ့ သူ့ခြေထောက်ကို ပတ်တီးပဲ စည်းပေးပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။

ခြေထောက်နာလွန်းလို့ လမ်းလည်း မလျှောက်နိုင်သလို မတ်တပ်လည်း မရပ်နိုင်ပါဘူးလို့ အခုလက်ရှိမှာ ချိုင်းထောက်နဲ့ သွားလာနေရတဲ့ ကိုသန်းဝင်းက RFA ကို ပြောပြပါတယ်။ အလုပ်မလုပ်နိုင်တဲ့အတွက် တော်တော်လည်း စိတ်ဖိစီးနေရပြီး၊ သူတို့ ဇနီးမောင်နှံဟာ မလေးရှားမှာ ရှိတဲ့ အစ်ကိုတစ်ယောက်ရဲ့အကူအညီနဲ့ ရပ်တည်နေရတယ်လို့ ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

မလေးရှားမှာ မြန်မာနိုင်ငံသား လေးဆယ်ကျော် ဖမ်းဆီးခံရ

မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာ သုံးရာနီးပါး ဖမ်းဆီးခံထားရ

မလေးရှားရောက် မြန်မာဒုက္ခသည်တွေ UNHCR ကို ဆန္ဒပြ


မလေးရှားကို ရောက်နေတဲ့ ရခိုင်ပြည်နယ်သားတွေ တည်ထောင်ထားတဲ့ Center for Arakan Refugee အဖွဲ့ဟာ ကိုသန်းဝင်းတို့လို သူတွေကို အကူအညီပေးနေတာပါ။ ပြီးခဲ့တဲ့ နှစ်လလောက်အတွင်းမှာတင် မလေးရှားမှာ ဒုက္ခသည်လက်မှတ်ရဖို့ စောင့်နေရင်း မတော်တဆမှုနဲ့ကြုံရပြီး ဆေးကုသဖို့ အကူအညီလိုတာကြောင့် အကူအညီတောင်းခံသူ ၁၂ဝ လောက်အထိ ရှိခဲ့တယ်လို့ အဲဒီအဖွဲ့က ဦးအဗ္ဗဒူ ရာမန်က ပြောပါတယ်။

အကူအညီတောင်းလာတဲ့သူ အများစုက ခြေလက်ကျိုးလို့ ဆေးရုံမတက်နိုင်တဲ့သူတွေ ဖြစ်ပြီး တီဘီရောဂါ၊ HIV နဲ့ အခြား အရေးပေါ်နာမကျန်းသူတွေ အကူအညီတောင်းခံမှုတွေလည်း ရှိပေမဲ့ ဆေးရုံတင်ပေးဖို့ လုံလောက်တဲ့ ငွေကြေးမရှိဘူးလို့ သူက ပြောပါတယ်။

သူတို့ Center for Arakan Refugee အဖွဲ့ဟာ အနည်းဆုံး လူ သုံးသောင်းလောက်ကို ဒုက္ခသည်အဖြစ် လျှောက်ထားဖို့ ကူညီခဲ့ပေမဲ့ ဒီအထဲက ၂၀၀ လောက်ပဲ ဒုက္ခသည်လက်မှတ်ရသေးတယ်လို့ ပြောပါတယ်။

ကိုသန်းဝင်းနဲ့ ဇနီးဖြစ်သူတို့ကတော့ သူတို့ရဲ့ ဆယ်လသားအရွယ် သားလေးနဲ့အတူ အနောက်နိုင်ငံတစ်ခုခုမှာ ဒုက္ခသည်အဖြစ် ရွေ့ပြောင်းနေထိုင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာဖို့အတွက် အရင်ဦးဆုံး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ လက်မှတ်မရပဲတော့ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပြခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရဖို့ လျှောက်ထားတဲ့ မြန်မာပြည်ကလူပေါင်း တစ်သိန်း ခုနစ်သောင်းနီးပါး ရှိပါတယ်။ အဲဒီအထဲမှာ တစ်သိန်းတစ်သောင်းက ရိုဟင်ဂျာတွေဖြစ်ပြီး၊ နှစ်သောင်း ခုနစ်ထောင်ကျော်က ချင်းလူမျိုးတွေဖြစ်သလို၊ သုံးသောင်းကျော်က စစ်ဖြစ်နေတဲ့ ဒေသအသီးသီးက ဖြစ်တယ်လို့ မလေးရှားမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(RFA အင်္ဂလိပ်ဌာန၏ သတင်းဆောင်းပါးအား ကိုရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။