ချင်းပြည်နယ်မှာ နှစ်လအတွင်း ဘုရားကျောင်းနဲ့ နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီးခံရ

2021.10.28
ချင်းပြည်နယ်မှာ နှစ်လအတွင်း ဘုရားကျောင်းနဲ့ နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီးခံရ ၂၀၂၁ အောက်တိုဘာ ၂၅ ရက်နေ့က ဖလမ်းမြို့နဲ့ ဟားခါးမြို့အကြား တားလ်ကျေးရွာမှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေကို တွေ့ရစဥ်
Photo: CJ

ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ရှင်းလင်ရေးအတွက် အခုလအတွင်း စစ်တပ်က အင်အားအလုံးအရင်းဖြည့်တင်းလာပြီးနောက် အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောဆိုကြပါတယ်။

ချင်းပြည်နယ် ထန်တလန်နဲ့ ဖလမ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ ဒီနေ့ အောက်တိုဘာ ၂၈ ရက်နေ့အထိ နှစ်လတာအတွင်း ဘုရားကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၆၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က ထန်တလန်မြို့မှာ တိုက်ပွဲတွေကြောင့် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ နေအိမ် ၁၉ လုံးရှိခဲ့ပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့က ခရစ်ယာန်ဘုရားကျောင်းအပါအဝင် အိမ်ခြေ ၁၃ လုံးသာရှိတဲ့ ရီရယ်သီးကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရက်ထဲမှာပဲ တလန်ရောန်ရွာမှာ အိမ် ၁၂ လုံး မီးလောင်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ဟားခါး - ဖလမ်းမှာရှိတဲ့ တားလ်ကျေးရွာမှာ နေအိမ် သုံးလုံး မီးရှို့ခံခဲ့ရပြီးတဲ့နောက် အောက်တိုဘာ ၂၅ ရက်နေ့မှာလည်း နေအိမ် ၁၁ လုံး ထပ်မံမီးရှို့ခံခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ တလန်ရောန်ရွာက နေအိမ်ံသုံးလုံးလည်း ထပ်မံမီးရှို့ခံခဲ့ရပါတယ်။

ဒါကြောင့် အောက်တိုဘာလထဲမှာ ဖလမ်းမြို့နယ်အတွင်း မီးရှို့ခံခဲ့ရတဲ့ အိမ်ခြေစုစုပေါင်း ၄၂ လုံးရှိခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တလန်ရောန်ကျေးရွာ မျက်မြင်ရွာသားတစ်ဦးက အိမ်တွေကိုမီးရှို့ခဲ့တာဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

ကျွန်တော်တို့ရွာမှာ သူတို့ပဲရှိတာကို ဘယ်သူမှမရှိဘူး။ သူတို့ပဲရှိတယ်ဆိုတော့ သူတို့ကမလုပ်ရင် ဘယ်သူကလုပ်မလဲ။ အဝေးကနေ ကျွန်တော်တို့မြင်ရတယ်။ ရွာအနီးနားမှာ မနေရဲဘူးလေ။ တောထဲမှာ ပုန်းခိုရင်းနဲ့ကြည့်နေတာ။ ပြည်သူတွေရဲ့အိမ်မှာတည်းတယ်။ အစားအသောက်တွေစားတယ်ဆိုတာ ခွင့်လွှတ်လို့ရသေးတာပေါ့။ အစားအသောက်ကျန်တဲ့ဟာကို သူတို့ကြိုက်သလိုလုပ်တယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ သူတို့သတ်တယ်။ ယူလည်းမယူဘူး။ အဲလိုမျိုးအများကြီးရှိတယ်

ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့ကစပြီး ကလေးမြို့ကနေ ချင်းတောင်ကိုတက်လာတဲ့  စစ်ကောင်စီတပ်သားတွေဟာ ကလေး-ဖလမ်း-ဟားခါးလမ်းတလျှောက်ရှိ ကျေးရွာတွေအနီးကိုရောက်တိုင်း သေနတ်နဲ့ ရှင်းလင်းပစ်ခတ်တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးရချိန်မှာ နေအိမ်တွေကို ဖျက်ဆီးတာ၊ မီးရှို့တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ၊ အိမ်ထဲကပစ္စည်းတွေကို ယူဆောင်တာတွေ လုပ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့ ဒေသခံကျေးရွာတွေဟာ အခုအချိန်မှာ တောတောင်တွေထဲမှာ ယာတီတဲတွေနဲ့ ဖြစ်သလို နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့နေထိုင်ဖို့ ခက်ခဲပါတယ်။ မျက်ရည်နဲ့ပဲနေရပါတယ်"

ဆုံးရှုံးသွားတဲ့နေအိမ်တွေ ပြန်လည်ဆောက်လုပ်ရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့လည်း နေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တားလ်ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

အိမ်တစ်လုံးဆောက်ဖို့က သိန်း၁၀၀ နီးပါးကုန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ချင်းမှာဆိုရင် ချင်းဓလေ့ထုံစံအရ အိမ်ကို အဓိကထားပြီး ရှိတဲ့အရာလေးနဲ့ အကုန်ရှိသမျှကို စုပြီးတော့ အိမ်ဆောက်တယ်ဆိုတော့ အဲဒီလိုအသစ်ပြန်ဆောက်ဖို့က အရမ်းခက်ခဲပါတယ်။ အခုက စစ်ဘေးရှောင်နေရတာနဲ့ ပိုက်ဆံလည်းမရှိ စားသောက်ဖို့လည်း ခက်ခဲတယ်ဆိုတော့ ပြန်ဆောက်နိုင်ဖို့ကတော့ မလွယ်တော့ဘူး။ အခု ကျွန်တော်တို့ရွာမီးလောင်တာ နေဖို့အိမ်မရှိတော့ဘူး။ တောထဲမှာ တဲနဲ့ပဲနေရမလား။ ဘယ်လိုနေမလဲ မသိတော့ဘူး။ ကျွန်တော်တို့နေထိုင်ဖို့ ခက်ခဲပါတယ်။ မျက်ရည်နဲ့ပဲနေရပါတယ်။ ဘယ်လိုနေရမှန်းမသိတော့ဘူး။ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး အဲလိုပဲနေရတယ်

ဖလမ်းမြို့နယ်က ကျေးရွာ ခုနစ်ရွာက ဒေသခံ ၉၀၀ ခန့်ဟာ စစ်ကောင်စီတပ်သားတွေက ဖလမ်း-ဟားခါး လမ်းမပေါ်ဖြတ်သန်းသွားလာချိန် ပစ်ခတ်မှုတွေကြောင့် တောတောင်တွေထဲမှာ ဒီနေ့အထိ တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

yanhtalo-villages.jpg
(ဟားခါး-ဖလမ်းကြား ရမ်ထလိုကျေးရွာကို အောက်တိုဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ရောက်လာပြီး လူနေအိမ်များကို မွှေနှောက်သွားစဥ်) Photo: CNJ

အိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ဒေသခံတွေ တောတောင်တွေထဲကို ကြောက်လန့်ထွက်ပြေးနေရတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ရီရယ်သီးကျေးရွာက ဘုရားကျောင်းနဲ့ နေအိမ် ၁၂ လုံး မီးရှို့ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းခဲ့ရာမှာ တပ်မတော်အနေနဲ့ ဘယ်ဘာသာရေး အဆောက်အအုံကိုပဲဖြစ်ဖြစ်၊ ဘယ်ရွာမှာပဲဖြစ်ဖြစ်၊ လူမှုရေးအဆောက်အအုံပဲဖြစ်ဖြစ် ပစ်ခတ်တာမရှိကြောင်း၊ တိုက်ပွဲတွေ ရှိကောင်းရှိနိုင်ပေမဲ့ တိုက်ပွဲမှာ တစ်ခုခုဖြစ်တိုင်း တပ်ကပစ်တယ်လို့ ပြောလို့မရကြောင်း တုံ့ပြန် ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်း ကတော့ စစ်တပ်က အရပ်သားတွေရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ မှတ်တင်ထားတယ်လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးတာရယ်တင်မကဘူး။ သူတို့ဖောက်ထွင်းတာ၊ ပစ္စည်းတွေခိုးတာ၊ အိမ်မွေးတိရစ္ဆာန်တွေက အစပေါ့။ ပစ်သတ်တာတွေရှိနေတယ်။ အများကြီးရှိတယ်။ ထန်တလန်မြို့မှာလည်း တစ်မြို့လုံးလိုလို မီးရှို့ ဖျက်ဆီးသွားတယ်။ ဒါတွေက နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ ဒီအချက်အလက်တွေ ကို သေသေချာချာ ကျွန်တော်တို့ မှတ်တမ်းတင်ပြီး စုဆောင်းထားပါတယ်။ တနေ့နေ့တချိန်ချိန်မှာ ဒါတွေကို ကျွန်တော်တို့ ပြန်လည်ဖော်ထုတ်မှာဖြစ်တယ်

လက်ရှိမှာ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်ရသူ သုံးသောင်းလောက်ရှိနေပြီး ချင်းပြည်နယ်အတွင်းမှာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူ သုံးသောင်းနီးပါးရှိနေတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) က ပြောပါတယ်။

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း ၃၀၀ နီးပါးရှိတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။