ရခိုင်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံရသူ ခုနစ်ဦးအထိရှိလာ

2021.11.26
ရခိုင်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံရသူ ခုနစ်ဦးအထိရှိလာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က CDM ကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို တွေ့ရစဥ်
Photo: CJ

ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူဟာ နိုဝင်ဘာလ ၂၅ ရက် မနေ့ကအထိ အမျိုးသမီးလေးဦး၊ အမျိုးသားသုံးဦး စုစုပေါင်း ခုနစ်ဦးအထိရှိနေတယ်လို့ သူတို့နဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။

သံတွဲမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်းနဲ့ အသက် ၃၅ နှစ်အရွယ် ဒေါငြိမ်းအိ သူကျော်၊ အသက် ၅၀ အရွယ် ဒေါ်စန်းချိုသိုက်၊ ဦးစိန်ချစ်၊ အသက် ၂၅ အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ် က လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့်နဲ့ တောင်ကုတ်မြို့ အထက (၂) ကျောင်းက CDM ဆရာမ ဒေါ်ချယ်ရီ သက်ရှည်တို့ ဖမ်းဆီးတရားစွဲဆိုခံနေရတာပါ။

အဲဒီအထဲက တောင်ကုတ်မြို့က အထက်တန်းပြကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ဟာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကမှ သူ့ရဲ့နေအိမ်ကနေ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီး သွားတာဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

 “သူကတော့ လက်ရှိဘယ်မှလည်းမသွားဘူး။ CDM လုပ်ပြီးတော့ သူ့ဟာသူအိမ်မှာနေတာပေါ့။ သူ့အိမ် မှာပဲ ကျောင်းသားလေးတွေကို စာပြနေတာပေါ့။ သူက အဲဒီလောက်အထိ အဖွဲ့အစည်းတွေနဲ့တော့ ဆက်စပ်မှုကရှိမယ်မထင်ဘူး။ ဘာလို့လဲဆိုရင် အဲဒီလိုဆက်စပ်ပြီးလုပ်နေမယ်ဆိုရင် သူကအိမ်မှာလည်း နေမှာ မဟုတ်ဘူးလေ။ ဒါကတော့ ကျွန်တော့်အမြင်ပါ”

အခုလက်ရှိမှာတော့ ဒေါ်ချယ်ရီသက်ရှည်ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို အတိအကျမသိရဘဲ အဆက်အသွယ်မရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့နဲ့ ၆ ရက်နေ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရတဲ့ သံတွဲမြို့နယ်က အမျိုးသမီး သုံးဦးဟာဆိုရင်လည်း အခုလက်ရှိမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(ည) နဲ့  အမှုဖွင့်ခံထားရတယ်လို့ သူတို့နဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

 “အခုလက်ရှိဖမ်းထားတဲ့ မိသားစုတွေနဲ့ သူတို့နဲ့ဆက်စပ်သူတွေကိုပေ့ါနော် မီဒီယာတွေ မှာဖြေကြား တာတွေ မလုပ်ဖို့ ပြီးလို့ရှိရင် ဥပဒေကြောင်းအရ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ မဆက်သွယ်ဖို့၊ မပတ်သက်ဖို့ ခေါ်ယူပြီးတော့ ပြောဆိုတာတွေရှိတယ်”

မိသားစုဝင်တွေဟာ ဖမ်းဆီးခံထားရတဲ့သူတွေ ပိုပြီးကျပ်တည်းသွားမှာ စိုးရိမ်တဲ့အတွက် ဘယ်သူ့ကိုမှ မပြောရဲကြဘူးလို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေအထဲက ဒေါငြိမ်းအိသူကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကိုစေဇံဖြိုးကျော်ရဲ့ ညီမဖြစ်ပြီး ကျန်တဲ့သူတွေဟာလည်း NLD ပါတီ အောင်နိုင်ရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်ခဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေကို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေတာဟာ ဘယ်လိုမှမဖြစ်သင့်ဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

အလားတူ ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တို ဘာလ ၉ ရက်နေ့က ပထမဆုံး ဖမ်းဆီးခံလိုက်ရတဲ့ ဦးစိန်ချစ်ဟာဆိုရင်လည်း အခုလက်ရှိမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (က)၊ ၅၂ (က) တို့နဲ့ သံတွဲခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးစိန်ချစ်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သလို သံတွဲမြို့ပေါ်မှာ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင် ကူညီပေးနေသူလည်းဖြစ်ပါတယ်။

အလားတူ ဦးစိန်ချစ်နဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုရဲနိုင်ဦးကိုလည်း သံတွဲမြို့နယ်မှာရှိတဲ့ ခလရ (၅၅) တပ်ရင်းက ဗိုလ်ကြီးနေထက်ဇော်က တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (က)၊ ၅၂ (က) တွေနဲ့ တရားစွဲထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

"PDF လှုပ်ရှားမှုတွေ မပေါ်အောင် အစကတည်းက ဦးချိုးထားတယ် ဆိုတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်"

ဒါ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ မြောက်ဦးမြို့နယ် ပန်မော်ကျေးရွာက အသက် ၂၃ နှစ်အရွယ် လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့်ဟာဆိုရင်လည်း အခုလက်ရှိမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ မြောက်ဦးခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

အခုလို သံတွဲ၊ တောင်ကုတ်၊ မြောက်ဦးစတဲ့မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ဆက်စပ် တယ်ဆိုပြီး အမျိုးသမီးလေးဦးနဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ အဲဒီ မြို့နယ်တွေရဲ့ ရဲစခန်းတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ ရခိုင်မှာ အခုလို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သားတွေကို ဖမ်းဆီးတာဟာ စစ်ကောင်စီက PDF လှုပ်ရှားမှုတွေ ရခိုင်မှာ မပေါ်ပေါက်လာအောင် ဦးချိုးထားတဲ့ပုံစံဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

 “ရခိုင်တစ်ပြည်နယ်လုံးမှာ PDF လှုပ်ရှားမှုဆိုတာ မရှိပါဘူး။ အခုလို ရခိုင်ပြည်နယ်ထဲမှာ တစ်စုံတစ်ရာ အကြောင်းမရှိဘဲနဲ့ အဲဒီလိုဖမ်းဆီးတယ်ဆိုတာကတော့ ဒါ PDF လှုပ်ရှားမှုတွေမပေါ်အောင်ပေါ့နော် အစကတည်း က ဦးချိုးထားတယ်ဆိုတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ရခိုင်မှာ PDF လှုပ်ရှားမှုနဲ့ ပါဝင် ပတ်သက်တယ်ဆိုတာက ပြောရရင် ယုံတောင်မယုံဘူးပေါ့ဗျာ”

chitsein-yenaingoo.jpg
(အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံရတဲ့ ကိုရဲနိုင်ဦးနဲ့ ဦးစိန်ချစ်တို့ကို တွေ့ရစဥ်) Photo: CJ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ ဆန့်ကျင် ဆန္ဒပြခဲ့သလို အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို စစ်ကောင်စီတပ်ကနေ ပြင်းထန်စွာ နှိမ်နင်းတာတွေကြောင့် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ပုန်ကုန်မှုတွေ ပေါ်ပေါက်လာသလို စစ်ကောင်စီဘက်ကလည်း PDF တွေကို အပြင်းအထန်နှိမ်နင်းမှုတွေ လုပ်ဆောင်နေတာပါ။

 အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာသေဆုံးတဲ့အရပ်သား ၁၂၉၃ ဦးနဲ့ ဖမ်းဆီးခံခဲ့ရသူဟာလည်း တစ်သောင်းကျော်(၁၀၄၇၅)ဦး အထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။