မြန်မာဒုက္ခသည်တွေကို နှစ်နိုင်ငံနယ်စပ်မှာ စခန်းနဲ့ထားဖို့ မဏိပူရ်အစိုးရ ပြင်ဆင်နေ

RFA Burmese
2023.03.29
မြန်မာဒုက္ခသည်တွေကို နှစ်နိုင်ငံနယ်စပ်မှာ စခန်းနဲ့ထားဖို့ မဏိပူရ်အစိုးရ ပြင်ဆင်နေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာစစ်ဘေးဒုက္ခသည်များ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က မိုးရေးမြို့တွင် တွေ့ဆုံစဉ်။
Citizen Journalist

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေအတွက် ယာယီစခန်းကို ဆောက်လုပ်ပြီး နေရာချထားဖို့ ဒေသအာဏာပိုင် တွေက အသိပေးလာတယ်လို့ မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေက RFA ကို ပြောပါ တယ်။

မတ်လ ၂၆ ရက်နေ့က မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်က မြန်မာစစ်ဘေးဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနေတဲ့ ကျေးရွာတွေကို လွှတ်တော်အမတ်တွေနဲ့ မဏိပူရ်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ကားအစီးရေ လေးဆယ်လောက်နဲ့ လာရောက်ပြောဆိုခဲ့တာလို့လည်း မြန်မာဒုက္ခသည်တွေက ပြောပါတယ်။

“ကျနော်တို့ တမူးမြို့ နယ်စပ်ပေါ့။ အဲဒီနယ်စပ်တည့်တည့်မှာ။ လူဦးရေကတော့ သူတို့ပြောတာ ငါးထောင်ဆံ့တယ်ပြောတယ်"

အဲဒီဒုက္ခသည်စခန်းကို မိုးရေးမြို့နဲ့ နှစ်မိုင်ခန့်ဝေးတဲ့ အိန္ဒိယ-မြန်မာနယ်စပ် စည်းရိုးအနီးမှာ ဆောက်လုပ်မှာဖြစ်ပြီး စခန်းတစ်ခုကို လူဦးရေ ငါးထောင်ဝန်းကျင် နေထိုင်နိုင်မယ်လို့ မိုးရေးမြို့က မြန်မာ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ တမူးမြို့ နယ်စပ်ပေါ့။ အဲဒီနယ်စပ်တည့်တည့်မှာ။ လူဦးရေကတော့ သူတို့ ပြောတာ ငါးထောင် ဆံ့တယ်ပြောတယ်။ လူဦးရေ ငါးထောင်ဆံ့တာ အဲ့မှာ သုံးခု လေးခု လုပ်ပြီးတော့မှ အကုန်လုံး အဲဒီမှာပဲ နေပေးရမယ်။ စစ်ဘေးရှောင်တွေ ဘယ်ရွာမှ မနေရ ဘူး။ သူတို့လုပ်ပေးတဲ့နေရာမှာပဲ အကုန်လုံးလာနေရမယ်ဆိုပြီး ဝန်ကြီးကတော့ ပြောသွားတယ်”

မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေကို ကူညီပေးရေးအတွက်ဆိုပြီး မဏိပူရ်ပြည်နယ် အစိုးရဝန်ကြီးတွေ ပါဝင် တဲ့ ဆပ်ကော်မတီတစ်ခုကို မဏိပူရ်အစိုးရက ဖွဲ့စည်းခဲ့ပြီး နောက်မှာ အခုလို ယာယီစခန်း ဆောက်လုပ်ပေးဖို့ ဖြစ်လာတာလို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ချင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့ တွေရဲ့ တိုက်ပွဲကြောင့် မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် တစ်သောင်းကျော် ရှိပါတယ်။ အဲဒီဒုက္ခသည်တွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ချင်းပြည်နယ်ကနေ လာရောက်ခိုလှုံကြသူတွေဖြစ်ပါတယ်။

အခု စခန်းဆောက်လုပ်မယ့်နေရာဟာ မြန်မာနယ်စပ်စည်းရိုးအနီးမှာဖြစ်တာကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိတယ်လို့ မဏိပူရ်ရောက် မြန်မာစစ်ဘေး ဒုက္ခသည် တစ်ဦးက RFAကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လုပ်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီနေရာကျတော့ တကယ့်တကယ် လေ့လာရသလောက်ဆိုရင် ကျနော်တို့ စစ်ရှောင်အဖွဲ့တွေပေါ့နော်။ သူတို့က မနေရဲကြဘူး။ နယ်စပ် စည်းရိုးပေါ်မှာ ဆိုတော့လေ။ တစ်ဖက်ကလည်း အချိန်မရွေးဝင်လာနိုင်တဲ့ အခြေအနေရှိတယ်။ ဒီဘက်ကလည်း ကောင်းကောင်းမွန်မွန် လုပ်ပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မလုပ်ပေးနိုင်ဘူးဆိုရင် သူတို့ ဝင်လာနိုင်တဲ့ အတိုင်းအတာရှိတယ်။ တအားနီးစပ်နေတဲ့ နယ်စပ်စည်းရိုးပေါ်ဆိုတော့လေ”

မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာဒုက္ခသည်တွေအားလုံး အိန္ဒိယ အာဏာပိုင်တွေ စီစဉ်တဲ့ အဲဒီယာယီစခန်းမှာ နေထိုင်ရမှာဖြစ်သလို သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ လိုက်နာရမှာပါ။ မြန်မာနိုင်ငံအခြေအနေ တည်ငြိမ်သွားရင် တော့ အားလုံးနေရပ်ကိုပြန်ရမှာဖြစ်တယ်လို့ မဏိပူရ်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ ကြောင်းလည်း မြန်မာဒုက္ခသည်တွေက ပြောပါတယ်။

အိန္ဒိယအစိုးရတာဝန်ရှိသူတွေအနေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အာမခံမှု ပေးဖို့လိုအပ်ပြီး နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို လွတ်လပ်စွာ ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ အိန္ဒိယ ရောက်မြန်မာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ Indai For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“ယာယီနေထိုင်ခွင့်တော့ ပေးတယ်။ ဒါပေမဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ဘယ်လောက်များသလဲ။ သူတို့ စခန်းတွေ တည်ဆောက်ပေးတဲ့ဟာလည်း လုံခြုံရေး အာမခံမှုဘယ်လောက်ပေးသလဲ။ နောက် လူသားချင်းစာနာထောက်ထားမှုကို နိုင်ငံတကာကသော်လည်း၊ အရပ်ဘက်အဖွဲ့စည်းတွေကသော်လည်းကောင်း လွတ်လွတ် လပ်လပ် ပံ့ပိုးကူညီခွင့်ရှိ မရှိ၊ နောက်ပြီးမှ သူတို့ပြည်နယ်အစိုးရကနေ တိုက်ရိုက် လူသားချင်းစာနာထောက်ထားမှုတွေ ပေး၊ မပေးဆိုတဲ့အချက်တွေ ရှင်းလင်းချက်လုပ် တဲ့အချိန်မှာ မပါသေးတဲ့အတွက် ကျနော်တို့ ဆန်းစစ်နေတဲ့အနေအထားဖြစ်တယ်။ ပြည်နယ်အစိုးရအနေနဲ့ သူတို့ အသေးစိတ်ထုတ်ပြန်တဲ့အခါကျရင် အဲ့အချက်တွေမပါခဲ့ ရင် ကျနော်တို့က တောင်းဆိုသွားဖို့ရှိပါတယ်”

မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံသူတွေအထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု မှာပါဝင်တဲ့ CDM ဝန်ထမ်း အယောက် ငါးဆယ်လောက် ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။

မဏိပူရ်ရောက် မြန်မာဒုက္ခသည် CDM ဝန်ထမ်းတစ်ဦးကတော့ သူတို့ကို ဒုက္ခသည်စခန်း မှာ မထားဘဲ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုကတ်တွေထုတ်ပေးပြီး ကျေးရွာတွေမှာ နေထိုင်ခွင့်ပြုထားရင် ပိုလုံခြုံနိုင်တယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာစစ်ဘေးဒုက္ခသည်များ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က မိုးရေးမြို့တွင် တွေ့ဆုံစဉ်။ (Photo: Citizen Journalist)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာစစ်ဘေးဒုက္ခသည်များ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က မိုးရေးမြို့တွင် တွေ့ဆုံစဉ်။ (Photo: Citizen Journalist)

“အဲဒီနေရာကို နယ်စပ်စည်းရိုးနေရာမှာမဟုတ်ဘဲနဲ့ နေရာပြောင်းလဲဖို့ လုပ်ပေးနိုင် မယ်ဆိုရင် ကျနော်တို့ အကြိုက်တစ်မျိုးဖြစ်နေတယ်။ ကျနော်တို့ရွာတွေကို ခိုလှုံတဲ့ CDM ဝန်ထမ်းတွေသော်လည်းကောင်း၊ စစ်ဘေးရှောင်အဖွဲ့တွေသော်လည်း တတ်နိုင် သလောက် သူတို့ငွေကုန်ကြေးကျခံပြီးတော့ သူ့အိမ် သူ့ယာနဲ့ ပုံစံလိုမျိုးဆောက်ထား တဲ့အခါကျတော့ ဒီဘက်ရွာတွေအနေအထားကတော့ သူကြီးတွေနဲ့ အဆင်ပြေတာပေါ့ ဗျာ။ ဖြစ်နိုင်ရင်တော့ ကျနော်တို့နေတဲ့ရွာအလိုက်ပေါ့ဗျာ၊ သူတို့က Refuge ကတ် ကျနော်တို့ကို ထုတ်ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေတယ်လို့ ကျနော်က သုံးသပ် ပါတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်းမှာ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်က နယ်စပ်တစ်လျှောက် ရွာတွေမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို မဏိပူရ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ အနည်းဆုံး ၁၇၀ ကျော်ရှိနေပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို ယာယီစခန်းဆောက်လုပ်ပြီးစီးချိန်မှာ ပြန်လွှတ်ပေးပြီး စခန်းမှာ နေထိုင်ခွင့်ပြုမယ်လို့ မဏိပူရ်အစိုးရရဲ့ မြန်မာဒုက္ခသည် ကူညီပေးရေး ဆပ်ကော်မတီက ပြောဆို သွားခဲ့တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

မဏိပူရ်က မြန်မာဒုက္ခသည်တွေအတွက် ယာယီစခန်းဖွင့်လှစ်ပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနဲ့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာရှိတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ အကြောင်းမပြန်ပါဘူး။

မြန်မာနိုင်ငံမှာ လုံခြုံမှုမရှိလို့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာ ဒုက္ခသည်တွေဟာ မြန်မာ နယ်စပ်စည်းရိုးအနီးမှာ ဆောက်လုပ်ပေးမယ့် ယာယီစခန်းမှာ နေထိုင်ဖို့ စိုးရိမ်နေကြပြီး ပိုလုံခြုံမှုရှိမယ့် တခြားနေရာကို ရွှေ့ပြောင်းဆောက်လုပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။