အမျိုးသားတွေပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ထိုင်းနိုင်ငံကို ထိခိုက်

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024.05.20
အမျိုးသားတွေပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ထိုင်းနိုင်ငံကို ထိခိုက် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို လာရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့က တွေ့ရစဉ်။
RFA

စစ်တပ်ထဲအင်အားဖြည့်တင်းဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လူငယ်လူရွယ်ယောက်ျားလေးတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်တာဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ပေါပေမဲ့ လုပ်သားရှားတဲ့ အရေးကိစ္စကို ပိုဆိုးဝါးစေပါတယ်။

ထိုင်းမှာ မြန်မာအများအပြားလုပ်ကိုင်နေပြီး သူ့နိုင်ငံ ရေရှည်ဖွံ့ဖြိုးရေးကို ဒီလုပ်သားတွေက နှစ်ပေါင်းများစွာ ပံ့ပိုးပေးနေကြတာပါ။ ခုတော့ သူတို့တွေဘယ်ကာလထိ ဒီအလုပ်တွေမှာ လုပ်ခွင့်ရပါတော့မလဲ တွေးတောနေရပြီလို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေနဲ့ လုပ်ငန်းအစုအဖွဲ့တွေက ပြောပါတယ်။

ထိုင်းမှာ ပြည်ပလုပ်သား သုံးသန်းကျော် (၃.၃ သန်း) ရှိပြီး ဒီထဲ မြန်မာလုပ်သား နှစ်သိန်းခွဲလောက် တရားဝင် လုပ်ကိုင်နေတာမို့ မြန်မာတွေက အများဆုံးဖြစ်ပါတယ်။ မြန်မာလုပ်သား အများစုဟာ စက်ရုံတွေမှာသာမက ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပြီး နှစ်သောင်းခွဲလောက်က ငါးလုပ်ငန်းမှာ လုပ်ကိုင်ကြပါတယ်။

စစ်အာဏာချုပ်ငြိမ်းစေဖို့ တိုက်ပွဲဝင်တဲ့ လက်နက်ကိုင် မဟာမိတ်တွေ စစ်မြေပြင်မှာအရေးသာနေတာကို ကြုံနေရတဲ့ စစ်ကောင်စီဟာ သူပြဋ္ဌာန်းတဲ့ စစ်မှုမထမ်းမနေရ ဥပဒေ အာဏာသက်ရောက်စေဖို့ နည်းလမ်းရှာပါတယ်။

ဒါကြောင့်လည်း အလုပ်ရမလားမျှော်လင့်ချက်နဲ့ ပြည်ပထွက်ဖို့ကြံရွယ်တဲ့ စစ်မှုထမ်းရမဲ့ အရွယ်ယောက် ယောက်ျားလေးတွေ ပြည်ပထွက်ခွာခွင့် ထပ်မပေးတော့ဘူးလို့ မေလဆန်းက ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ဟာ ထိုင်းမှာ လုပ်ကိုင်နေပြီး အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံး လုလု မြန်မာလုပ်သားထက်ဝက်လောက်ကို သက်တမ်းထပ်တိုးမပေးတဲ့ သဘောသက်ရောက်တယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းလုပ်သားအလုပ်အဖွဲ့ အကြံပေး Roisai Wongsuban က ပြောပါတယ်။

နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ ထိုင်း မြန်မာလုပ်သား တစ်သိန်းခွဲလောက်ရဲ့ အလုပ်လုပ်ခွင့် သက်တမ်းက ကုန်ဆုံးတော့မှာမို့ မိခင်နိုင်ငံပြန် တရားဝင် စာရွက်စာတမ်းရယူ သက်တမ်းတိုးရတော့မယ်လို့ ရွှေ့ပြောင်းလုပ်သားရေးရာ နားလည်မှုစာချွန်လွှာ MOU ကို ရည်ညွှန်းပြောကြားတာပါ။

ဒီလူတွေကို အလုပ်လုပ်ခွင့်ပါမစ် ပိတ်ပစ်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘဲ မြန်မာနိုင်ငံပြန်ပြီး သက်တမ်းတိုးဖို့ တချို့က ကြောက်နေကြပါတယ်။ အကြောင်းကတော့ ထိုင်းပြန်လာပြီး အလုပ်ပြန် မလုပ်ရမှာကို စိုးရိမ်တာပါ။

၂ဝ၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သော မြန်မာအလုပ်သမားများ။ (Photo : Citizen Journalist)
၂ဝ၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သော မြန်မာအလုပ်သမားများ။ (Photo : Citizen Journalist)

ပြည်ပမှာ အလုပ်လုပ်ကိုင်ခွင့်ရဖို့ မြန်မာနိုင်ငံပြန်ပြီး စာရွက်စာတမ်းလုပ်တဲ့ လူငယ်လူရွယ်တွေ စစ်ထဲဝင်ဖို့ ဖိအားပေးခံရမှာကလည်း ယုံမှား သံသယဖြစ်စရာ မရှိဘူးလို့လည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ထူထောင်တဲ့ ဦးထူးချစ်က RFA ကို ပြောပါတယ်။ ဗမာပြည်ပြန်တာနဲ့ စစ်တပ်အတွက် လုပ်ပေးရတော့မှာပဲလို့သူက ဆိုပါတယ်။

အရှေ့တောင်အာရှမှာ ဒုတိယမြောက် စီးပွားရေး အားအတောင့်ဆုံး ထိုင်းနိုင်ငံဟာ ပြည်ပလုပ်သား ငါးသိန်းထပ်လိုနေပါတယ်။ လိုနေတဲ့ လုပ်သားဦးရေကို မြန်မာနိုင်ငံက လုပ်သားတွေနဲ့ အများဆုံး အားဖြည့်နိုင်တယ်လို့ ထိုင်း အလုပ်သမားငှားရမ်းရေး ဌာန အထက်တန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ သူတို့မှာ အလုပ်သမားက ပြတ်လပ်နေပြီး မြန်မာနိုင်ငံက လူငယ်တွေက အလုပ်ရဖို့လိုအပ်တယ်လို့ ညွှန်ကြားရေးမှူး Somchai Morakotsriwan က RFA ကို ပြောပါတယ်။

ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ထိုင်းအစိုးရက အစီအစဉ် မရေးဆွဲရသေးပါဘူး။ ဒါပေမဲ့ မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးနိုင် မတိုးနိုင် ရှင်းရှင်လင်းလင်း မသိရသေးလည်း ဂယက်တခုဖြစ်နိုင်တယ်လို့ Mr. Somchai က ပြောပါတယ်။ မြန်မာလူငယ်တွေ နယ်စပ်ကို ဖြတ်ကျော်ပြီးထိုင်းနိုင်ငံထဲ ဝင်လာလို့ ရနိုင် မရနိုင်တာပေါ်မူတည်တယ်လို့လည်း ဆိုပါတယ်။

ဂယက်ကတော့ တစ်စုံတစ်ရာရှိမယ်လို့ သူက ထင်ပါတယ်။ သူတို့ထိုင်းနိုင်ငံထဲ ဝင်လာ-မဝင်လာကို ရှိသမျှ နယ်ခြား စစ်ဆေးရေး ဂိတ်တွေကို စောင့်ကြည့်ရမယ်လို့ သူက ပြောပါတယ်။ ခုထိတော့ ဘာသတင်းမှ မရသေးဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်ဆိပ်ကမ်းတွင်အလုပ်လုပ်ကိုင်နေသော မြန်မာရွေ့ပြောင်းအလုပ်သမားများကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တွေ့ရစဉ်။  (Photo : REUTERS)
ထိုင်းနိုင်ငံ မဟာချိုင်ဆိပ်ကမ်းတွင်အလုပ်လုပ်ကိုင်နေသော မြန်မာရွေ့ပြောင်းအလုပ်သမားများကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တွေ့ရစဉ်။ (Photo : REUTERS)

တရားဝင်မှု အခြေအနေက ဘယ်လိုပဲ ဖြစ်ပါစေ၊ မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံက လက်ကို လက်ခံသင့်တယ်လို့ ထိုင်း အမျိုးသား ငါးလုပ်ငန်း အသင်း ဥက္ကဋ္ဌMongkol Sukcharoenkana က ဆိုပါတယ်။

တနည်းတော့ရှိတယ်၊ ပတ်စ်ပို့စ် နိုင်ငံကူးလက်မှတ်မရှိပေမဲ့ တရားမဝင် ဝင်လာတာကို အလေးမထားဘဲ အလုပ်လုပ်ခွင့်ပါမစ် ထုတ်ပေးဖို့ ထိုင်းနိုင်ငံက ကူညီနိုင်တယ်လို့ RFA ညီနောင် Benar သတင်းဌာနကို သူက ပြောတာပါ။

စစ်ကြောင့်ထွက်လည်းထွက်ပြေးရ၊ စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်လည်းရှောင်ရတဲ့ လူငယ်တွေကို ကျွန်တော်တို့ အလုပ်အကိုင် ပေးရမယ်။ သူတို့က ကျွန်တော်တို့ စီးပွားတက်ဖို့ အထောက်အကူပေးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ ယောက်ျားဆို အသက် ၁၈ နှစ်က ၃၅၊ မိန်းမဆိုရင် ၁၈ နှစ်က ၂၇ နှစ် ရှိရင် စစ်တပ်မှာ နှစ်နှစ် စစ်မှုထမ်းရပါမယ်။ ဒါကိုရှောင်ဖို့ ပြည်ပကို လူ တစ်သိန်းကျော် ထွက်ပြေးကြတယ်လို့လည်း Burma Affairs and Conflict Study မြန်မာ့ရေးရာနဲ့ ပဋ္ဋိပက္ခလေ့လာရေးက ပြီးခဲ့တဲ့ လက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီနေတဲ့ ဦးထူးချစ်ကတော့ မြန်မာယောက်ျားလေးတွေ ထိုင်းနိုင်ငံထဲ မသိမသာ ဝင်ဝင်လာနေပြီး တရားမဝင် ဦးရေတိုးလာလို့ ဒီလိုမျိုး ဘယ်နှစ်ယောက် လုပ်ကိုင်လို့ လုပ်ကိုင်နေမှန်း သိတောင်မသိနိုင်တော့ဘူးလို့ ပြောပါတယ်။

ယာယီနေထိုင်ခွင့်ပေးတဲ့ ပန်းရောင်ကတ်ပြားကို ထိုင်းက သူတို့ကို ထုတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြတယ်လို့ ဆိုပါတယ်။

ထိုင်းရော အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် တခြားနိုင်ငံတွေကပါ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပေမဲ့ အဓိက မကြိုးစားတာက မြန်မာစစ်ဗိုလ်ချုပ်တွေပဲ ဖြစ်ပါတယ်။

အာဏာဆုပ်ကိုင်ဖို့ မခိုင့်တခိုင့်ကြုံနေပုံရတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ပြောင်းလဲပစ်ဖို့ထိုင်းအတွက် အလွန်အရေးကြီးတယ်လို့ ရွှေ့ပြောင်းလုပ်သားအလုပ်အဖွဲ့ အကြံပေး Roisai Wongsuban က သုံးသပ်ပါတယ်။ ဒါကိုင်တွယ်ဖို့ရာကလည်း ထိုင်းအစိုးရအဖို့ ပြဿနာကြီးတရပ်ပါပဲလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။