လောက်ကိုင်ကို လက်လွှတ်ရတာ မြန်မာစစ်တပ်ရဲ့ အကြီးမားဆုံး ကျရှုံးမှုလို့ စစ်ရေးကျွမ်းကျင်သူ သုံးသပ်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.01.16
လောက်ကိုင်ကို လက်လွှတ်ရတာ မြန်မာစစ်တပ်ရဲ့ အကြီးမားဆုံး ကျရှုံးမှုလို့ စစ်ရေးကျွမ်းကျင်သူ သုံးသပ် MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။
Wechat

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာစစ်တပ်ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်ခေါင်းဆောင်ခြောက်ဦးဟာ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့တွေ ဝိုင်းထားတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လောက်ကိုင်မှာရှိနေတဲ့ တပ်သား ၂၄ဝဝ နဲ့ မိသားစုဝင်တစ်ထောင်လောက်ကို စနစ်တကျ စွန့်ခွာနိုင်ဖို့ စေ့စပ်ညှိနှိုင်းပြီး လက်နက်ချခဲ့တာဖြစ်တယ်။ အခုလို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ MNDAA ကို အရှုံးပေးပြီး လောက်ကိုင်မြို့ကို စွန့်လွှတ်လိုက်ရတာဟာ မြန်မာစစ်တပ်အတွက် ထိုးနှက်ချက် ဖြစ်သလို၊ မြန်မာစစ်တပ်ရဲ့ သမိုင်းမှာ အကြီးမားဆုံး လက်နက်ချ အညံ့ခံမှုလည်း ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်စစ်တက္ကသိုလ်က စစ်ရေးလေ့လာသူ ပါမောက္ခ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။

အခုချိန်မှာ မြောက်ပိုင်းသုံးဖွဲ့ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် အဝေးပြေးလမ်းတစ်လျှောက်က မြို့ ၁၃ မြို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ မြောက်ပိုင်းမဟာမိတ် နောက်တစ်ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်က မြို့ရွာတွေနဲ့ စစ်စခန်းတစ်ရာကျော်ကို သိမ်းပိုက်နေပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့မှာ AA အဖွဲ့ဟာ အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း မဟာမိတ် TNLA တပ်ဖွဲ့နဲ့ ပူးပေါင်းထိုးစစ်ဆင်နေပြီး၊ ကျောက်စိမ်းတွင်းတွေရှိတဲ့ ဖားကန့်မြို့ကို ချဉ်းကပ်လာနေပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းမှာဆိုရင်လည်း ကရင်နီတပ်တွေဟာ ၁ဝ၂၇ စစ်ဆင်ရေးနဲ့ တပြိုင်တည်း ‘တစ်လေးလုံး’ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ကရင်နီတပ်တွေဟာ ကယားပြည်နယ် လွိုင်ကော်ကို သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေတာ မအောင်မြင်သေးပေမဲ့ လွိုင်ကော်ကို သိမ်းယူပြီး ပြည်နယ့အစိုးရ ဖွဲ့စည်းနိုင်ဖို့နဲ့ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းတွေ စတင်နိုင်ဖို့ နီးကပ်လာနေပြီလို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

အခုဆိုရင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တပ်စခန်း ၄ဝဝ ကျော်နဲ့အတူ လက်နက်ခဲယမ်းတွေ အမြောက်အမြားလည်း ရန်သူ တပ်တွေဆီကို စွန့်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။ ၁ဝ၂၇ စစ်ဆင်ရေး နောက်ပိုင်းဖြစ်လာတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီနဲ့ မြန်မာတစ်နိုင်ငံလုံးအပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးရှိခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ စစ်ခေါင်းဆောင်တွေဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းယူမယ်လို့ ကတိပြုခဲ့ပေမဲ့ အခုထိ ဖြစ်မလာသေးပါဘူး။ စစ်တပ်က အများဆုံး လုပ်နိုင်တာ လေကြောင်းတိုက်ခိုက်မှုနဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ လှမ်းပစ်တာလောက်ပါပဲ။ ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးတစ်ဦးရဲ့ ပြောပြချက်အရ စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ TNLA ကနေ ဖမ်းဆီးရမိခဲ့တဲ့ ထိပ်ပိုင်းအရာရှိတစ်ဦးကလည်း မြန်မာစစ်ခေါင်းဆောင်တွေဟာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုမြောက်တဲ့ အမှုတွေ ကျူးလွန်ဖို့ အမိန့်ပေးနေတာကို ဝန်ခံထားပါတယ်။

မြန်မာစစ်တပ်ဟာ မကြာခင်က စစ်ကိုင်းတိုင်းမှာ လူ ၁၅ ဦး သေဆုံးခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုလိုမျိုး အတိုက်အခံတွေ ထိတ်လန့်ကြောက်ရွံ့စေမယ့် တိုက်ခိုက်မှုတွေ လုပ်နေပေမဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်လည် သိမ်းယူနိုင်လောက်တဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး မလုပ်နိုင်သေးတာ တွေ့ရပါတယ်။

လောက်ကိုင်မြို့မှာ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သွားလိုသည့်နေရာကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo : Operation 1027-3BHA via X)
လောက်ကိုင်မြို့မှာ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သွားလိုသည့်နေရာကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo : Operation 1027-3BHA via X)

ဒုတိယကတော့ မြန်မာစစ်တပ်ကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်လာနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုတွေ ရှိခဲ့တာကို ညွှန်ပြနေပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဗဟိုအဖြစ်ထားပြီး စေ့စပ်ညှိနှိုင်းမှုတွေ မပါဘဲ အခုလို လက်နက်ကိုင်တပ်ဖွဲ့တွေ အမြောက်အမြား တပြိုင်နက် ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ အလွန်မှ ခက်ခဲပါလိမ့်မယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

တတိယကတော့ စစ်ကောင်စီဘက်က လက်နက်ကျ အညံ့ခံ ဘက်ပြောင်းလာတဲ့ တပ်သားတွေကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပြုမူဆက်ဆံပုံပါ။ ၁ဝ၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီ တပ်သား လေးထောင်ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ကြသလို၊ ကချင်နယ်ခြားစောင့်တပ် တစ်ခုဆိုရင် တစ်တပ်လုံး KIA ဆီမှာ လက်နက်ချခဲ့ကြပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဘက်က စစ်ကောင်စီ သုံ့ပန်းတွေအပေါ် နှိပ်စက်ညှဉ်းပန်းတာ၊ မတရားပြုမူဆက်ဆံတာတွေ လုပ်ခဲ့ကြောင်း ယုံကြည်လောက်တဲ့ စွပ်စွဲမှုတွေ မရှိသေးပါဘူး။ ဒါက စစ်ကောင်စီတပ်တွေဟာ စစ်မြေပြင်မှာ ဖမ်းမိသမျှ အရပ်သားရော၊ ရန်သူတပ်သားရော အားလုံးကို နှိပ်စက်သတ်ဖြတ်နေတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ နေပါတယ်။

ဒါ့အပြင် လူအင်အားလျော့နည်းလာနေတဲ့ မြန်မာစစ်တပ်ဟာ မြို့ပြက လူငယ်၊ လူရွယ်တွေကို အလုပ်ခေါ်စာ အတုတွေနဲ့ မြှားခေါပြီး တပ်သားအဖြစ် အတင်းအဓမ္မ သွပ်သွင်းမှုတွေ၊ ကျေးလက်ဒေသက ပြည်သူတွေကို စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးပြီး စစ်သားအဖြစ် ပေါ်တာဆွဲနေတဲ့ သတင်းတွေပေါ်ထွက်နေပါတယ်။ စစ်ကောင်စီဟာ အကျဉ်းထောင်တွေထဲက ရာဇဝတ်သားတွေကိုလည်း ပြန်လွှတ်ပေးပြီး စစ်တာဝန်ထမ်းခိုင်းနေပါတယ်။

၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့က  ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့အား သိမ်းပိုက်ပြီးနောက် TNLA မှ ထုတ်ပြန်ထားသည့်ပုံ။ (Photo : Ta'ang TV)
၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့အား သိမ်းပိုက်ပြီးနောက် TNLA မှ ထုတ်ပြန်ထားသည့်ပုံ။ (Photo : Ta'ang TV)

မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေမှာ တပ်သားတွေအားလုံး စစ်မြေပြင်ကို ပို့ထားရလို့ တပ်လုံခြုံရေးကို မိသားစုဝင်တွေက တာဝန်ယူနေရပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြိုလဲမတတ်ဖြစ်နေပြီး စီးပွားရေးကျပ်တည်းမှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေကြောင့် ပျူစောထီးလို့ခေါ်တဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အတွက် လူသစ်စုဆောင်းမှုတွေ တိုးလာနေပါတယ်။

မြန်မာစစ်တပ်ထဲမှာ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု စွန့်လွှတ်နေရတာနဲ့ လက်နက်ချ အညံ့ခံမှုတွေကြောင့် စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကို ယုံကြည်မှု ပိုနည်းလာနေပါတယ်။

စတုတ္ထအချက်ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်ဘက်မှာမှ မပါဘဲကြားနေခဲ့တဲ့ UWSA ဝ တပ်ဖွဲ့ဟာ ဟိုပန်မြို့တိုက်ပွဲမှာ MNDAA နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်တဲ့အထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်တဲ့ UWSA ဟာ စစ်တပ်က အာဏာသိမ်းတာကို ရှုတ်ချကြောင်း မပြောသလို၊ NUG ကို ထောက်ခံကြောင်းလည်း မပြသခဲ့ပါဘူး။ UWSA မှာ စစ်သည်အင်အား သုံးသောင်းကျော်လောက်ရှိတဲ့ အပြင်၊ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို တန်ပြန် ခြိမ်းခြောက်နိုင်မယ့် ဝေဟင်ပစ် ဒုံးကျည်တွေလည်း ပိုင်ဆိုင်ထားတဲ့အတွက် UWSA ရဲ့ ရပ်တည်ချက် အပြောင်းအလဲဟာ စစ်ကောင်စီအတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်ပါတယ်။

ပဌ္စမအချက်ကတော့ အခုအချိန်မှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ မြန်မာပြည်မနဲ့ တရုတ်နိုင်ငံ နယ်စပ် ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတစ်လျှောက်မှာ လားရှိုးနဲ့ မူဆယ်ကလွဲရင် ကျန်တဲ့ မြို့အားလုံးနီးပါးကို ထိန်းချုပ်ထားပြီး စစ်ကောင်စီအတွက် အရေးကြီးတဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ထိန်းချုပ်ထားလိုက်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ဗိုလ်သင်တန်းကျောင်းတွေရှိတဲ့ ပြင်ဦးလွင်နဲ့ မိုင်အနည်းငယ်ပဲဝေးတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့ကို TNLA က သိမ်းပိုက်ထားတဲ့အတွက် စစ်ကောင်စီဟာ TNLA တပ်တွေ ကို နောင်ချိုမြို့က ဆုတ်ခွာစေဖို့ လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာလည်း တွေ့ရပါတယ်။

နောက်ဆုံးအချက်ကတော့ တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးတဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေ မအောင်မြင်မှုဘဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က နောက်ဆုံး အကြိမ် ဆွေးနွေးပွဲ မအောင်မြင်ခဲ့တာကို ကြည့်ရင် မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေဟာ တရုတ်နိုင်ငံနဲ့ နီးစပ်ပေမဲ့ တရုတ်အစိုးရရဲ့ သြဇာအာဏာကို လက်ခံပြီး သူတို့အသာစီးရနေတဲ့ ၁ဝ၂၇ စစ်ဆင်ရေးကို ရပ်တန့်ဖို့ ဆန္ဒမရှိတာကို ပြသနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၇၅ နှစ်အတွင်းမှာ နှစ်ပေါင်း ငါးဆယ်လောက် နိုင်ငံကို စိုးမိုးအုပ်ချုပ်လာတဲ့ စစ်တပ်ဟာ အလွယ်တကူတော့ အာဏာစွန့်လွှတ်မှာ မဟုတ်ပါဘူး။

ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းအား ညီနောင်မဟာမိတ်တပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကိုတွေ့ရစဉ်။ (Photo : The Kokang)
ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းအား ညီနောင်မဟာမိတ်တပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကိုတွေ့ရစဉ်။ (Photo : The Kokang)

စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အုပ်ချုပ်မှုမရှိတော့တာနဲ့ မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလိမ့်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံ နဲ့ အာဆီယံ ဥက္ကဋ္ဌ လာအိုတို့ကလည်း ဒီလို ဖြစ်မှာကို စိုးရိမ် ပူပန်ကြပါတယ်။

မြန်မာစစ်တပ်ရဲ့ ကျဆုံးမှုတွေအတွက် ထိပ်ပိုင်း ခေါင်းဆောင်တွေထဲမှာ အပြန်အလှန် စွပ်စွဲ အပြစ်တင်မှု နဲ့ အပြစ်ပေးအရေးယူမှုတွေ မြင်နေရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကတင်ပဲ စစ်ကောင်စီဟာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းတို့ကို ရာထူးကနေ အနားပေးလိုက်ပါတယ်။

လောက်ကိုင်မြို့ကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လက်ခံပြီးမှ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့်၊ အခုတော့ ထိပ်ပိုင်း ဗိုလ်ချုပ်ခြောက်ဦးကို အပြစ်ပေးအရေးယူဖို့ စီစဉ်နေတဲ့အကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန့်ကျင်တဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတာနဲ့ အမျှ၊ သူ့လက်အောက်က ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ ဘယ်တော့ စပြီး လှုပ်ရှားလာမလဲ ဆိုတာပဲ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ် လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ရေးသားထားတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

(မှတ်ချက်။  ။ ဒီသုံးသပ်ချက်ဆောင်းပါးပါ အကြောင်းအရာတွေဟာ ဆောင်းပါးရှင် ပါမောက္ခ ဇက်ခါရီ အဘူဇာ အလုပ်လုပ်နေသည့် ဝါရှင်တန်အမျိုးသားစစ်တက္ကသိုလ်နှင့် RFA ကို ကိုယ်စားပြုခြင်းမရှိဘဲ ဆောင်းပါးရှင်၏ အမြင်သာဖြစ်ပါသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။