ပွဲစားတွေ လိမ်လည်မှုကြောင့် မြန်မာ ၅ ဦး ထိုင်းမှာဒုက္ခရောက်နေ
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်ချေမှုန်းမှုအန္တရာယ်က ရှောင်တိမ်းဖို့အတွက် မြန်မာအများအပြား ထိုင်းနိုင်ငံကို နည်းမျိုးစုံနဲ့ နေ့စဉ် ရောက်ရှိလာနေပါတယ်။
အဲဒီလိုလာရောက်သူတွေထဲမှာ ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် ဒုက္ခရောက်နေသူတွေလည်း အမြောက်အများရှိပါတယ်။ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ကို ရောက်ရှိလာတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က မြန်မာ ၅ ဦးကတော့ ပွဲစား ၂ ဆင့် အလိမ်ခံရမှုကြောင့် ဒုက္ခရောက်နေပါပြီ။
အဲဒီသူတွေထဲက တစ်ဦးကတော့ ကိုအောင်မင်းသူဖြစ်ပြီး သူတို့ကို ဝေါမြို့နယ် အုပ်ဖိုအမှတ်(၃) ရွာက ပွဲစား ကိုဇော်ခိုင်ဆိုသူက တစ်ဦးကို ကျပ်ငွေ ၁၇ သိန်းနှုန်းနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်လာခဲ့တာ ဖြစ်ကြောင်းနဲ့ မူလလာရောက်စဉ်က သူတို့အဖွဲ့မှာ ၁ဝ ဦးပါဝင်ကြောင်း RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ကို ခေါ်လာတဲ့ပွဲစားက ကိုဇော်ခိုင်တဲ့။ သူက ကျွန်တော်တို့ကို ခေါ်လာတုန်းက အပြီးအစီးပေါ့နော်။ အလုပ်ထဲရောက်တော့မှ ငွေချေပါဆိုပြီးတော့ လူတစ်ယောက်ကို ၁၇ သိန်းနဲ့ ခေါ်လာတာ။ ခေါ်လာတော့ ထားဝယ်ရောက်တော့ သူက လမ်းမှာအခြေအနေမကောင်းဘူးတဲ့။ လူကိုတော့ အာမခံတယ်တဲ့ ပိုက်ဆံတွေ ဘာတွေ အာမမခံဘူးတဲ့။ တစ်ခါတည်းချေရင်လည်း ချေထားတဲ့ ဒါမှမဟုတ်လို့ရှိရင် တစ်ခုခုဖြစ်လာခဲ့ရင် တာဝန်မယူဘူးဆိုပြီးတော့ပြောတော့ ကျွန်တော်တို့ကလည်း အဲ့အချိန်ထားဝယ်မှာ အဲ့ဒီ ၁၇ သိန်းကို ချေလိုက်တာပေါ့နော်။ ထားဝယ်ကနေ တစ်ညအိပ်ပြီးတော့ ဆက်တက်လာတော့ သူကတော့ အစဦးဆုံးပြောတုန်းကတော့ လမ်းလျှောက်ရလို့ရှိရင် လမ်းမှာ ထမင်းငတ်တာတွေ ဘာတွေဖြစ်ခဲ့ရင် တစ်ခုခု မှားယွင်းတာတွေဖြစ်ခဲ့ရင်တော့ ပြန်လျော်မယ် ပြန်အမ်းမယ်ဆိုပြီး ပြောတာခင်ဗျ။ လမ်းမှာလည်း တစ်လမ်းလုံးဗျာ လမ်းလျှောက်ရတယ်။ လမ်းလျှောက်ရပြီးတော့ လှေတွေလည်း စီးရတယ်။ ပထမ ကားနဲ့ဆိုပြီးတော့ တောက်လျှောက် လမ်းလျှောက်ရတယ်။ တစ်နေကုန်လမ်းလျှောက်ပြီးတော့မှ ဒီမြစ်ကိုကူးတဲ့အခါ လမ်းလျှောက်ရတယ်။ ပြီးတော့တစ်ခါ ဆိုင်ကယ်စီးတယ်။ စီးပြီးတော့ အဲ့ဒီ ထီးခီး(နယ်ခြားဒေသ) ရောက်တဲ့အချိန်မှာ သူက သူ့ဇနီးမီးဖွားဖို့ရှိတယ်ပေါ့။ တခြားကိစ္စတွေလည်း ပေါ်လာလို့ ဆက်လိုက်လို့ မဖြစ်တော့ဘူးတဲ့။ တခြားပွဲစားနဲ့ သူပြန်ချိတ်ခဲ့ပေးမယ်တဲ့ပြောပြီးတော့ အဲဒီ ထီးခီးမှာ ပွဲစားမတစ်ယောက်နဲ့ ကျွန်တော်တို့ကို ပြန်ချိတ်ပေးတယ်ဗျ။ ညအိပ်ပြီးတော့ မနက်စောစော ကျွန်တော်တို့ကို ကားနဲ့လိုက်ပို့မယ်ဆိုပြီးတော့ အဲ့အမျိုးသမီးပွဲစားက ကျွန်တော်တို့ဆီကနေပြီးတော့ ဘတ် ၅ဝဝဝ တောင်းတယ်ဗျ။ တောင်းတဲ့ကျွန်တော်တို့မှာ မရှိဘူးလို့။ ကျွန်တော်တို့က အဲ့ဒီ ကျွန်တော်တို့ အောက်ကခေါ်လာတဲ့ပွဲစားကို တစ်ခါတည်းအပြီး မြန်မာငွေ (၁၇) သိန်း ဘတ်နဲ့ဆိုရင် နှစ်သောင်း ပေးထားပြီးသားလို့။ အဲ့လိုပြောတော့ သူက ရတယ်တဲ့ သူ့ဘာသာသူ ပြန်တောင်းလိုက်မယ်ဆိုပြီးတော့ ထပ်မတောင်းတော့ဘူး။ ထပ်မတောင်းပဲနဲ့ မနက်ကျတော့ ကျွန်တော်တို့ကို ထီးခီး ရွာထဲကနေပြီးတော့ ကားနဲ့ခေါ်လာတယ်။ ခေါ်လာပြီးတော့ တောင်ခြေလည်းရောက်လည်းရောက်ရော တောင်ခြေကနေပြီးတော့ လမ်းဆက်လျှောက်ခိုင်းတယ်။ မနက်ပိုင်း ခုနစ်နာရီကနေစတက်တာ ညနေနှစ်နာရီလောက် ထီးခီး တောင်ကိုကျော်ပြီးတော့ ဒီဘက်ထိုင်းထဲကို ရောက်တယ်ဗျ။ ရောက်တော့ အဲ့မှာ လမ်းပြတွေလည်းပါတယ် လမ်းပြတွေလည်းပါတော့ လမ်းပြတွေက ကျွန်တော်တို့ကို အဲ့တောထဲမှာပဲ အဲ့မှာခဏစောင့်ဦးဆိုပြီးတော့ လာကြိုမယ့်သူကို သွားပြောလိုက်ဦးမယ်ဆိုပြီး ကျွန်တော်တို့ကိုခဏထားခဲ့တယ်။ ထားခဲ့ပြီးတော့ နာရီဝက်လောက်ကြာတဲ့အချိန်မှာ ပြန်လာတယ် အဲဒီလမ်းပြက ရပြီတဲ့ သူဒီနေရာလည်း ပြောပြထားပြီးပြီ ခဏနေကျရင် ကားနဲ့လာခေါ်လိမ့်မယ်ဆိုပြီးတော့ အဲ့လမ်းပြတွေက ပြန်သွားတယ်။”
အဲဒီအချိန်ကစပြီး လူပွဲစားကိုဇော်ခိုင်ထံက ဝန်ဆောင်မှုတစ်စုံတစ်ရာကိုမျှ ဒီကနေ့အထိ သူတို့ထပ်ပြီးမရတော့ ပါဘူး။ အဲဒီတောထဲမှာ တစ်နေ့လုံးစောင့်နေပေမယ့် လာရောက်ခေါ်ယူသူမရှိဘဲ ညနေစောင်းမှာတော့ အနီး တစ်ဝိုက်မှာရှိတဲ့ စိုက်ခင်းပိုင်ရှင်တစ်ဦးက သူတို့အဖွဲ့ကို တွေ့ရှိသွားတယ်လို့ ကိုအောင်မင်းသူက ဆက်ပြောပါ တယ်။
“ညမိုးချုပ်တဲ့ အချိန်မှာ (ပီလောပီနံ) ကလောခြံပိုင်ရှင်တစ်ယောက်က ပွေးထောင်လာရင်းနဲ့ ကျွန်တော်တို့ကို တွေ့သွားရော။ တွေ့သွားတော့ ကျွန်တော်တို့ကလည်း တောင်းတောင်းပန်ပန်နဲ့ပြောတော့ ရေလေးဘာလေး လာ တိုက်တယ်။ အဲ့ကတည်းက ဘာမှ မစားရဘူး၊ ကလောခြံက လူက သနားလို့တိုက်တော့ ရေတွေ ဘာတွေ သောက်လိုက်ရတယ်။ သောက်ပြီးတော့လည်း နောက်နေ့ တစ်နေ့လုံးလည်း လမ်းပြတွေပြောတဲ့ ပွဲစားလည်း မလာဘူး။ ကလောခြံကလူကပဲ ကျွန်တော်တို့ကို ခေါက်ဆွဲခြောက် တစ်ယောက်တစ်ထုပ်စီ လာကျွေးတယ်။ ကျွေးပြီးတော့ သူလိုက်ချိတ်ပေးနေတယ်တဲ့။ အဲ့လူကပဲ ညနေ ၄ နာရီလောက်ကျတော့ လူတစ်ယောက်နဲ့ ကားတစ်စီးနဲ့ ပြန်ခေါ်လာတယ်။ ရပြီ ကားပေါ်တက်တက်ဆိုပြီးတော့ အဲ့ကားနဲ့ ကျွန်တော်တို့ကို လက်ရှိ ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်နေရာကို လာပို့ပေးတယ်။ ဒီကသူဌေးတွေနဲ့ သူတို့ ပွဲစားတွေနဲ့ ပြောတော့ အခု ကျွန်တော်တို့ကြိုလာတဲ့ ကားခနဲ့ တစ်ယောက်ကို ၂ သောင်း ၄ ထောင်ကျမယ်တဲ့။ အလုပ်ကကောဆိုတော့ အလုပ်က တစ်နေ့ကို လုပ်အားခ ၃ဝဝ ပေးမယ်တဲ့။ နေ့တိုင်း အလုပ်ရမယ်ဆိုတော့ ကျွန်တော်တို့ လုပ်မယ်ဆိုပြီး လုပ်လိုက်တယ်။ ကလောပင် စိုက်တာ၊ ကလောဥတူးတာ ပြောင်းပင်စိုက်တာ၊ ကြံတောရှင်းတာ လုပ်ရတယ်။ အခုနောက်ပိုင်းကျတော့ နေ့စားခလည်း မရဘူး။ နေ့စားခ မရဘဲနဲ့ ၁၆၀၊ ၁၇၀ ပဲရတဲ့နေ့တွေလည်း ရှိတယ်။ အနိမ့်ဆုံး ၃ဝ ပဲရတဲ့ နေ့တွေလည်း ရှိတယ်။ ပြောထားတာက တစ်နေ့ ၃ဝဝ ဆိုပြီး အခုကတော့ နေ့စားခ မရတော့ဘူး ပုတ်ပြတ်တွေနဲ့ဆိုတော့ ကျွန်တော်တို့အတွက် အဆင်မပြေတော့ဘူး။ ပိုင်ရှင်ကလည်း ဒီရာသီက ဒီတိုင်းပဲတဲ့ နေ့စားခ တစ်နေ့ ၃ဝဝ သူ မပေးနိုင်ဘူးလို့ ပြောတယ်။”
မူလလာခဲ့သူ ၁ဝ ဦးထဲက ၅ ဦး ထွက်ပြေးသွားကြပြီဖြစ်တဲ့အတွက် သူတို့အဖွဲ့မှာ အခု ၅ ဦးပဲကျန်ပါတယ်။ အဲဒီ ၅ ဦးကတော့ ကိုအောင်မင်းသူ၊ မစုနန္ဒာ၊ မအေးအေးမာ၊ မဟန်ဇေရွှန်းပိုင်နဲ့ ကိုအာကာမင်းခတို့ဖြစ်ပြီး သူတို့ဟာ မောင်နှစ်မအရင်းနဲ့ တစ်ဝမ်းကွဲတွေ ဖြစ်ပါတယ်။
သူတို့ကို မြန်မာပြည်ကနေ တာဝန်ခံပြီးပို့ပေးခဲ့တဲ့ ပွဲစားကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာမှာ သူတို့ကို အခုလို ပြန်ပြောခဲ့တယ်လို့ ကိုအောင်မင်းသူက သူဖမ်းယူထားခဲ့တဲ့ ပွဲစားကိုဇော်ခိုင်ရဲ့ အသံဖိုင်ကို ဖွင့်ပြခဲ့ပါတယ်။
“မင်းတို့တိုင်တော့ကော ငါက ဘာလုပ်ရမှာလဲ။ မိုက်ကြေးခွဲတာတွေ မခွဲတာတွေ လာပြောမနေနဲ့ ဟုတ်ပြီလား။ တိုင်လေ၊ မင်းတို့ကိုကျွေးမယ့်အစား သူများကို ငါကျွေးလိုက်မယ်။ မင်းတို့ အဲ့နေရာမှာ မင်းတို့ နေနိုင်အောင်သာ နေထားလိုက်။ မင်းတို့နဲ့ ငါနဲ့ လကုန်ရင် ရှင်းမယ်ကွာ။ လကုန်ရင် မင်းတို့ လိုချင်တာ ငါပေးပြီး မင်းတို့နဲ့ ငါရှင်း မယ်။ ငါဘာမှလည်း ထပ်မပြောချင်တော့ဘူး။ မင်းတို့ ပြောနေလည်း မင်းတို့ငါ့ကို ဟိုဟာပို့ ဒီဟာပို့နဲ့ ငါအာရုံ မလာဘူး။”
အဲဒီပွဲစား ကိုဇော်ခိုင်ဆိုသူကို RFA က ဖုန်းအကြိမ်ကြိမ်ဆက်ပေမယ့် လက်ခံဖြေကြားတာ မရှိသလို သူ့ရဲ့ ဖေ့စ်ဘွတ်မက်ဆင်ဂျာကို စာနဲ့ ရေးသားဆက်သွယ်ပေမယ့်လည်း အခု သတင်းရေးချိန်အထိ အကြောင်းမပြန်ပါ ဘူး။ ကိုအောင်မင်းသူက ပွဲစားကိုဇော်ခိုင်ကို သူတို့ မယုံကြည်တော့ကြောင်းနဲ့ သူတို့ဆီက မတရားရယူသွားခဲ့တဲ့ ငွေတွေကိုတော့ ပြန်လိုချင်တယ်လို့ ပြောပါတယ်။
“သူကပြောတာက ကျွန်တော်တို့ကို ပထမတစ်ခေါက်ကလည်း လုပ်ပြီးသွားပြီ။ ဒုတိယတစ်ခေါက်ကလည်း လာခိုး ထုတ်မယ်ဆိုပြီးလည်း လုပ်ပြီးသွားပြီ။ တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ်။ အခုတော့ ကျွန်တော်တို့ သူ့ကို မယုံတော့ဘူး။”
လက်ရှိအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ မဟန်ဇေရွှန်းပိုင်က မြန်မာပြည်က ထိုင်းနိုင်ငံလာမယ့်သူတွေကို အခုလို သတိပေးပါတယ်။
“ဒီကိုထွက်လာတုန်းကတော့ ရည်ရွယ်ချက်တွေကတော့ အများကြီပေါ့ဗျာ။ မိဘကိုပေးမယ်၊ နိုင်ငံရေးအတွက် လှူမယ် ဒီလိုမျိုးရည်ရွယ်ချက်တွေ အများကြီးနဲ့ လာခဲ့ပေမဲ့ အခုကျတော့ ပွဲစားက ဒီလိုမျိုး လုပ်ချသွားတော့ ကျွန်မတို့အတွက် ဘယ်လိုမှ အဆင်မပြေဘူး။ အလုပ်ကလည်း အရမ်းပင်ပန်းတယ်။ အကူအညီတောင်းတာ လည်းပါတယ်၊ ပွဲစားလိမ်လည်မှုတွေကလည်း အများကြီးဖြစ်နေတယ်။ အများကြီးဖြစ်နေတဲ့ အထဲမှာမှ ညီမတို့ကလည်း အပါအဝင်ဖြစ်သွားတယ်။ တကယ်လို့ ထိုင်းနိုင်ငံကို တက်လာမယ့် တခြားသူတွေရှိလို့ရှိရင် ညီမတို့ကို ကြည့်ပြီး နမူနာယူကြပါလို့။ ဒီပွဲစားတွေကို အရမ်းမယုံကြပါနဲ့လို့။ တကယ်လို့ ပွဲစားတွေ ဘာတွေနဲ့ လာမယ်ဆိုရင် သေချာစုံစမ်းပြီးမှ လာစေချင်ပါတယ်။”
မအေးအေးမာကလည်း ထိုင်းနိုင်ငံရောက် မြန်မာလူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ သူတို့မောင်နှစ်မ ၅ ဦးကို ဝိုင်းဝန်းကူညီကြပါလို့ RFA ကနေ မေတ္တာရပ်ခံခဲ့ပါတယ်။
“သမီးတို့ကတော့ အလုပ်ကောင်းကောင်းလေး လုပ်ပြီးတော့ အဆင်ပြေပြေလေးနေချင်တာပေ့ါ။ ဒီမှာကြီး လုပ်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ဒါလေးကို ပြောချင်တာပေ့ါ။ နောက်ပြီးတော့ အောက်မှာပေးခဲ့ရတဲ့ ပိုက်ဆံတွေက သမီးတို့က အတိုးတွေနဲ့ ပေးခဲ့ရတာဆိုတော့ အဲ့ဒါတွေက အခက်အခဲတွေလည်း ဖြစ်နေလို့လေ။”
ဘန်ကောက်မှာ အခြေစိုက်တဲ့ New Power Generation လူမှုရေးအဖွဲ့ခေါင်းဆောင် ကိုဖြိုးပိုင်က သူတို့ကို ကူညီဖို့နည်းလမ်းတွေ ရှာဖွေနေတယ်လို့ RFA ကိုပြောပါတယ်။
“ကြားကြားချင်းပေါ့ ရောင်းစားခံရတယ်၊ အကူအညီလိုပါတယ်ဆိုလို့ ကျွန်တော်ကိုယ်တိုင်ပဲ သွားရောက်ပြီး ဒီကလေးတွေနဲ့ ချိတ်ဆက်ပြီး ကူညီရခြင်းဖြစ်ပါတယ်။ ကျွန်တော်နာမည်က ကိုဖြိုးပိုင်ပါ။ ကျွန်တော် နယူးပါဝါ ဂျန်နရေးရှင်း (New Power Generation) ကပါ။ ကျွန်တော် တော်လှန်ရေးထောက်ပို့လည်း လုပ်ပါတယ်။”
လက်ရှိမှာတော့ ကိုအောင်မင်းသူတို့ ၅ ယောက်ဟာ ကြံနဲ့ ပီလော့ပီနံစိုက်ခင်းမှာပဲ ချို့ချို့တဲ့တဲ့နဲ့ သူတို့ဘဝတွေ ပိုမိုကောင်းမွန်လာမယ့်နေ့ကို မျှော်လင့်ရင်း ပင်ပန်းကြီးစွာ လုပ်ကိုင်နေကြရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၆ သန်းလောက် လက်ရှိ လာရောက်လုပ်ကိုင်နေကြတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။