မြန်မာကျပ်ငွေတန်ဖိုး ဖောင်းပွမှု ပြည်သူတွေ ပိုမိုကျပ်တည်းလာနိုင်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစလို့ ဒီနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရွှေဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနေသလို ကျပ်ငွေတန်ဖိုး အဆမတန် ဖောင်းပွမှုတွေနဲ့ပါ ဆက်တိုက်ကြုံတွေ့နေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာတန်ဖိုးဟာ မြန်မာကျပ်ငွေ ၁၇၀၈ ကျပ် ရှိရာကနေ စက်တင်ဘာ ၃၀ ဒီနေ့မှာတော့ ၁၉၈၀ ကျပ်ဝန်းကျင်အထိ ရှိနေတာကြောင့် ဒါဟာ တစ်လအတွင်း တစ်ဒေါ်လာကို ၂၇၂ ကျပ်အထိ မြင့်တက် လာခဲ့တာပါ။ ဒါပေမဲ့ ပြင်ပတရားမဝင်ဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၅၀၀ အထိ ဈေးပေါက်နေပါတယ်။
လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ အဝယ်များတာကြောင့် ဒေါ်လာပါ ရှားပါးတဲ့အထိ ဖြစ်လာနေတယ်လို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ယောက်က ပြောပြပါတယ်။
“အစပိုင်းတုန်းကတော့ ပစ္စည်းမရတာမျိုး ဖြစ်နေတာ။ ဈေးတက်နေတုန်းက ရောင်းမယ့်သူမရှိဘူး လက်ကျန်ပါ မရှိဘူး ဖြစ်သွားတယ်။ ဝယ်တဲ့သူပဲ အရမ်းများပြီးတော့ ပစ္စည်းမရှိတာ ကျွန်တော်တို့။ ဒေါ်လာကတော့ ၂၂၅၀ နဲ့ ၂၃၅၀ ကြားရှိတယ်။ ၂၂၅၀ နဲ့ဝယ်တယ် ၂၃၅၀ နဲ့ရောင်းတယ်။ အရောင်းအဝယ် ကတော့ ဒေါ်လာကတော့ အဓိကပဲပေါ့။ ဒေါ်လာက အရောင်းအဝယ်ဖြစ်တယ်။ အခုဈေးကျတော့ ရောင်းတဲ့သူများတယ် ဝယ်တဲ့သူ နည်းသွားတယ်။ ယူရိုတို့ ဘာတို့ကျတော့ Exchange Rate တူတူပါပဲ အရောင်းအဝယ် သိပ်မရှိဘူး။ စင်ကာပူတို့ဘာတို့က အရောင်းအဝယ်ရှိတယ်။ ဘတ်တို့ ဘာတို့ကလည်း အရောင်းအဝယ်ရှိတယ်။ ဘတ်လည်း ရောင်းရတယ်။ မနေ့ကတော့ ၇၀ နဲ့ရောင်းတယ် ဝယ်တာကတော့ ၆၄ လောက်ရှိမယ်”
အမေရိကန်ဒေါ်လာဈေးအပြင် တခြား နိုင်ငံခြားငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်ဟာလည်း ကျပ် ၂၀၊ စင်ကာပူ ဒေါ်လာက ကျပ် ၂၀၀၊ မလေးရှားရင်းဂစ်က ကျပ် ၂၀၀ နဲ့ ယူရိုဟာလည်း ၆၀၀ ကျပ်အထိ အသီးသီး မြင့်တက်လာခဲ့ပါတယ်။
မြန်မာနဲ့အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နယ်စပ်မှာလည်း မြန်မာကျပ်ငွေတန်ဖိုးကျလို့ တရုတ်ငွေ ဈေးနှုန်းတွေဟာ စစ်အာဏာမသိမ်းမီ ဖေဖော်ဝါရီလကထက် ထက်ဝက် မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တရုတ် ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ၂၁၅၀၀ ဝန်းကျင်ရှိခဲ့ရာကနေ အာဏာသိမ်းပြီး နောက်ပိုင်းရှစ်လအကြာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ တရုတ်ယွမ် တစ်ရာကို မြန်မာ ကျပ်ငွေ ၄၂၀၀၀ ဝန်းကျင်အထိ ဖြစ်လာခဲ့ပါတယ်။
စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာတော့ တရုတ်ယွမ် တစ်ရာကို မြန်မာကျပ်ငွေ သုံးသောင်းခွဲဈေး ပေါက်နေတယ်လို့ နယ်စပ်ငွေလဲလုပ်ငန်းလုပ်ကိုင် သူတွေကပြောပါတယ်။
ဒါဟာ နှစ်နိုင်ငံကုန်သွယ်မှုတွေ ရပ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင် အသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက သုံးသပ်ပါတယ်။
“တခြားကုန်သည်တွေလည်း အများကြီးပေါ့ဗျာ။ ဆန်ကုန်သည်ဆိုတာ ကျွန်တော်တစ်ယောက်ထဲကို ပြောတာမဟုတ်ဘူး။ ကုန်သည်အားလုံးကို ပြောတာ။ ဆန်တစ်အိတ်ကို တစ်ထောင်မြတ်တယ်ဗျာ။ ဆန်အိတ် လေးသောင်းလောက် တွက်ကြည့်ပေါ့၊ သိန်းလေးရာလောက် နစ်နာတာပေါ့။ ပဲတီစိမ်းသမား လည်း ပဲတီစိမ်နစ်နာတယ်။ တခြားကုန်ပစ္စည်းသမားလည်း တခြားကုန်ပ္စည်းအလိုက် နစ်နာတယ်။ ကျွန်တော်တို့က တရုတ်ပြည်ကို မပို့နိုင်တော့ နိုင်ငံခြားငွေ မရဘူး။ နိုင်ငံခြားငွေမရတော့ တရုတ်ငွေ တန်ဖိုးက ဒုံးဆို တောက်လျှောက် တက်သွားတာလေဗျာ။ အဲဒါလည်းပါပါတယ် အများကြီး။ အများကြီး အဆင်ပြေသွားမှာ ဂိတ်ဖွင့်လိုက်ရင်။ ငွေရေးကြေးရေးလည်း တည်ငြိမ်သွားပါလိမ့်မယ်နော့်”
ထိုင်း-မြန်မာ နယ်စပ်မှာလည်း အရင်က မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ် ၂၂၀၀ လောက်ရှိခဲ့ပြီး ဒီနေ့ဈေးကွက်မှာတော့ မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်ဘတ်ငွေ ၁၅၈၀ နဲ့ ၁၆၅၀ ကြားသာ ရတော့တယ်လို့ နယ်စပ်ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဒီလိုနယ်စပ်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေတန်ဖိုးမြင့်နေတာကြောင့် နယ်စပ်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေပြီး တချို့ဆိုင်တွေဆိုရင် ဝယ်ယူရောင်းချမှုတွေ ရပ်ထားကြရတယ်လို့ တရုတ်နယ်စပ် မူဆယ်မြို့က ကုန်သည်တစ်ဦးက ပြောပါတယ်။

တစ်ဘက်မှာလည်း ခိုင်မာမှုရှိနိုင်မယ့် ရွှေကိုဝ ယ်ယူသူတွေရှိနေတဲ့အတွက် ရွှေဈေးဟာ အခုလအတွင်း ၁၇ သိန်းကျော်ကနေ ၂၂ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
ဒါပေမဲ့ ပြည်တွင်း ရွှေဈေး ကျဆင်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောပါတယ်။
“ကုန်ဈေးနှုန်းတစ်ခု တက်တယ်၊ ကျတယ်ဆိုတာက အဓိကကတော့ ဝယ်လိုအား၊ ရောင်းလိုအားပေါ် မူတည်တာပဲလေ။ ဝယ်လိုအားလျော့သွားပြီဆို ရောင်းလိုအား များလာမှာပဲ။ တချို့လည်း ဝယ်ထားပြီးသား သူတွေက ပြန်ရောင်းမယ်ဆိုတာ တွေ့ရတယ်။ ဒီလိုမှမဟုတ်ဘူး ဝယ်လိုအားက မလျော့ဘူး ထပ်တောင် တက်လာတယ် ဆိုရင်တော့ ရောင်းလိုအားက ပြန်ဆုတ်သွားမှာပဲလေ။ သူတို့ ပိဿာ ၂၀ နေ့တိုင်း ထုတ်ရောင်းတယ်ဆိုတာလည်းပဲ သူတို့ ဘယ်လောက်ရောင်းမှာလည်း ၃ ရက် ရောင်းမလား၊ ၅ ရက် ရောင်းမလား၊ ၁၀ ရက် ရောင်းမလား။ အဲဒါကို ဝယ်လိုအားက နိုင်သွားပြီဆိုရင်တော့ ဈေးက ထပ်တက် သွားမှာပေါ့။ ဒါပေမဲ့ လက်ရှိအတိုင်းအတာအရ ကမ္ဘာ့ဈေးကိုယ်တိုင်က ကျနေတယ်။ အဲဒီလားရာတွေနဲ့ ကြည့်မယ်ဆိုတော့ ဒီနေ့မှာ မြန်မာရွှေဈေးက သိန်း ၂၀ အောက်ကို ကျသွားလိမ့်မယ်”
ပြည်တွင်းရွှေဈေး သိန်း ၂၀ ဝန်းကျင်လောက်မှာ ဝယ်ယူသူ အများအပြားရှိခဲ့တာကြောင့် ၂၂ သိန်းအထိ ဖြစ်ခဲ့ချိန်မှာ ဝယ်ယူသူနည်းသွားခဲ့သလို ရွှေဈေးက သိန်း ၂၀ အောက် ပြန်ရောက်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမြိုင်က သုံးသပ်ပါတယ်။
"အဓိကကတော့ လူတွေရဲ့ မြန်မာငွေအပေါ် ယုံကြည်မှုကျဆင်းလို့ ဖြစ်တယ်လို့ ထင်ပါတယ်"
အခုလို နိုင်ငံခြားငွေနဲ့ ရွှေဈေး သိသိသာသာ မြင့်တက်လာတာက မြန်မာကျပ်ငွေအပေါ် လူတွေရဲ့ယုံကြည်မှု ကျဆင်းပြီး ကျပ်ငွေမဟုတ်တဲ့ ရွှေနဲ့ နိုင်ငံခြားငွေကို ကိုင်ဆောင်ဖို့ ကြိုးစားလာကြတာကြောင့်ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“အဓိကကတော့ လူတွေရဲ့ မြန်မာငွေအပေါ် ယုံကြည်မှုကျဆင်းလို့ ဖြစ်တယ်လို့ ထင်ပါတယ်။ သူကတော့ Trade Deficit (ကုန်သွယ်မှု လိုငွေပြ) ဖြစ်တဲ့ဟာအပေါ် အခြေခံဖြစ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ သိတာတော့ Trade Deficit ဖြစ်ရင်လည်း သူတက်တဲ့ပမာဏက ဒီလောက်တော့ မတက်နိုင်ဘူးပေါ့နော်။ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတာကလည်း အနည်းစုလောက်ပဲ ရောင်းတာပေါ့နော်။ ဝယ်နေကြတာ က နည်းနည်းသမားတွေဆိုတော့ ဈေးတက်တာပေါ့။ ဖြစ်နိုင်ရင်တော့ မျှပြီးတော့ ဒီထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် လူများများကို ရောင်းပေးနိုင်ရင် ရောင်းတဲ့ပုံစံပြောင်းနိုင်ရင် လူတွေစိတ်ထဲ ဝယ်ချင်တာရမယ် ဆိုရင် ဈေးနည်းနည်း တည်ငြိမ်သွားမယ်လို့ ထင်ပါတယ်”
ပြည်တွင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းတာ၊ အလုပ်လက်မဲ့ တိုးပွားတာနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ဟာ ဒီ ၂၀၂၁ ခုနှစ်အတွင်းမှာ အနှုတ် ၁၈ ဒဿမ ၄ ရာခိုင်နှုန်းကို ကျဆင်းနိုင်တယ်လို့ စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာတုန်းက GDP ၆ ရာခိုင်နှုန်းတက်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်းထားခဲ့ပေမယ့် လက်ရှိအခြေအနေတွေကြောင့် အာဆီယံမှာ GDP အနှုတ်ပြတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်နေတာပါ။
ပြည်တွင်းက ကျပ်ငွေတန်ဖိုးကျတာ၊ နိုင်ငံခြားငွေကြေး၊ ရွှေနဲ့ ကုန်ဈေးနှုန်းမြင့်တက်တဲ့ အခြေအနေတွေဟာ အာဏာသိမ်းမှုဂယက်ကြောင့် ဖြစ်လာတာလို့ ပြည်သူတွေက ရှုမြင်ကြပေမယ့် အာဏာသိမ်းစစ်ကောင်စီ ကတော့ ဒါဟာ ကိုဗစ်ကပ်ဘေးကြောင့်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေတွေကို ကျော်လွန်ပြီး နောင် ၁၀ နှစ်မှာ အာဆီယံမှာ ထိပ်တန်းအဆင့် ရောက်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ ပြည်တွင်းမှာ လူပေါင်း တစ်သန်းလောက် အလုပ်အကိုင်ဆုံးရှုံးရဖို့ ရှိနေသလို ၂၀၂၂ ခုနှစ်အရောက်မှာ ၂၀၁၉ ခုနှစ်ကထက် ဆင်းရဲမွဲတေမှုနှုန်း နှစ်ဆ မြင့်တက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။