မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အင်ဒိုနီးရှားကြိုးပမ်းမှု ထိရောက်မှုမရှိ
2023.11.30

၂၀၂၃ ခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်း ကုန်ဆုံးတော့မယ့် အင်ဒိုနီးရှားက ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ရုံးက ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲဟာ လက်ရှိပဋိပက္ခတွေအတွက် ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက သုံးသပ်ကြ ပါတယ်။
ဒီဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေ၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီ ဘက်က ကြားခံကိုယ်စားလှယ် တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ပြဿနာတွေနဲ့ပတ်သက်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လျှော့ချဖို့နဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာတဲ့ မြန်မာပြည်သူတွေအတွက် လူသား ချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကြားခံ ကိုယ်စားလှယ် ဆိုတာ ဘယ်သူလဲ၊ (NUG) ဘက်က ဘယ်သူတက်ရောက်ခဲ့သလဲဆိုတာကို အတိအကျ ဖော်ပြမထားပါဘူး။
"အာဆီယံဆိုတဲ့အဖွဲ့အစည်းဟာ ဒီမြန်မာပြည် ပြဿနာကိုဖြေရှင်းနိုင်လောက်တဲ့ လုံလောက်တဲ့အနေအထားမရှိဘူးလို့ ပြောချင်ပါတယ်”
စင်ပြိုင် အာဆီယံအဖွဲ့တည်ထောင်သူနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ရဲ့ အတွင်းရေးမှူးချုပ် Debbie Stothard ကတော့ ဒီဆွေးနွေးပွဲက မြန်မာ့အရေးအတွက် ဘာမှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“ဒါက ရှင်းပါတယ်။ အင်ဒိုနီးရှား အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အခြေအနေကို နားလည်မှုလွဲနေတာပါ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက အထောက်အကူ မဖြစ်ပါဘူး။ သူတို့ပြုလုပ်ခဲ့တယ်လို့ပြောတဲ့ ဒီလိုဆွေးနွေးမှုက ဘာကြောင့်လဲဆိုတော့ တရားမဝင်စစ်အစိုးရက ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေလို့ လုပ်ခဲ့တာပါ။ NUG ဘက်ကတော့ အင်ဒိုနီးရှားရဲ့ ဆွေးနွေးပွဲကို မတက်ရောက်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်”
အင်ဒိုနီးရှားနိုင်ငံဟာ ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ပေမယ့် မြန်မာ့အရေးအတွက် ဘာမှမလုပ်နိုင်ခဲ့တာကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းကုန်တော့မယ့်အချိန်မှာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေရှိနေတယ် လို့လည်း သူက သုံးသပ်ပါတယ်။
စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုး ကလည်း ဒီဆွေးနွေးပွဲဟာ လက်ရှိမြန်မာ့အရေးအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။
“အာဆီယံမှာရှိတဲ့ ဒီမိုကရေစီချန်ပီယံ အင်ဒိုနီးရှားနိုင်ငံကြီးက သူဥက္ကဋ္ဌလုပ်တုန်းမှာတော့ ဒီလောက် တော့ လုပ်သွားနိုင်ပါတယ် ဆိုတဲ့ဟာကို အရှက်ပြေ ပြောတဲ့သဘောလိုပဲ ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်စဉ်တွေအပေါ်မှာ ဘာမှလည်း မထိခိုက်ဘူး။ ဘာမှလည်း အကျိုးသက်ရောက်မှု မရှိဘူးဆိုတာကို ကျွန်တော် အဲဒါလေးတော့သွားပြီး မြင်တယ်ပေါ့နော်”
လက်ရှိမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု နှစ်ဖက်လုံးက အလွန်အကျွံ တိုက်နေပြီဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့ ဆိုတာလည်း လုံး၀ မဖြစ်နိုင်တော့ဘူးလို့ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဆွေးနွေးပြောဆိုမယ့် ကြားခံကိုယ်စားလှယ် တက်ရောက်ပြီး အပြုသဘောဆောင်တဲ့ အရိပ်အယောင် မြင်ရကြောင်းနဲ့ ဒီသတင်းစကားဖလှယ်မှုကနေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံဘက်က အစိုးရရဲ့ ကြားခံလူ မရှိသလို အဲဒီဆွေးနွေးပွဲကိုလည်း တက်ရောက်စရာ အကြောင်း မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီထောက်ခံတဲ့ ပြည်တွင်း မီဒီယာတချို့ကို နိုဝင်ဘာ ၂၅ ရက်နေ့က တုံ့ပြန်ဖြေဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော် က သူတို့ဘက်က ကိုယ်စားလှယ်တွေ ဂျကာတာကိုသွားပြီး အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံခဲ့ပေမယ့် စစ်ကောင်စီ ကြားခံ ကိုယ်စားလှယ်နဲ့ မဆွေးနွေးခဲ့ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့က သီးသန့်တွေ့ဆုံကြတာ။ သီးသန့်တွေ့ဆုံတယ်ဆိုတာက အာဆီယံအထူးကိုယ်စားလှယ်ရုံးကနေပြီး တော့ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံသလို၊ သူတို့ PPST နဲ့လည်း တွေ့ဆုံတယ်ဆိုတာကို ပြောပြ ထားတာ။ စစ်ကောင်စီနဲ့ ကြားကကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ ဒီလူတွေ အတူတကွ ဆွေးနွေးတာ မဟုတ်ပါဘူး”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဂျကာတာမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့တွေနဲ့သာ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေနဲ့ မဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
(NUG) နဲ့ စစ်ကောင်စီဘက်က ပြောဆိုချက်တွေအပါအဝင် ဂျကာတာဆွေးနွေးပွဲအကြောင်း အသေးစိတ် သိနိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အခုလဆန်းပိုင်းက ဂျကာတာမှာကျင်းပတဲ့ အာဆီယံသတင်းမီဒီယာ ညီလာခံမှာတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ အလှမ်းဝေးနေဆဲပဲလို့ ဝန်ခံထားပါတယ်။ အင်ဒိုနီးရှားဟာ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းတစ်နှစ်အတွင်း စစ်ကောင်စီအပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ဆွေးနွေးမှုပေါင်း အကြိမ် ၁၈၀ ကျော် လုပ်ခဲ့တယ်လို့ မကြာခဏ ထုတ်ပြောထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ဂျကာတာဆွေးနွေးပွဲဟာ ဟန်ပြသက်သက်သာဖြစ်ပြီး အာဆီယံဟာ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။
“အာဆီယံကလည်း သူတို့အလုပ်လုပ်တယ်ဆိုတာ ဖော်ပြတာလောက်ပဲရှိမှာ။ လက်တွေ့မှာ ဘာမှဖြစ်လာ မယ်လို့ ကျွန်တော်မထင်ပါဘူး။ တကယ်က ဒီပြဿနာက အာဆီယံပြဿနာ မဟုတ်ပါဘူး။ အာဆီယံဆိုတဲ့အဖွဲ့ အစည်းဟာ ဒီမြန်မာပြည် ပြဿနာကိုဖြေရှင်းနိုင်လောက်တဲ့ လုံလောက်တဲ့အနေအထားမရှိဘူးလို့ ပြောချင်ပါတယ်”
တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးနိုင်တဲ့နိုင်ငံက အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံပဲရှိတယ်လို့လည်း ဦးသန်းစိုးနိုင် က ပြောပါတယ်။ လက်ရှိမှာ အဲဒီ အင်အားကြီးနှစ်နိုင်ငံစလုံးက ဘက်တစ်ဘက်စီမှာ သီးခြား ရပ်တည်နေတဲ့အတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အာဆီယံဟာ စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာပဲ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာဖို့ဆိုတဲ့ အရေးကြီးအချက်တွေပါဝင်တဲ့ ဘုံ သဘောတူညီချက် ငါးချက်ကို ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု သုံးနှစ်နီးပါးကြာတဲ့အထိ ဘာတစ်ခုမှ တိုးတက် မလာဘဲ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေသာ ပိုဆိုးလာခဲ့ပါတယ်။
အာဆီယံပဋိညာဉ်မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရ မူဝါဒနဲ့ တစ်ခုခု ဆုံးဖြတ်တိုင်း အဖွဲ့ဝင်အားလုံးရဲ့ ဘုံသဘောတူညီချက် ရရှိရမယ်ဆိုတဲ့ မူဝါဒတွေကြောင့် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ ကြိုးပမ်းချက်တွေဟာ မထိရောက်ဘူးလို့ နိုင်ငံရေးသုံးသပ်တွေက ထောက်ပြဝေဖန်ကြပါတယ်။