၂၀၂၅ မှာ မြန်မာ့အရေး အပြောင်းအလဲဖြစ်ဖို့ တော်လှန်ရေးအင်အားစုတွေ မျှော်လင့်နေ
2024.12.31

၂၀၂၅ ခုနှစ်မှာလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး မြန်မာ့အရေး ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က မျှော်မှန်းထားပါတယ်။
လာမဲ့နှစ်မှာ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ မျှော်မှန်းတယ်လို့ TNLA ပြော ရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။
“လာမဲ့ ဒီ ၂၀၂၅ မှာကျတော့ ကျွန်မတို့ မျှော်မှန်းတာက ဒီမြန်မာနိုင်ငံပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးမှာ အားလုံးပူးပေါင်းပါဝင်တဲ့ ဒီစစ်ဆင်ရေးနဲ့အတူ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ဒီစစ်အာဏာရှင်စနစ်အောက်မှ လွတ်ငြိမ်းနိုင်မယ်လို့တော့ ကျွန်မတို့ မျှော်မှန်းပါတယ်”
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့မှာပါဝင်တဲ့ TNLA ဟာ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားတာပါ။
“လာမဲ့နှစ်မှာ မြန်မာ့အရေး ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်နိုင်ပါတယ်”
ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ ဒီဇင်ဘာ လကုန်ပိုင်းအထိ တိုက်ပွဲ ဆက်ပြင်းထန်နေပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးကလည်း လာမဲ့နှစ်မှာ မြန်မာ့အရေး ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ နိုင်ငံရေးအရရော၊ စစ်ရေးအရရော ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ စစ်ရေးကတော့ နိုင်သလောက် အနေအထားကနေပြီးတော့ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ အနေအထားတစ်ခု ရောက်အောင်တော့ ဘယ်အဖွဲ့အစည်းမဆို ကြိုးစားသွားမယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်းလည်း အောင်မြင်မှုတွေ အများကြီး ရှိလာတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်ရတဲ့အပေါ်မှာ လာမဲ့ ၂၀၂၅ ထူးထူးခြားခြားကို ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ရတယ်ပေါ့နော်”
ဆက်နွှယ်သောသတင်းများ
၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနဲ့ အနာဂတ် အလားအလာ
NUG စစ်ရေး၊ သံတမန်ရေး အပြောင်းအလဲများနဲ့ ၂၀၂၄
စစ်ခေါင်းဆောင်နဲ့ ၂၀၂၄ နိုင်ငံတကာအခင်းအကျင်း
နိုင်ငံရေး လေ့လာသူအချို့ကတော့ လာမဲ့နှစ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ ပြောကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ဖိတ်ခေါ်ကြိုဆိုကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။
“လာမဲ့နှစ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်”
KNU ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ တွေ့ဆုံဆွေးနွေးမှုတွေ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကတော့ လာမဲ့နှစ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ RFA ကို ပြောပါတယ်။
“ဆက်လက်ပြီးမှာပဲ ဒီကျန်တဲ့ PDF တွေရော၊ အညာဒေသမှာရော၊ ဒီဧရာဝတီတိုင်း၊ ပဲခူးတိုင်းပေါ့နော်၊ ဒီအကုန်မှာပေါ့နော်။ စစ်ကိုင်းတိုင်းမှာလည်း အရှိန်မြှင့်ပြီးမှ ဒီ ၂၀၂၅ ကျတော့ ကျွန်တော်တို့ မြိုင်မြိုင်ဆိုင်ဆိုင် (တိုက်) ပွဲ ဖြစ်လာမှာပေါ့နော်။ မြို့သိမ်းတိုက်ပွဲ တောက်လျှောက်ဖြစ်လာမယ်။ ပြည်သူတွေအနေနဲ့လည်း တကယ့် လက်တွေ့ကျကျ ပြင်ဆင်ထားဖို့ လိုတယ်လို့ မြင်ပါတယ်။ ဗုံးခိုကျင်းတွေ ဆောက်တာ၊ လွတ်မြောက်ရာ နယ်မြေတွေကို ရွှေ့ပြောင်းတာ စသဖြင့်ပေါ့နော်”
ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်ကိုးခုအနက် ငါးမြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) က အသီးသီးသိမ်းပိုက်ထားပြီး ကျန်တဲ့မြို့နယ်တွေကို ဆက်လက် ထိုးစစ်ဆင်နေတာပါ။
AA ကတော့ ပြည်တွင်းရေး အခြေအနေတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် လာမဲ့နှစ် မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA ကဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ လာမဲ့နှစ်မှာ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းဖို့ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။
“ဒီ ၂၀၂၅ ခုနှစ် နှစ်သစ်မှာဆိုရင် ကျွန်တော်တို့ရဲ့ ဒီတော်လှန်ရေး အင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုမိုအားကောင်းပြီးတော့ နောက်ထပ်အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ရောက်ရှိဖို့အတွက် မျှော်မှန်းထားပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ ပိုမိုများပြားဖို့အတွက် မျှော်လင့်ထားပါတယ်။ ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ဖို့အတွက် မျှော်မှန်းထားပါတယ်”
လာမဲ့နှစ် မြန်မာ့အရေးအခြေအနေ၊ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) ကတော့ လက်ရှိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၉ မြို့နယ်ကို တော်လှန်ရေးအင်အားစုတွေ သိမ်းထားတယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိတယ်လို့ စစ်တပ်ကစွပ်စွဲပြီး အာဏာသိမ်းခဲ့မှုဟာ လာမဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လေးနှစ်ပြည့်မှာပါ။ စစ်ကောင်စီကတော့ လာမဲ့နှစ်ထဲမှာပဲ ရွေးကောက်ပွဲပြန်ကျင်းပဖို့ စီစဥ်နေပါတယ်။