ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေရပ်ပြန်လာရေး မြန်မာအစိုးရအဖွဲ့ သွားရောက်ရှင်းပြ
2019.07.27

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို မနေ့ကရောက်ရှိပြီး ဒီနေ့မှာတော့ ကော့ဆက်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရက ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေတွေကို ဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဦးဆောင်ပြီး ကော့ဆက်ဘဇားကို သွားခဲ့တာပါ။
ဒုက္ခသည်တွေပြန်လာတဲ့အခါ နေထိုင်ရေးအတွက် မြန်မာအစိုးရဘက်က နေအိမ်တွေဆောက်ထားပြီး ဖြစ်သလို ဒုက္ခသည်တွေ အမြောက်အမြားပြန်လာလို့ ဆောက်လုပ်ပြီး အဆင်သင့်နေအိမ်တွေ မလုံလောက်ခဲ့ရင်လည်း အစိုးရက လက်ခနဲ့ အိမ်ဆောက်စားရိတ်တွေပေးပြီး ပြန်လာသူတွေကိုယ်တိုင် အိမ်တွေ ဆောက်လုပ် နေထိုင်ခွင့်ပြုမှာ ဖြစ်တဲ့အကြောင်းတွေ ရှင်းပြသွားဖို့ရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကပြောပါတယ်။
အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေ မသိတဲ့အတွက် ပြန်လာဖို့ ခက်ခဲမှာ ဖြစ်တာကြောင့် အခုလို သွားရောက်ရှင်းပြတာလို့ ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကပြောပါတယ်။
"ကျနော်တို့ ဒီဘက်မှာ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို မသိကြဘူး။ ပြန်လာဖို့ သူတို့မှာလည်း ဆုံးဖြတ်ရခက် ချင်ခက်လိမ့်မယ်။ ကျနော်တို့ကလည်း ဒီဘက်မှာလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားတယ်။ နောက် ဒီတစ်ခေါက် ထူးခြားချက်ကတော့ အာဆီယံ AHA Centre ကလူတွေလည်း လိုက်ပါပြီး ဒီခရီးစဉ်မှာ သူတို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းလေ့လာပြီး တွေ့ရှိချက်တွေကို ရှင်းလင်းပြဖို့ ရှိပါတယ်"
ဂျပန်၊ တရုတ်၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေရဲ့ အကူအညီတွေနဲ့ နေအိမ်တွေ ဆောက်လုပ်ထားတာရှိကြောင်းနဲ့ ဆောက်လုပ်ပြီး နေအိမ်တွေဟာ သူတို့မူလနေထိုင်တဲ့ နေအိမ်တွေထက် အဆင့်မြှင့်တင်ပြီး ကွန်ကရစ်နဲ့ တည်ဆောက်ပေးထားတာလို့ ဆိုပါတယ်။
ဇူလိုင် ၉ ရက်နေ့က အိန္ဒိယအကူအညီနဲ့ ဆောက်လုပ်ပြီးနေအိမ် အလုံး ၂၅၀ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။ နေအိမ်တွေကို ဘယ်မြို့နယ်တွေနဲ့ ဘယ်နေရာတွေမှာ ဆောက် ထားတယ်ဆိုတဲ့ စာရင်းအတိအကျကိုတော့ ရုံးတက်ရက်ရောက်မှ ပြောပေးမှာဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လာတဲ့အခါ လုပ်ငန်းလုပ်ကိုင်ခွင့်နဲ့ ပတ်သက်လို့ သူတို့မူလလုပ်ခဲ့တဲ့ လယ်ယာ၊ မွေးမြူရေး၊ ရေလုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပေါင်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရအောင် ဖန်တီးပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းအတွင်း နေထိုင်ကြသူ တချို့ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုက်ရိုက်တွေ့ခွင့်ရခဲ့သူတွေကိုတော့ အဆက်အသွယ်မရခဲ့ပါဘူး။
သင်္ခါလီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးခင်မောင်က မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ ဒီနေ့ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ RFA ကိုပြောပါတယ်။
ကျနော်တို့ ရိုဟင်ဂျာကို ကိုယ်စားပြုတဲ့သူတွေနဲ့ တွေ့တာမဟုတ်ဘူး။ မြန်မာအစိုးရကို လော်ဘီလုပ်နေတဲ့ သူတွေနဲ့ တွေ့တာ
"ကျနော်တို့ ရိုဟင်ဂျာကို ကိုယ်စားပြုတဲ့သူတွေနဲ့ တွေ့တာမဟုတ်ဘူး။ မြန်မာအစိုးရကို လော်ဘီလုပ်နေတဲ့ သူတွေနဲ့ တွေ့တာ။ ဒီမှာရှိတဲ့ ကမ့်နံပါတ် ၄ မှာပဲတွေ့တာ။ ကျနော်တို့ ကိုယ်တိုင်သွားခဲ့တယ်။ ကျနော်တို့ နာမည် တောင် အဲ့ဒီမှာပါတယ်။ နောက်ဆုံးမှာ ကျနော်တို့ကို ဝင်ခွင့်မပြုဘူး။ အဓိက တင်ပြဖို့ စဉ်းစားခဲ့တာလည်း ကျနော့် မှာ ရှိပါတယ်။ ရိုဟင်ဂျာနာမည်နဲ့ ကျနော်တို့ကို နိုင်ငံသား၊ တိုင်းရင်သားတန်းတူ အခွင့်အရေးပေးရေး၊ ကိုယ့်ရွာ ကိုယ် ပြန်နိုင်ရေး၊ ကျနော်တို့ ပိုင်ဆိုင်မှုကို ပြန်လည်ပိုင်ဆိုင်ခွင့်ရရေး။ နေရပ်ပြန်ရေးအတွက် တောင်းဆို ချက်တွေ ကျနော်တို့မှာ အဆင်သင့်ရှိပါတယ်။ ကျနေ်ာတို့အဲ့ဒါကို လောလောဆယ်အနေနဲ့ တင်ပြခွင့်မရဘူး"
မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ လာမယ်ဆိုတာကြောင့် ဒုက္ခသည်စခန်းအသီးသီးမှာ စခန်းတွင်း တွေ့ဆုံပွဲတွေလုပ်ပြီး တင်ပြလိုတာတွေကို သဘောထားတောင်းခံတာတွေကို အခုလ ၂၃ ရက်နေ့က စလို့လုပ် ဆောင်ခဲ့တာတွေရှိပါတယ်။
ဘူးသီးတောင်မြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာလူဟာလီဒုက္ခသည်စခန်းကို ထွက်ပြေးသွားခဲ့တာလို့ ပြောသူ မိုဟာမတ်ဂျူဟာရ်က နေရပ်ပြန်ရေးအတွက် သူတို့လိုလားချက်ကို အခုလို ပြောပါတယ်။
"တောင်းဆိုလိုတာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတွေ နေထိုင်လာတာ အများကြီး နှစ်ပေါင်းများစွာ ကျနော်တို့ နေခဲ့ပါတယ်။ ဘင်္ဂလားကနေ ခိုးဝင်တယ်ဆိုပြီးတော့ ကျနော်တို့ကို ဘာမှ အခွင့်အရေးမပေးဘူး။ ခိုးဝင်တာ မဟုတ်ဘဲ မွေးရာပါဆိုပြီးတော့ ကျနော်တို့ တောင်းဆိုပါတယ်။ နိုင်ငံတကာကို ကြေညာပြီး ကျနော်တို့ကို နိုင်ငံသား သတ်မှတ်ပေးရမယ်။ ဒုတိယဦးစားပေး ကျနော်တို့ စစ်တွေမှာ IDP စခန်းနဲ့ နေတဲ့သူတွေကို မူလ သူတို့နေရာမှာ နေအိမ်တွေနဲ့ နေခွင့်ပေးရမယ်လို့ ပြောလိုပါတယ်"
ဒုက္ခသည်တွေက သူတို့မြန်မာနိုင်ငံ ပြန်မလာခင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်။
အစိုးရဘက်က ပြည်တွင်းကို ပြန်ရောက်မှသာ နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ်ထုတ် ပေးမှာဖြစ်ပြီး၊ မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမှာဖြစ်ကြောင်းနဲ့ သူတို့တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေထဲက ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးပို့ထားတဲ့ ပြန်လာလိုသူစာရင်းအရ လူဦးရေစာရင်း သုံးသောင်းကျော်ရှိပြီး အဲဒီထဲက မြန်မာနိုင်ငံမှာနေထိုင်ခဲ့ကြောင်း မြန်မာအစိုးရဘက်က အတည်ပြုပေးလိုက်သူ နှစ်သောင်းနီးပါးရှိနေပြီဖြစ်ပေမယ့် အဲဒီလူတွေ အမှန်တကယ်ပြန်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
ပြန်လာသူတွေကို လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့လည်း အတက်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလက ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တာရှိပြီး အခု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ဦးဆောင်ပြီး သွားရောက်တာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်ရှင်။
(RFA သတင်းထောက် မဝေမာထွန်း တင်ပြသည်)