လမ်းစမပေါ်သေးတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

ဝေမာထွန်း
2019.12.16
rohingya-refugees-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား ဒေသရှိ ဒုက္ခသည်စခန်းတစ်ခုက ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တွေကို ၂၀၁၉၊ သြဂုတ် ၂၂ ရက်နေ့က တွေ့ရစဥ်
Photo: ASSOCIATED PRESS

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရစဉ် ကာလအတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ တရားဝင် နေရပ်ပြန်လာနိုင်ချေမရှိသေးဘဲ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ဟာ ၂၀၂၀ အလွန်မှ တစ်စုံတစ်ရာ ထူးခြားမှုရှိနိုင်မယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က လက်ရှိနိုင်ငံရေးအခြေအနေအရ ဒုက္ခသည်တွေဘက်မှာ ပိုမိုအား ကောင်းနေတာကြောင့် တောင်းဆိုမှုနဲ့ သဘောထားတင်းမာမှုတွေ ပိုရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

စ်ဘက်က သူတို့ရဲ့တောင်းဆိုချက်တွေ မရမချင်း ပြန်လာမှာမဟုတ်ဘူး။ ပြီးရင် ကျနော်တို့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ တကယ်စေတနာမပါဘူးဆိုပြီး စွပ်စွဲတာမျိုးတော့ရှိနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေဟာ ရေရှည်ဆွေးနွေးရမယ့် လုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရဘက်ကသွားရောက် ဆွေးနွေးတာတွေလုပ်တာတော့ ကိုယ့်အတွက်တော့ အကျိုးမယုတ်နိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် တကယ့်အခြေအနေက ဒုက္ခသည်တွေဘက်မှာ အားကောင်းနေတာပေါ့။ ၂၀၁၇ တုန်းက လုပ်ခဲ့မယ်ဆိုရင် ကျနော်တို့က အခြေအနေက တမျိုးဖြစ်မှာပေါ့။ ခုအခြေအနေကျတော့ နိုင်ငံတကာ တရားရုံးကိစ္စတွေကော  နိုင်ငံတကာဖိအားတွေကောဆိုတော့ သူတို့ဘက်က ပိုပြီးတော့မှ တင်းတင်းမာမာ သဘောထားတွေပဲ ရှိလာလိမ့်မယ်လို့ ကျနော်ထင်တယ်။”

သွားရောက်မယ့် အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုတို့ကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် တစ်ဦးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဇ်ဘဇား ဒေသက ဒုက္ခသည်စခန်းတွေကို ဒီသီတင်းတစ်ပတ်ထဲ သွားရောက်ပြီး မြန်မာအစိုးရက ဒုက္ခသည်တွေ နေရပ် ပြန်လာရေးအတွက် စီစဉ်ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းပြဖို့ရှိနေပါတယ်။

သွားရောက်မယ့် အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုတို့ကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနဲ့ အခုလ ၁၁ ရက်နေ့မှာတွေ့ဆုံခဲ့စဉ် အာဆီယံအရေးပေါ်တုံ့ပြန်မှုနဲ့ အကဲဖြတ်အဖွဲ့ ASEAN-ERAT အဖွဲ့က ကိုယ်စားလှယ်တွေနဲ့အတူ မြန်မာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မကြာခင် သွားရောက်မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့က ဒုက္ခသည်စခန်းတွေကို သွားရောက်တဲ့အခါ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခဲ့ကြောင်း အထောက်အထားရှိသူတွေနဲ့ အထောက်အထားမရှိသူတွေကို ခွဲခြားပြီး နိုင်ငံသားဖြစ်ခွင့်ရရှိရေး ဆောင်ရွက်ပေးမယ့် အခြေအနေတွေကို ရှင်းပြဖို့လိုတယ်လို့ ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင် ကအကြံပြုပါတယ်။

ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင် "ကျနော်တို့ နှစ်နိုင်ငံကြားမှာ MOU ထိုးထားပါတယ်လေ။ MOU က နှစ်ဘက်စလုံးက အကျေအလည် သဘောတူပြီးသားပါ။ အဲဒီမူဘောင်အတွင်းက ပြောမယ်ဆိုရင် အစိုးရချင်းကတော့ ဘာမှ ပြဿနာရှိမှာ မဟုတ်ဘူး။ ကာယကံရှင်တွေကို နားလည် သဘောပေါက်အောင် လုပ်ဖို့လိုတယ်။ ကျနော်ထင်တာကတော့ သူတို့အနေနဲ့က ဒီ NVC ကို ထုတ်ပေးလိုက်ရင် နိုင်ငံမဲ့ဖြစ်မယ် ဆိုပြီး အဲ့ဒီစိုးရိမ်သောက ရှိနေတယ်။ အထောက်အထားမရှိသူကို NVC ကိုင်ခြင်းက အင်မတန်ကောင်းပါတယ်။ အထောက်အထား ရှိသူကို ရှိသလို နိုင်ငံသားလျှောက်ဖို့ ရှင်းပြရင် ကျနော့်အထင် ပြဿနာရဲ့ ၇၀ ရာခိုင်နှုန်းက ပြီးသွားမယ်လို့ ထင်ပါတယ်ခင်ဗျ။”

အထောက်အထားရှိသူတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေးဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးကတ် လျှောက် ထားဖို့နဲ့ အထောက်အထားမရှိသူတွေကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ထုတ်ပေးမယ်လို့ သိရှိထားပြီးဖြစ်ကြောင်း ကော့ဇ်ဘဇားခရိုင်၊ ဘာလူဟာလီဒုက္ခသည်စခန်းက မိုဟာမက်ဂျူဟက် ကပြော ပါတယ်။

ဒါပေမဲ့လို့ ဒုက္ခသည်အများစုမှာ နေအိမ်တွေမီးလောင်ခံရ၊ အသက်လုထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကြောင့် အထောက်အထားပြစရာတွေမရှိကြောင်းနဲ့ မိမိနေထိုင်ခဲ့တဲ့နေရာနဲ့ ခုနှစ်အချိန်ကာလတွေကို ပြောပြနိုင်မယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးဖို့ တောင်းဆိုတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈  ဧပြီလက မြန်မာအစိုးရဘက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီ ဦးစွာသွားခဲ့ပါတယ်။

အဲဒီနောက်မှာ အခုနှစ် ဇူလိုင်လထဲ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (ယခင်) ဦးဆောင်တဲ့အဖွဲ့ကလည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် သွားရောက်ရှင်းပြခဲ့ကြပါတယ်။

အဲဒီအချိန်က ဒုက္ခသည်တွေက နိုင်ငံသားအခွင့်အရေးပေးဖို့၊ လွတ်လပ်စွာသွားလာခွင့်ပေးဖို့၊ မူလနေရပ်တွေမှာ နေထိုင်ခွင့်ပြန်ပေးဖို့နဲ့ ဆုံးရှုံးခဲ့တဲ့ ပိုင်ဆိုင်မှုတွေအတွက် အစားထိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်ကနေ အောက်တိုဘာလလောက်အထိ မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေး စခန်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အမျိုးသား ၁၇၀ နီးပါး အမျိုးသမီး ၂၉၀ ဦးရောက်ရှိကြောင်း အစိုးရက ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့ တရားဝင် ပြန်လည်ဝင်ရောက်လာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလက ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် စခန်းထဲခိုလှုံနေကြသူ တချို့ကိုကော်မတီ ဖွဲ့ပေးပြီး ရခိုင်ဒေသကို သွားရောက်လေ့လာဖို့ တရုတ်နိုင်ငံဘက်က အကြံပြုခဲ့ပေမယ့် မြန်မာအစိုးရဘက်က ငြင်းပယ်ခဲ့သလို ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတချို့ကို RFA က မေးမြန်းကြည့်ချက်အရလည်း မသွားရောက်လိုကြောင်း ပြောခဲ့ပါတယ်။

ဘာလူဟာလီ ဒုက္ခသည်စခန်းက မိုဟာမက်ဂျူဟက်က ဒုက္ခသည်တွေအနေနဲ့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပြီးမှ နေရပ်ပြန်ရေး၊ မပြန်ရေးကို စဉ်းစားကြမှာဖြစ်တယ်လို့ ပြောပါတယ်။

ကျနော်တို့ ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာဟူသမျှ ICJ တရားရုံးဆုံးဖြတ်ချက်ကို စောင့်မျှော်နေတာရှိပါတယ်

ကျနော်တို့ ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာဟူသမျှ ICJ တရားရုံးဆုံးဖြတ်ချက်ကို စောင့်မျှော်နေတာရှိပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ် ဘယ်သူပဲလာလာ ကြားမှာ သဘောတူမယ့် အခြေအနေ ဘယ်သူမှမရှိသေးဘူး။ ICJ ပြီးတော့ ICC ရှိတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေ အများကြီးရှိတယ်။ ဘာတွေဆုံးဖြတ်ကြမလဲ မသိရသေးဘူး။ ဆုံးဖြတ်ချက်တစ်ခုခု ချပြီးမှ ပြန်ချင်မှပြန်မှာ အဲလိုသဘောပါခင်ဗျ။”

ဒုက္ခသည်တွေကလည်း အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းပြီး နေရပ်ပြန်ရေး ဆောင် ရွက်ကြမယ့် အခြေအနေရှိသလို အစိုးရဘက်ကလည်း ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး  ဆောင်ရွက် နေကြောင်း သက်သေထူတဲ့အနေနဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။