ကျွန်းပေါ်မှာ အခြေချဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ အမြင်မတူညီ
2020.09.09
ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံသူတချို့ နေထိုင်ဖို့ ပြင်ဆင်ထားတဲ့ ဘာဆန်ချာကျွန်းကို လေ့လာဖို့ ဘာသာရေးခေါင်းဆောင်နဲ့ အကြီးအကဲ ၄၀ ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စီစဉ်ပေးခဲ့ပါတယ်။
သွားရောက်လေ့လာခဲ့သူတွေ အများစုကတော့ ဒီကျွန်းကိုသွားရောက်နေထိုင်ဖို့ ဆန္ဒမရှိဘူးလို့ ပြောကြပါတယ်။
ဘင်္ဂလားဒေ့ရ်ှအစိုးရဟာ မြန်မာပြည်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တစ်သိန်းကို ဘာဆန်ချာကျွန်းကို ပို့ဆောင်ဖို့ ပြင်ဆင်နေပါတယ်။
ဒုက္ခသည်စခန်း ၃၀ ကျော်က ခေါင်းဆောင် ၄၀ ကို အစိုးရက ဖိတ်ခေါ်ပြီး ပြောင်းရွှေ့နေထိုင်ရမယ့် ကျွန်းရှိရာကို စက်တင်ဘာ ၅ ရက်နေ့ကနေ ၄ ရက်ကြာ ပြသခဲ့ပါတယ်။
သွားရောက်လေ့လာရာမှာပါဝင်တဲ့ ကောဆက်ဘဇားဒုက္ခသည်စခန်းက ဦးမလဝီနုရ် အာလောမ်ကတော့ ဒီကျွန်းမှာ နေထိုင်သင့်တယ်လို့ ဘယ်ပညာရှင်ကမှ မှတ်ချက်မပေးသေးဘူးလို့ ပြောပါတယ်။
"ဒီကျွန်းဟာ ခိုင်မာလား၊ ပင်လယ်ထဲက ကျွန်းတစ်ခု ပေါ်လာတာကို ဒီမှာ လူတွေနေလို့ရမှာလားဆိုတာ ဘူမိဗေဒပညာရှင်တွေ စမ်းသပ်မှပဲ သိမှာပါ၊ ကျနော်တို့ ဒီမှာ နေဖို့ဆိုတာကို လက်ခံစရာ အကြောင်း မရှိဘူး၊ ကျနော်တို့ လက်ခံလို့မရဘူးလို့ ထင်တယ်။"
ဒီကျွန်းကို သွားရောက်ဖို့အတွက် ကော့ဆက်ဘဇားကနေ ကား ၇ နာရီ စီးရသလို့ စစ်ရေယာဉ်တွေနဲ့ ၃ နာရီ ကျော်ကြာ ထပ်စီးရတာကြောင့် သွားလာရေး ခက်ခဲတယ်လို့ သွားရောက် လေ့လာသူတွေက ပြောပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရ်ှအစိုးရက ဆောက်ပေးထားတဲ့ အိမ်တွေဟာ ကျဉ်းပြီး နေအိမ် ၈ လုံးမှ မီးဖိုဆောင်တစ်ခုပဲ ထားတာဟာလည်း အဆင်မပြေနိုင်ဘူးလို့ ယူဆကြောင်း ပြောပါတယ်။
ကျွန်းကို သွားရောက်လေ့လာခဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မိုဟာမက်ခါလမ်ဆိုသူက နေရာသစ်ဟာ အဆင်ပြေနိုင်ချေရှိတယ်လို့ BenarNews သတင်းဌာနကို ပြောထားပါတယ်။
“ကျွန်းနဲ့ ပတ်သက်ပြီး ကျနော် ကြားထားတဲ့ ကြောက်စရာ၊ စိုးရိမ်စရာ အကြောင်းအရာတွေကို မတွေ့ရပါဘူး။ လုံခြုံရေး၊ ဘေးအန္တရာယ်ကနေ စိတ်ချရမှုတို့နဲ့ အပါအဝင် ဒီကျွန်းရဲ့ အနေအထားက အင်မတန် ကောင်းမွန်နေပါတယ်။ ကျနော် တွေ့မြင်လေ့လာခဲ့ရသမျှကိုတော့ အကုန် သဘောကျပါတယ်။”
ရိုဟင်ဂျာခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မိုစတာဖာ ကာမလ်ကတော့ ကျွန်းပေါ်မှာ တည်ဆောက် ပြင်ဆင်နေတာတွေ တွေ့ရတယ်လို့ BenarNews သတင်းဌာနကို ပြောပါတယ်။
“ငါးမွေးမြူရေးလုပ်ငန်းတွေ အပါအဝင် နေရာတချို့ကို ကျနော်တို့ လိုက်ပြပါတယ်။ လူနေအိမ်တွေ၊ ဗလီတွေ၊ ကျန်းမာရေးဌာနတွေ၊ စာသင်ကျောင်း၊ ကစားကွင်း၊ သုဿာန်တွေ တည်ဆောက်ထားတာကို ပြပါတယ်” လို့ သူက ပြောပါတယ်။
ဒီလို အနေအထားကြောင့် ဒုက္ခသည်တွေထဲမှာ တချို့က ပြောင်းရွှေ့နေထိုင်ဖို့ လိုလိုလားလား ဖြစ်လာနိုင်တယ်လို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟပ်ဇာ ရာမန်က ပြောပါတယ်။
“ကျနော် ထင်ပါတယ်၊ ရိုဟင်ဂျာတချို့ကတော့ အဲဒီကို လိုလိုချင်ချင် သွားကြမှာပါ။ အထူးသဖြင့် ကမ်းရိုးတန်းဒေသ ဒါမှမဟုတ် မြစ်ချောင်းဘေး နေထိုင်ခဲ့သူတွေပေါ့။ စခန်းတိုင်း စခန်းတိုင်းက အိမ်ထောင်စုတချို့ အဲဒီကို သွားရေး သဘောတူကြဖို့ ကျနော်တို့ ကြိုးစားပါ့မယ်” လို့ သူက BenarNews သတင်းဌာနကို ပြောပါတယ်။
ကုတုပါလောင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးအောင်မြိုင်ကတော့ ရေပတ်လည်ဝိုင်းနေတဲ့ နေရာမှာ မနေလိုဘဲ မြန်မာပြည်ကိုပဲ ပြန်လိုသူပါ။
"ကျနော်တို့ကျွန်းကိုသွားပြီးတော့ အခြားကမ္ဘာတစ်ခုကို ဘာသွားလုပ်မှာတုန်း၊ တိုက်ဆောက်ဆောက် ဘာဆောက်ဆောက် ကျနော်တို့ မနေချင်ပါဘူး၊ သီးခြားကမ္ဘာလို့ပဲ ကျနော် ပြောချင်တယ်၊ အဲကျွန်းမှာ အာမခံချက်မရှိဘူး၊ ဟိုဘက်လည်း ရေ၊ ဒီဘက်လည်း ရေ၊ ဆက်သွယ်ရေးရော၊ လုံခြုံရေးရော၊ သဘာဝဘေးအန္တရာယ်ရော အဲဒါ အာမခံချက်မရှိဘူးလေ၊ ဒါကြောင့် ကျနော်တို့မသွားချင်ပါဘူး၊ ကိုယ့်နိုင်ငံကိုပဲ ပြန်ချင်တယ်။"
လူ့အခွင့်ရေးလှုပ်ရှာသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့ သဘောဆန္ဒကို အလေးထားဖို့ တိုက်တွန်းထားပါတယ်။
"ရိုဟင်ဂျာတွေမသွားချင်ဘူးဆိုရင် သူတို့ လက်ရှိရှိနေတဲ့နေရာတွေမှာပဲ နေထိုင်ခွင့်ပြုဖို့နဲ့ ကူညီပေးဖို့နဲ့ အထောက်အပံ့တွေကို ဆက်ပေးဖို့ အမြဲတမ်းပြောနေတာရှိတယ်၊ အဓိကတော့ ရိုဟင်ဂျာတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်ပေ့ါနော်၊ သူတို့မသွားချင်ဘူးလို့ ဆုံးဖြတ်ရင် အတင်းအဓမ္မ ရွှေ့ပြောင်းတာမျိုးတွေ၊ ဖိအားပေးပြီး ရွှေ့ပြောင်းတဲ့ လုပ်ရပ်တွေကို ကျနော်တို့က ခွင့်ပြုမှာ မဟုတ်ဘူး၊ အမြဲတမ်း ထောက်ပြဝေဖန်ပြောဆိုတာတွေ လုပ်သွားမယ်၊ ဘင်္ဂလားဒေ့ရ်ှအစိုးရ လက်ရှိ လုပ်ရပ်တွေကြည့်မယ်ဆိုရင် ရိုဟင်ဂျာတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်ဆိုတဲ့ အလေ့အထကောင်းတွေ ပြုလုပ်နေတာ တွေရတယ်၊ အဲလိုလုပ်နေရင် မကြာခင်ပြဿနာတွေ ပြေလည်သွားမယ်လို့ ယုံကြည်တယ်၊ မည့်သည့်ကိစ္စကိုမဆို ဆောင်ရွက်တဲ့နေရာမှာ အစိုးရတွေ အနေနဲ့ အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှ အစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့အသံ၊ သူတို့စိတ်ဆန္ဒကို အလေးထားဖို့လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။"
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ရာမှာတော့ ဒီကျွန်းကိုသွားချင်တဲ့လူ တစ်ယောက်မှမရှိဘဲ သူတို့မွေးဖွားကြီးပြင်းရာ မြန်မာနိုင်ငံကိုဘဲ ပြန်ချင်ကြတယ်လို့ ရန်ကုန်မြို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးအေးလွင်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ မူလပြောထားတဲ့ အတင်းအကျပ် မပို့ဘူးဆိုတဲ့ ကတိအတိုင်း အတင်းအကျပ်မပို့ဘဲ သူတို့ သဘောဆန္ဒအတိုင်း လုပ်ဆောင်ဖို့ ဦးအေးလွင်က တိုက်တွန်းလိုက်ပါတယ်။
"ကျနော်ပြောချင်တာ သူတို့ကတိ သူတို့တည်ဖို့လိုတယ်၊ အစိုးရက အတင်းအကျပ်မပို့ဘူးဆိုရင် အတင်းအကျပ်မပို့နဲ့၊ ကာယကံရှင်အများစုကလည်း မသွားချင်ဘူးလို့ ပြောတယ်၊ သွားချင်တဲ့လူရှိရင် ကာယကံရှင်လွပ်လပ်သောဆန္ဒနဲ့ သွားချင်ရင်တော့ ကျနော်တို့ ဘာမှပြောစရာအကြောင်းမရှိဘူး၊ သို့သော် သူတို့ကတိအတိုင်း အတင်းအကျပ်မပို့ဖို့လိုတယ်၊ ၂ အချက် ကာယကံရှင်ဆန္ဒ မရှိဘဲနဲ့လည်း မပို့ဖို့ လိုအပ်ပါတယ်။"
ဒီကျွန်းဟာ မကြာခင်မှာ ပင်လယ်အောက်ကို ရောက်သွားနိုင်သလို မုန်တိုင်းလမ်းကြောင်းမှာ ရှိတာကြောင့် လူနေဖို့မသင့်ကြောင်း ပညာရှင်တချို့က ထောက်ပြထားတယ်လို့ ဦးအေးလွင်က ဆိုပါတယ်။
လက်ရှိ ဘာဆန်ချာကျွန်းမှာ လှေစီးပြီး ထွက်ပြေးရာကနေ ပို့ဆောင်ခံထားရသူ ၃၀၀ ကျော်ရှိပြီး အဲ့ဒီလူတွေကလည်း ဒီကျွန်းမှာ မနေလိုဘဲ ဒုက္ခသည်စခန်းကို ပြန်ခေါ်သွားဖို့ သွားရောက်လေ့လာတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တွေဆုံစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီကျွန်းမှာ ဘာသာရေး အဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ တမံတွေနဲ့ မုန်တိုင်းဖြစ်ရင် နားခိုလို့ရအောင် ဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေ ဆောက်လုပ်ထားတာတွေ့ရတယ်လို့လည်း သွားရောက်လေ့လာသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှအစိုးရက ဒီကျွန်းမှာ တမံနဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၈၀ ကျော် သုံးစွဲခဲ့ပြီး ၂၀၁၉ ခုနှစ်ကတည်း တမံမြှင့်ဖို့နဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် သန်း ၉၀ ထပ်ပေးထားတယ်လို့ BenarNews မှာ ရေးသားထားပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ရှိပြီး အခုချိန်ထိ နေရပ်ပြန်ရေးကိစ္စတွေဟာ မသေချာ မရေရာသေးပါဘူး။