သြဂုတ်ပထမပတ်မှာ မုတ်သုံမိုးကြောင့် လူငါးသောင်းခန့် ထိခိုက်

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.08.13
သြဂုတ်ပထမပတ်မှာ မုတ်သုံမိုးကြောင့် လူငါးသောင်းခန့် ထိခိုက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်သဖြင့် ရေကြီးနေသည့်မြင်ကွင်းအား တွေ့ရစဉ်။
ဦးငယ်

သြဂုတ်လဆန်းကစလို့ မုတ်သုံမိုးသည်းထန်ပြီး မြစ်ချောင်းတွေရေလျှံတဲ့အတွက် လူ ငါးသောင်းလောက် ရေဘေးသင့်ရတယ်လို့ UNOCHA ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ခန့်မှန်းပါတယ်။

လယ်ယာစိုက်ခင်းတွေလည်း ရေနစ်မြုပ်ပေမဲ့ ဘယ်နစ်ဧကနစ်မြှုပ်သလဲဆိုတာ ခန့်မှန်းနိုင်ဖို့ ခက်တယ်လို့ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်တာဝန်ခံ ဦးဇော်ရန်းက ပြောပါတယ်။ ဘာကြောင့်ပါလဲ။

"စိုက်ပျိုးတဲ့ တချို့နေရာတွေမှာ ရေတွေလွှမ်းတယ်။ သို့သော်လည်းပဲ စာရင်းအတိအကျရဖို့ အားနည်းချက်ရှိတာက နဂိုကတည်းကကိုက စာရင်းကောက်တဲ့အဖွဲ့အစည်း မရှိဘူးပေါ့နော်။ တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးဥပဒေအရ တောင်သူလယ်သမားတွေ ရာသီဥတုဒဏ်ခံရတဲ့အခါမျိုးမှာ ချက်ချင်းလုပ်ဖို့အတွက် ဝန်ကြီးတွေ ဦးဆောင်တဲ့အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ကလည်း အလုပ်မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အာဏာသိမ်းထားတဲ့အတွက် လုံခြုံရေးအခြေအနေအရ အလုပ်မလုပ်နိုင်တဲ့အတွက် စစ်ကောင်စီအနေနဲ့ ဧကပေါင်းဘယ်လောက်အထိ ရေမြုပ်ပျက်စီးသွားလဲ။ ဘယ်လောက်အထိ အစားထိုးနိုင်မလဲ။ ပြန်လည်စိုက်ပျိုးနိုင်အောင် ဘာတွေလုပ်မလဲ ဆိုတာ ထုတ်ပြန်တာမတွေ့ရဘူး။ ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာ မသိရလို့ တော်တော်ပြောရခက်တဲ့ ကိစ္စဖြစ်နေတယ်။ စပါးပေါ်ချိန်ကျမှပဲ ဆိုးကျိုးတွေ သိလာရမှာပေါ့။ အဲဒီလိုပဲ ပြောလို့ရပါမယ်။ ဘယ်လိုမှကို စာရင်းကောက်လို့ မဖြစ်နိုင်ဘူး"

UNOCHA က ဒီလ ၁၁ ရက်က ထုတ်ပြန်တဲ့ စာရင်းမှာ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် ပြည်နယ်တွေနဲ့ တနင်္သာရီ၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တွေမှာ ရေလွှမ်းမိုးတယ်လို့ ဖော်ပြပါတယ်။

ကရင်ပြည်နယ်  မြဝတီမြို့မှာ ရေလွှမ်းမိုးတုန်းက ကြုံရပုံကို မြဝတီမြို့ဒေသခံတစ်ယောက်ပြောပြတာက .... 

"မိုးရေနဲ့ ချောင်းရေနဲ့ အပြိုင်ကြီးနေတာ။ မိုးရေကျတော့လည်း လမ်းတွေမြုပ်တယ်။ ချောင်းရေတက်လာပြီ ဆိုရင်တော့ ကမ်းနားတွေမြုပ်မယ်၊ အဲဒီလိုမျိုးပေါ့။ သွားလာရ ခက်ခဲတာပေါ့နော်။”

တကယ်တော့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်း ဒီလိုမိုးရေများချိန်မှာ စိုက်ရပျိုးရတာပါ။ မြန်မာ့စပါးကျီလို့ ပြောတဲ့ ဧရာဝတီတိုင်းမှာ တောင်ကျရေဒဏ် မခံရဘူးလို့ ဦးဇော်ရန်းက ပြောပါတယ်။

"ဘိုကလေးဘက်တို့ မော်ကျွန်းဘက်တို့ ရေကြီးတာကျတော့တစ်မျိုး။ တောင်ကျချောင်းတို့ တောင်တို့မရှိတဲ့အတွက် တက်ရေပေါ့နော်။ မြစ်ထဲက ရေပြန်ဆင်းသွားရင် ကျသွားတော့ မပျက်စီးဘူး။ အခုတောင်ပေါ်က လိမ့်ဆင်းလာပြီးတော့ အကုန်လုံး တိုက်စားသွားတဲ့ ရေကြီးခြင်းမျိုးမဟုတ်ဘူးလေ။ စိုက်ပျိုးထားပြီး ရေပြန်ဆင်းသွားရင် စပါးတွေ ကျန်တယ်။ ပုံမှန် ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ စကားနဲ့အညီ ရေကြီးတာလောက်ပဲရှိတာ။ ဘိုကလေးဘက်ကတော့ ပျက်စီးတာ မကြားမိဘူး"

image.jpg
ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာပြီး မြစ်ရေလျှံသဖြင့် ကျေးရွာအချို့ ရေနစ်မြုပ်နေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Ashin Nipuna)

Bloomberg သတင်းမှာတော့ ၁၅ နှစ်နီးပါးအတွင်း ဆန်ဈေးနှုန်းအမြင့်ဆုံးတက်တဲ့အတွက် အာရှနဲ့ အာဖရိကက ကမ္ဘာ့အဆင်းရဲဆုံးပြည်သူတွေ စားစရိတ်တက်မယ်လို့ ဒီလ ၉ ရက်နေ့က ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာလည်း အညံ့စားဆန် တစ်သောင်းလောက်တက်ပြီး နှစ်သောင်းတန်ငွေစက္ကူသစ်ကြောင့် တက်တာလို့ ဦးဇော်ရန်းက မှတ်ချက်ပေးပါတယ်။

ဒီနှစ်ဟာ ကမ္ဘာ့မိုးလေဝသကို သိသိသာသာပြောင်းစေတဲ့ အယ်လ်နီညို El Niño ကျရောက်တဲ့ နှစ်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ သက်ရောက်မှုနည်းပြီး မိုးလယ်နဲ့မိုးနှောင်း ကောင်းရုံမက ဆန်စပါး အလုံအလောက် စိုက်ပျိုး ထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။