စစ်အာဏာသိမ်းမှုကိုရှုတ်ချခဲ့တဲ့ အမေရိကန်က မြန်မာဒီဇိုင်းပညာရှင်
2022.10.04

ကမ္ဘာပေါ်က ဖက်ရှင်ချစ်သူတွေ စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုက New York Fashion Week ပြပွဲမှာ မြန်မာစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဒီနှစ်ပွဲမှာ ပါဝင်ပြသခဲ့တာတွေ့ရပါတယ်။
အဲဒီ ဒီဇိုင်းတွေကို ဖန်တီးသူကတော့ အသက် ၃၅ နှစ်အရွယ် ဝတ်စုံဒီဇိုင်းအနုပညာရှင် မအင်ကြင်းစံ ပါ။
"များသောအားဖြင့် လူတွေတော်တော်များများက ဒီအကြောင်းကို မသိကြဘူး။ ဘာလို့လဲဆို ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက အရမ်းများတော့ မြန်မာ့အရေးဆိုတာ သေးသွားတယ်။ သေးသွားတော့ ဘာပဲပြောပြော အင်ကြင်းတို့က ကိုယ်တတ်နိုင်တဲ့ထောင့်ကနေ လုပ်မယ်ဆိုတဲ့ စိတ်ကလေးပေါ့နော်"
မအင်ကြင်းစံဟာ သူအသက် ၁၈ နှစ်အရွယ် ၂ဝဝ၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချခဲ့ပါတယ်။
"သေနတ်ပြရင် ငြိမ်သွားမယ်။ ဒီလိုပဲဆက်ပြီး အုပ်ချုပ်သွားနိုင်လိမ့်မယ်လို့ ရူးရူးမိုက်မိုက် ထင်နေတုန်း"
သူက ဖက်ရှင်တွေကို ငယ်ငယ်ကတည်းကစိတ်ဝင်စားခဲ့တဲ့သူပါ။ မြန်မာပြည်မှာနေတုန်းက ဖက်ရှင်ဒီဇိုင်းနာပညာဆည်းပူးနိုင်မယ့် ကျောင်းတွေမရှိလို့ GTC နည်းပညာကောလိပ်ပဲ တက်ခဲ့ရတယ်လို့ ပြောပြပါတယ်။
"မြန်မာပြည်တွင်းမှာက ပညာရေး အရမ်းအားနည်းတယ်။ ဆရာဝန်လိုင်းရမလား၊ စစ်ဗိုလ်လိုင်းရမလား၊ အင်ဂျင်နီယာလိုင်းရမလား ဒါပဲရှိတယ်။ မြန်မာပြည်တုန်းက GTC နှစ်နှစ်နဲ့ပဲ ပြီးခဲ့တာ၊ ဖက်ရှင်ကျောင်းတွေ ဘာတွေ ကျယ်ကျယ်ပြန့်ပြန့်မရှိဘူး။ ကိုယ်က ဝါသနာပါပေမယ့် လေ့လာခွင့်မရခဲ့ဘူး။ ဒါကြောင့် ဒီရောက်တော့ ကိုယ်လည်း ဒါကိုပဲ ဝါသနာပါတော့ ဒါပဲ ဇောက်ချလုပ်ခဲ့တာပါ"
ဖက်ရှင်ဒီဇိုင်းအနုပညာရှင်ဖြစ်ချင်တဲ့ သူ့အိပ်မက်တွေကို လက်မလျှော့ဘဲ ဆက်ကြိုးစားခဲ့တာကြောင့် အမေရိကန်တက္ကသိုလ်တစ်ခုကနေ ဖက်ရှင်ပညာနဲ့ ဘွဲ့ရခဲ့ပါတယ်။
အမေရိကန်ဖက်ရှင်လောကမှာ သူ ဝင်ရောက်ထိုးဖောက်နေတဲ့အချိန်မှာ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတာဆန့်ကျင်တဲ့လူငယ်တွေ သေဆုံးရတာကို ကြေကွဲဝမ်းနည်းရတယ်လို့ ပြောပါတယ်။
"ခေတ်အဆက်ဆက်မှာ ကျမတို့ ဂျန်နရေးရှင်း (မျိုးဆက်) တွေက တော်တယ်၊ ထက်တယ်။ တီထွင်နိုင်စွမ်းအားရှိတယ်။ ဒါမျိုးတွေ ရှိခဲ့ပေမယ့် ဒီစနစ်ဆိုးကြောင့် ဘဝတွေ အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ ငါတို့သာ ဒီစနစ်ဆိုးတွေကို မကြုံခဲ့ဘူး၊ ဘဝတွေ မဆုံးခဲ့ဘူးဆို ဒီလူငယ်တွေ ဘယ်လောက်ထိ အောင်မြင်နိုင်လဲ "
မန္တလေးဆန္ဒပြပွဲမှာ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားတဲ့ ၁၉ နှစ်သမီး ကြယ်စင်ဝတ်ခဲ့တဲ့ Everything will be OK ဆိုတဲ့ စာတန်းပါ အင်္ကျီလေးကို အဲဒီပြပွဲနေ့က စင်ပေါ်လျှောက်လှမ်းမှာ ဝတ်ထားတာတွေ့ တယ်။ ဘာကြောင့်ဝတ်ဖြစ်ခဲ့လဲ ဆိုတော့ ...
"ကြယ်စင်ဟာ ၁၉ နှစ်ပဲရှိသေးတယ်။ ဘာမှလည်း အပြစ်လုပ်ထားတာ မဟုတ်ဘူး။ ဒီမိုကရေစီ အတွက် အခြေခံလူ့အခွင့်အရေးအတွက် လက်သုံးချောင်းထောင် ဆန္ဒပြတာပဲရှိတယ်။ သူလုပ်တာ ဒါလေးပဲကို စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက်ပစ်သတ်တာခံခဲ့ရတယ်"
ဒီဇိုင်နာ မအင်ကြင်းစံဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ရင်း၊ တစ်ဖက်မှာလည်း မြန်မာ့ရိုးရာအလှတွေကို ကမ္ဘာသိအောင် အရောက်ပို့ဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် သူဟာ မြန်မာပြည်က ချိတ်လုံချည်အဆင်တွေ မှာယူပြီး ဆန်းသစ်တီထွင်နေပါတယ်။

မြန်မာ့အရေး ကမ္ဘာကသိအောင် ပုံဖော်ထားတဲ့ မအင်ကြင်းစံရဲ့ ဒီဇိုင်းတွေဝတ်ရလို့ ဂုဏ်ယူမိတယ်လို့ အမေရိကန် မော်ဒယ်တစ်ယောက်ကလည်း ပြောပါတယ်။
"အမှန်အတိုင်းပြောရရင်တော့ မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျမ ဒီဖက်ရှင်ရှိုး မတိုင်ခင်တုန်းက မသိခဲ့ပါဘူး။ အဲဒီမှာဘာတွေဖြစ်နေလဲဆိုတာ ကျမ အခုသိလိုက်ပြီးနောက်မှာတော့ ကျမလိုပဲ အားလုံးကိုလည်းသိစေချင်ပါတယ်။ ဒီဒီဇိုင်းဟာ မြန်မာပြည်သူ၊ပြည်သားတွေကို ထောက်ခံအားပေးဖို့ ချုပ်ထားတာဖြစ်တဲ့အတွက် တမူထူးခြားနေတာ အမှန်ပါပဲ။ မြန်မာနိုင်ငံမှာ အာဏာရှင်တွေက ဘာတွေလုပ်နေလဲဆိုတာကို သတင်းစကားပေးချင်ပါတယ်။ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေဟာ မဖြစ်သင့်ပါဘူး"
မအင်ကြင်းစံဟာ မြန်မာ့အရေးဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်သလို မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်လည်း သူရတဲ့ဝင်ငွေထဲက လှူဒါန်းတာတွေ ရှိပါတယ်။
ဒီလိုလှူဖို့ သူတတ်တဲ့ ဒီဇိုင်းပညာနဲ့ လက်ဝတ်ရတနာလေးတွေ၊ အလှထည်လက်မှုပစ္စည်းတွေ ဖန်တီးပြီး ရန်ပုံငွေရှာနေပါတယ်။
ဒီတစ်ခေါက် စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ တီထွင်ဆန်းသစ်တတ်တဲ့ မြန်မာလူငယ်တွေဘက်က အသာစီးရနေတယ်လို့ သူက ယုံကြည်ပါတယ်။
"တစ်သက်လုံးလုပ်လာခဲ့တာပဲ။ သေနတ်ပြရင် ငြိမ်သွားမယ်။ ဒီလိုပဲဆက်ပြီး အုပ်ချုပ်သွားနိုင်လိမ့်မယ်လို့ ရူးရူးမိုက်မိုက် ထင်နေတုန်း။ အင်ကြင်းတို့ဘက်က ဒီလိုမဟုတ်တော့ဘူး။ အင်ကြင်းတို့ ဂျန်နရေးရှင်းတွေက ခေတ်အဆက်ဆက် မြေလှန်လာခဲ့ပြီ။ ဒီအဆိပ်သင့်နေတဲ့ မြေဆီလွှာကို အကုန်ဖယ်ထုတ်တော့မှာ။ အစကနေ ပြန်စတော့မှာ။ ဒါကို သူတို့ နားမလည်ဘူး"
တော်လှန်ရေးအောင်နိုင်မယ်လို့ ယုံကြည်လားဆိုတော့ ...
“အင်ကြင်းတို့ဘက်က အောင်ကိုအောင်မှာ၊ နိုင်ကိုနိုင်မှာ။ အခု ၂၁ ရာစုမှာ အာဏာသိမ်းမှုက သူတို့ရဲ့ ရည်ရွယ်ချက်တွေ လုံးဝမအောင်မြင်တော့ဘူး။ အရင်လို မဟုတ်တော့ဘူး။"