အာဏာသိမ်း ၁၈ လအကြာမှာ မြန်မာ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်နေ

2022.08.05
အာဏာသိမ်း ၁၈ လအကြာမှာ မြန်မာ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်နေ ရန်ကုန်မြို့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်တွင် စားသုံးဆီဝယ်ယူရန် တန်းစီနေသူများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့မှာ တွေ့ရစဥ်
Photo: မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း အမှားအယွင်းတွေနဲ့ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် လွှတ်တော်သစ် စခေါ်ရမယ့်နေ့မှာပဲ စစ်တပ်က အာဏာ သိမ်းလိုက်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်လုံးကို ချုပ်ကိုင် လာတာ အခု ၂၀၂၂ ဩဂုတ် ၁ ရက်နေ့မှာ ၁၈ လ တင်းတင်း ပြည့်သွားပါပြီ။

အာဏာမသိမ်းခင်အချိန်ထိ အရင်က ၁၀ နှစ်နီးပါးရရှိခဲ့တဲ့ ပွင့်လင်းစ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနဲ့ နှိုင်းယှဉ်ရင် လက်ရှိ နိုင်ငံရေးအခြေအနေဟာ အတော်ဆိုးတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး ဒီလိုလုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ဆူဆူပူပူ ဖြစ်တာကိုး။ အဲဒီတော့ နိုင်ငံရေးအရ အဲဒီဟာကို ပြောင်းပြန်လှန်လိုက်တဲ့အတွက် ဒီလိုဖြစ်တာ။ တစ်နှစ်နဲ့ ခြောက်လအတွင်းမှာကတော့ အဓိကအားဖြင့် သူတို့ တာဝန် ယူထားတဲ့ နိုင်ငံတော် အေးချမ်းတည်ငြိမ်ရေးကိစ္စကတော့ သိပ်ထူးထူး ခြားခြားကြီး ကောင်းလာတယ်လို့တော့ မထင်ဘူး။ ၂၀၁၀၊ ၂၀၁၅ ဒီမိုကရေစီဖွင့်ပေးတဲ့ကာလထက် အများကြီးဆိုးတာပေါ့နော် အခြေအနေက”

စစ်ကောင်စီဥက္ကဋ္ဌကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု အပါအဝင် မဲမသမာမှုပေါင်း ၁၁ သန်း ၃ သိန်းကျော် တွေ့ရှိလို့ အာဏာထိန်းလိုက်ရတာဖြစ်ပြီး နောက်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ ပြောထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် NLD ပါတီက ထိပ်တန်းနိုင်ငံရေးသမားတွေ၊ အစိုးရအဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရပါတယ်။

ပြည်သူလူထုဘက်ကတော့ အစောပိုင်းကာလတွေမှာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့ပေမယ့် ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် မေလကစလို့ လက်နက်ကိုင် ဆန့်ကျင်မှုတွေဟာ ကရင်၊ ကယား၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအပြင် ရန်ကုန်နဲ့ မန္တလေးမှာပါ ဗုံးကွဲမှု၊ ပြောက်ကျားတိုက်ခိုက်မှုတွေ ပိုတိုးလာပါတယ်။

လက်နက်ကိုင်ခုခံမှုတွေဟာ တစ်နှစ်ခွဲကာလအတွင်း အရှိန်အဟုန်နဲ့ တိုးလာပြီး တိုင်းနဲ့ ပြည်နယ်တချို့မှာ နယ်မြေစိုးမိုးမှုတွေရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“နယ်မြေစိုးမိုးမှု ဆိုရင်လည်း စစ်ကိုင်း၊ မကွေးတိုင်း မြောက်ပိုင်းဒေသတွေ၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် ကယားပြည်နယ်ပေါ့။ ဒီဒေသတွေမှာဆိုရင် တော်တော်လေး အားကောင်းတဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ တော်လှန်ရေးကြီး လုံးဝအောင်မြင်တဲ့အနေအထားထိ မရောက်သေးဘူးဆိုပေမယ့်လည်း ဒီတစ်နှစ်ခွဲကာလ ဟာဆိုရင်ဖြင့် တိုးတက်မှုပေါင်း များစွာရှိခဲ့တယ်။ တစ်နှစ်ခွဲကာလအတွင်းမှာ စစ်ရေးအရ တိုးတက်မှုကတော့ အတော်ကြီးကို မြန်ဆန်တဲ့နှုန်းနဲ့ တိုးတက်တယ်လို့ ပြောလို့ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ လက်နက်ကိုင် ခုခံမှုအားအကောင်းဆုံး စစ်ကိုင်းတိုင်းရဲ့ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်တို့ ကတော့ တိုင်းနဲ့ပြည်နယ် တချို့မှာ နယ်မြေစိုးမိုးမှု ရလာပြီဆိုတဲ့ NUG ရဲ့ ပြောဆိုချက်ကို လက်မခံပါဘူး။ တကယ်လို့ ကျေးရွာတချို့မှာ NUG က နယ်မြေစိုးမိုးမှု ရနေပြီဆိုရင် အဲဒါ ပြည်သူကို လုပ်ကြံသတ်ဖြတ်ပြီး အကြောက်တရားနဲ့ အုပ်ချုပ်ထားတာလို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရ ဦးအေးလှိုင်က ပြီးခဲ့တဲ့လအတွင်းက RFA ကို ပြောခဲ့ဖူးပါတယ်။

အာဏာသိမ်းကာလ တစ်နှစ်ခွဲအတွင်းမှာ ရဟန်းသံဃာ၊ အစိုးရအဖွဲ့ဝန်ထမ်း၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် အရပ်သား ၃၄၈၃ ဦး သေဆုံးခဲ့တယ်လို့ ဩဂုတ်လ ၁ ရက်နေ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။

"အလုပ်သမား၊ လက်လုပ်လက်စားတွေ အဲဒီလူတွေရဲ့ စီးပွားရေး အခြေအနေက အများကြီးကို ဆင်းရဲကျပ်တည်းသွားတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၄ ရက်နေ့ထိ စာရင်းတွေအရ ရဲနဲ့ စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၂၁၅၇ ဦး သေဆုံးပြီး ၁၁,၈၉၄ ဦး ဖမ်းဆီးခံထားရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ ထောင်သွင်းအကျဉ်းချမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုအပါအဝင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကိုပါ ကြုံတွေ့နေရတာကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အဆိုးရွားဆုံးအဆင့်ကို ရောက်နေပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။

“အာဏာသိမ်းခဲ့တဲ့ တစ်နှစ်နဲ့ ခြောက်လ ကာလအတွင်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို ပြောပါဆိုရင်တော့ တော်တော်ကြီးကို ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောပါရစေ။ လူတစ်ဦး တစ်ယောက်ချင်းကို သတ်ဖြတ် တာ၊ နှိပ်စက်တာတင် မကတော့ဘဲနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရွာလိုက် ဖျက်ဆီးမှုတွေ၊ လူတွေကို အများအပြား ထောင်သွင်း အကျဉ်းချမှုတွေ၊ နှိပ်စက်မှုတွေ၊ သူတို့ရဲ့ ဦးတည်ထားတဲ့ ပမာဏတွေ၊ သက်ရောက်မှုတွေ ဒါတွေက အရမ်းကို ဆိုးရွား နေပါပြီ။ ချိုးဖောက်ခံရတဲ့ ပမာဏကလည်း တကယ့်ကို အထုလိုက် အထည်လိုက်၊ အစုလိုက် အပြုံလိုက် ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို ရောက်ရှိနေတဲ့အတွက် တကယ့်ကို ဆိုးရွားတဲ့အခြေအနေလို့ ထပ်မံပြီးတော့ ပြောပါရစေ”

လူအခွင့်အရေးချိုးဖောက်တဲ့ အဆင့်တင်မကတော့ဘဲ လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ပြစ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု စတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို စစ်ကောင်စီက ကျူးလွန်တဲ့အဆင့်ကိုရောက်နေပြီး ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေတယ်လို့ သူက ဆိုပါတယ်။ ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဆိုရင် တစ်ရက်တည်း၊ တစ်နေရာတည်း လူ ၄၉ ဦး အစုလိုက်အပြုံလိုက် အသတ်ခံရပြီး အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်ခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့် အခြေအနေကို ကြည့်မယ်ဆိုရင်လည်း အာဏာသိမ်း ၁၈ လတွင်းမှာ သတင်းမီဒီယာတွေ ပိတ်သိမ်းခံရတာ၊ သတင်းသမားတွေ ဖမ်းဆီးခံရတာနဲ့ အသက် ဆုံးရှုံးမှုတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။

“တစ်နှစ်ခွဲ မတိုင်ခင်ကတော့ သတင်းမီဒီယာတွေက ပိုပြီးတော့ ပညာရှင်ဆန်အောင်၊ ပရော်ဖက်ရှင်နယ်ဆန်အောင် လုပ်ကြမယ် ကြိုးစားမှုတွေ အဲဒီအတွက် လုပ်ဆောင် ကြတာတွေ ရှိခဲ့တယ်။ အခုဒီကာလမှာတော့ အဲဒါတွေ အားလုံးကတော့ ဒီအခြေအနေ မှာ မဖြစ်နိုင်တော့ဘူးဆိုတဲ့ သဘောမျိုးနဲ့ အကုန်လျစ်လျူရှုထားရတဲ့ သဘောမျိုး ရှိတယ်။ ဒီတစ်နှစ်ခွဲမှာ သတင်းသမားဖမ်းခံရတဲ့ ကိစ္စတွေ၊ သတင်းသမား အသက်ဆုံးရှုံးရတဲ့ ကိစ္စတွေ ဒါတွေကလည်း သတင်းကို လွတ်လွတ်လပ်လပ် မဖော်ပြနိုင်အောင် ဖိအားပေးတဲ့ ထည့်သွင်း စဉ်းစားရမယ့် အချက်အလက်တွေ ဖြစ်လာတာပေါ့နော်”

အာဏာသိမ်းကာလအတွင်း သတင်းဌာန ၁၁ ခုထိ ပိတ်သိမ်းခံခဲ့ရသလို သတင်းသမား ၁၄၀ ဖမ်းဆီးခံခဲ့ရပြီး၊ သုံးဦး သေဆုံးခဲ့တယ်လို့ Detained Journalists Information Myanmar အဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စီးပွားရေးအခြေအနေကို ကြည့်မယ်ဆိုရင်လည်း ပြည်ပအကူအညီတွေ ရပ်ဆိုင်းသွားတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းသွားတာ၊ ဒေါ်လာထိန်းချုပ်မှုကြောင့် ပြည်တွင်း သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်နေပြီး ပြည်ပကုမ္ပဏီကြီးတွေ ပြန်ထွက်ခွာနေတာတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ ဆိုးရွားနေတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

လက်ရှိအခြေအနေတိုင်း ဆက်သွားမယ်ဆိုရင် တိုင်းပြည် စီးပွားရေးအခြေအနေဟာ အနာဂတ်မှာ ပိုဆိုးလာဖို့ပဲ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေး ပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

“ပိုပြီးတော့ ဆိုးလာတယ်ပေါ့နော်။ အဲဒါ စီးပွားရေးဆိုးတာက လုပ်ငန်းတွေမှာ သိသာသလိုပဲ အထူးသဖြင့် အလုပ်သမား၊ လယ်သမား၊ လက်လုပ်လက်စားတွေ အဲဒီလူတွေရဲ့ စီးပွားရေး အခြေအနေက အများကြီးကို ဆင်းရဲကျပ်တည်းသွားတယ်။ ကုန်ဈေးနှုန်းကလည်း တောက်လျှောက် တက်လာတာပဲရှိတယ်။ ကျတယ်လို့မရှိဘူး။ အထူးသဖြင့် ဝင်ငွေနည်းတဲ့ သူတွေရဲ့ စီးပွားရေးအခြေအနေက ကျဆင်းသွားတယ်။ ဒီပုံစံနဲ့သာ ဆက်သွားမယ်ဆိုရင် ဒီထက်အခြေအနေဆိုးလာနိုင်စရာရှိတယ်လို့ မြင်ပါတယ်”

ကမ္ဘာ့ဘဏ်ရဲ့ အခုနှစ် ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်း ဖြစ်တဲ့ ၂၄ သန်းဟာ နိုင်ငံအတွင်း ပဋိပက္ခတွေနဲ့ အလုပ်လက်မဲ့ ပြဿနာတွေ ကြောင့် ဆင်းရဲနွမ်းပါးမှုနဲ့ ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံရဲ့ ပို့ကုန်တန်ဖိုးက အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၃၇ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီယီယံရှိတာကြောင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တိုးလာတယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောသွားပါတယ်။

lunch donation
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က သရက်တောကျောင်းတိုက် သဘာဝတရားရိပ်သာမှ လှူဒါန်းသည့် နေ့လယ်စာယူရန် လာရောက်စောင့်ဆိုင်းနေကြသူများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

အခုတစ်နှစ်ခွဲကာလကို ရောက်လာတဲ့အချိန်မှာ အခြေအနေတွေအားလုံး တိုးတက်လာပြီ ဖြစ်လို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာလုံအစည်းအဝေးမှာရော သြဂုတ် ၁ ရက် လူထုကို ပြောတဲ့ မိန့်ခွန်းမှာပါ ထည့်သွင်းပြောဆိုထားပါတယ်။

“ယခုနှစ်မှာတော့ အခြေအနေတွေအားလုံး တိုးတက်လာပြီဖြစ်တဲ့အတွက် ဘုံသဘော တူညီချက် ငါးရပ်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင်ဆုံး အာဆီယံ မူဘောင်နဲ့အညီ ဆောင်ရွက်သွားပါမယ်။ နိုင်ငံအနေနဲ့ မိမိပြည်တွင်းရေး၊ တရား စီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး သုံးရပ်ပါဝင်တဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့် ကိစ္စတွေမဖြစ်အောင် သုံးသပ်ဆောင်ရွက်နေပါတယ်။ နိုင်ငံပုံမှန်အခြေအနေ ဖြစ်လာတာနဲ့အမျှ တိုးတက် ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်”

စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက်တွေထဲက အရေးအကြီးဆုံးဖြစ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း တောင်းဆိုထားတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ဆိုတဲ့ ကတိကဝတ်တွေကို မလိုက်နာတဲ့အပြင် ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို လက်တွေ့သေဒဏ် စီရင်ခဲ့တဲ့ အတွက် အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးက ပြစ်တင်ဝေဖန်နေကြပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း တိုင်းပြည်အခြေအနေဟာ ကဏ္ဍအားလုံးမှာ ယိုယွင်းကျဆင်းပြီး ကျရှုံးနိုင်ငံကို ဦးတည်နေပြီလို့ ပြောပါတယ်။

“အခုပြည်သူလူထုရဲ့ အနေအထားက အသက်ရှူပေါက် မရှိတော့ဘူး။ ဆွေးနွေးပွဲ ဆိုတာတွေနဲ့ ပတ်သက်လို့လည်း လူထုက စိတ်မဝင်စားဘူး။ ရွေးကောက်ပွဲဆိုတာတော့ ဝေးရော။ အဲဒီလို အခြေအနေအောက်မှာ အခုမြန်မာပြည်ဟာ အထွေထွေ ပြိုကွဲမှုကြီး ဖြစ်ဖို့အတွက် လက်တစ်လုံးလောက်ပဲ လိုတော့တယ်ဆိုတဲ့ အခြေအနေရှိပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ပဋိပက္ခတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဖျက်ဆီးမှုတွေနဲ့ပြည့်နေတဲ့ Fail State ဖြစ်တော့မယ်လို့ ကျနော်တို့ကတော့ ယူဆ နေကြပါတယ်ခင်ဗျာ”

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူလူထု ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ အရေးပေါ်အာဏာသိမ်း သက်တမ်းကို နောက်ထပ် ခြောက်လ တိုးလိုက်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သက်တမ်းခြောက်လ ထပ်တိုးထားပြီး ဖြစ်တာကြောင့် ဒီတစ်ကြိမ် ခြောက်လသက်တမ်းတိုးတာဟာ နောက်ဆုံးအကြိမ် သက်တမ်းတိုးခွင့် ဖြစ်ပါတယ်။

အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ စစ်ကောင်စီက ပြောဆို ထားပေမယ့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက တရားဝင် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝန်း လက်နက်ကိုင် ဆန့်ကျင်နေသူတွေကလည်း ၂၀၂၃ ဩဂုတ်လထဲမှာ ပြုလုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအသစ်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက် သွားမယ့်အကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။