လုပ်ငန်းရှင်တွေကို ဖိအားပေးရုံနဲ့ စီးပွားရေး တည်ငြိမ်နိုင်မလား
2023.09.11

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုနဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေအတွက် စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ် ရောင်းဝယ်သူတွေကို ဖမ်းဆီးခြင်း၊ စားသုံးဆီနဲ့ ဆန်ကုန်သည်လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေး သတိပေးခြင်းစတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့က လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်း တစ်ခုကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို ရွှေဘုံသာလမ်းက ဒေါ်လာငွေသိန်းနဲ့ချီ အရောင်းအဝယ် လုပ်နေသူတစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
ဒါပေမယ့်လည်း ဒီလိုဖြေရှင်းမှုမျိုးဟာ စီးပွားရေးတည်ငြိမ်ဖို့ ရေရှည်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ RFA ကို သူကပြောပါတယ်။
“အခုက ဒေါ်လာအရောင်းအဝယ် ဂရုတွေမှာလည်း အသွင်ယူလာတာတွေ ရှိတယ်။ ဒေါ်လာဈေးကို ဒီလိုကြပ်ကြပ်မတ်မတ် လုပ်မယ်ဆိုရင် ကျတော့ကျမယ် ရေရှည်မှာတော့ မကျသွားနိုင်ဘူး။ ဒေါ်လာ လိုအပ်ချက်က တစ်အားများနေတာ။ ဗဟိုဘဏ်က ထုတ်ရောင်းတဲ့ဟာတွေကလည်း အောက်ကို ရောက်လာတာမှ မဟုတ်တာ။ အပေါ်မှာတင် ပျောက်သွားတာ”
ဒီလိုအခြေအနေကြောင့် နိုင်ငံခြားငွေ ရောင်းဝယ်တဲ့ လုပ်ငန်းတချို့ ရပ်နားထားရပြီး ဈေးကွက်ထဲမှာလည်း ဒေါ်လာရောင်းချသူ နည်းသွားတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင်လေးဦးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ကခေါ်ယူစစ်ဆေးခဲ့ပါတယ်။
အလားတူ ဆန်ကုန်သည်နဲ့ လုပ်ငန်းရှင်တချို့ကိုလည်း စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းက စက်တင်ဘာ ၄ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
"ဒေါ်လာအကျပ်အတည်း ဖြစ်ပြီး ဘယ်လိုမှ စီးပွားရေး တည်ငြိမ်လာစရာ အကြောင်းမရှိဘူး။"
စစ်ကောင်စီဟာ ဈေးကွက်စီးပွားရေးစနစ်ကို နားလည်ဖို့မကြိုးစားဘဲ လုပ်ငန်းရှင်တွေဘက်ကို ဖိအားပေးနေတာမျိုးက မဖြစ်သင့်ဘူးလို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပို့ကုန်၊ သွင်းကုန် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ ဒီလိုဖိအားပေးမှုတွေက ရေတိုဖြေရှင်းနည်းသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“ဈေးကွက်စီးပွားရေးစနစ်မှာ ဒါကြီးကို ကျအောင်လုပ်မယ်ဆိုပြီး အတင်းဆွဲချလို့မှ မရတာ။ သူချလည်းရမယ်။ ဖမ်းဟယ်၊ ဆီးဟယ်နဲ့ဆိုလည်း ခဏပဲရမယ်။ ဒါပေမဲ့ ရေရှည်မှာတော့ တက်မယ်ဆိုရင် ဆက်ပြီးတက်မှာ။ ဒေါ်လာက နိုင်ငံတွင်းကို စီးဆင်းတဲ့ငွေရှားသွားရင်တော့ ဈေးတွေကတက်လာမှာပဲ။ ဒေါ်လာဖောဖောသီသီ ရှိရင်တော့ ဈေးတွေကျသွားမှာ ဒီသဘောပါပဲ”
နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့အပြင် စီးပွားရေးဆိုင်ရာ မူဝါဒတွေကို စစ်ကောင်စီက မကြာခဏပြောင်းလဲ နေတာကြောင့် လက်ရှိပြည်တွင်းစီးပွားရေးက တည်ငြိမ်ဖို့ ခက်ခဲတယ်လို့ သူကပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုအတွက် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြား ငွေစီးဆင်းမှု ပြတ်တောက်လာပြီး ပြည်တွင်း အမေရိကန်ဒေါ်လာ ဈေးကွက်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် အကျိုးဆက်အဖြစ် သွင်းကုန်ကို အဓိကထားနေရတဲ့ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း မတည်ငြိမ်မှုနဲ့ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပွားလာနေတာပါ။
ရန်ကုန်မြို့က ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးကတော့ အမေရိကန်ဒေါ်လာ ငွေလိုအပ်ချက်နဲ့ လူတွေရဲ့ ဈေးကွက်အပေါ် မယုံကြည်မှုတွေကြောင့် စီးပွားရေး မတည်ငြိမ်တာလို့ ပြောပါတယ်။
“ဈေးကွက်က ခဏပဲလုပ်လို့ရမယ်။ ဥပမာ-စာထုတ်လိုက်တယ်။ ဗဟိုဘဏ် ကနေပြီးတော့ ဒေါ်လာဆယ်သန်း ထုတ်ရောင်းလိုက်တယ်ဆိုတာက ခဏပဲရမယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ဝယ်လိုအား များနေသ၍ ဘာမှလုပ်လို့မရဘူး။ ရောင်းလိုအားရှိနေပြီး သင့်တင့်တဲ့ ဖြည့်ဆည်းမှုမျိုးပေးနိုင်ရင် သဘောတရားအရ ကျွန်တော်အခု ဒေါ်လာလိုတယ်။ လမ်းထိပ်က ငွေလဲကောင်တာမှာ သွားဝယ်လို့ ရနေသ၍ အရမ်းကြီးတော့ ကြောက်လည်း မကြောက်ဘူး။ လူတွေက ကြောက်စိတ် ဝင်လာတဲ့အခါ ပိုဆိုးတယ် ဈေးကွက်ပျက်တာ အဲဒါပဲ”
စစ်ကောင်စီ ဗဟိုဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကို သွင်းကုန်အတွက် အမေရိကန်ဒေါ်လာငွေကို ခွဲတမ်းစနစ်နဲ့ပေးပြီး ထပ်မံလိုအပ်တဲ့ ဒေါ်လာငွေကိုတော့ လုပ်ငန်းရှင်တွေက ပြင်ပမှာ ဝယ်ယူနေရတာပါ။
စီးပွားရေး လေ့လာသုံးသပ်သူ ဦးစိန်ဌေးကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျပ်တည်းမှုဟာ ဈေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအား မျှခြေကိုရောက်ရင် စီးပွားရေး ပြန်တည်ငြိမ်မယ်လို့ ပြောပါတယ်။
“ဝယ်လိုအားနဲ့ ရောင်းလိုအားက ချိန်ထိုးပြီးတော့မှ ဒေါ်လာဈေးကွက်၊ ဆန်ဈေးကွက်၊ ဆီဈေးကွက် အဲဒီ ဈေးကွက် ယန္တရားကြီးကို ထိန်းဖို့အတွက် ဈေကွက်ယန္တရား တည်ငြိမ်ဖို့ဆိုတာ အားမျှခြေလို့ခေါ်တယ်။ ဈေးနှုန်းတွေ တည်ငြိမ်နေတယ်ပေါ့ဗျာ။ ဈေးနှုန်းတွေ မတက်ဘဲနဲ့ ပုံမှန်ဈေးကွက်က လည်ပတ်နေတဲ့ အခြေအနေ ရဖို့ဆိုရင် အဲဒီဈေးကွက်ယန္တရားကို ထိန်းချုပ်တာ ဘာလဲဆိုရင် ဝယ်လိုအားနဲ့ ရောင်းလိုအားက သတ်မှတ်တယ်။ အဲဒါကိုလိုက်နာပြီး အကောင်အထည်ဖော်ရင် ဈေးနှုန်းတွေကို ဒီဈေးနဲ့သတ်မှတ်ပါတို့။ ဟိုလူ့ကို ဖမ်းတာတို့ဆိုတာ မလိုအပ်ဘူး”
ဒါပေမယ့်လည်း စစ်ကောင်စီဟာ လက်ရှိမှာ စီးပွားရေးပြိုလဲမှု အကျပ်အတည်းနဲ့ ကြုံလာရပြီး ဒီလို စီးပွားရေး ပြိုလဲမှုနဲ့အတူ တိုင်းပြည်ထဲက အခြေခံလူတန်းစားတွေလည်း စီးပွားရေး ကျပ်တည်းမှုကို ရင်ဆိုင်နေကြရပြီလို့ သူကပြောပါတယ်။
၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ပြည်တွင်းစီးပွားရေး မတည်ငြိမ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့် လာတာတွေကို ထိန်းချုပ်ဖို့ စူဇကာစစ်ဆင်ရေးလို့ အမည်ပေးပြီး စီးပွားရေးတည်ငြိမ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက စီးပွားရေးဟာ တည်ငြိမ်မှုမရှိဘဲ ပြိုလဲခဲ့တယ်လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေထက် ပိုပြီးဆိုးရွားတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“လက်ရှိအခြေအနေက ဦးနေဝင်းရဲ့ ၁၉၆၂ ခုနှစ်က အခြေအနေနဲ့ မနှိုင်းသာအောင် ကျပ်တည်းတယ်။ နိုင်ငံတကာဖိအားကြောင့် ဗမာပြည်မှာ ဒေါ်လာအကျပ်အတည်း ဖြစ်ပြီး ဘယ်လိုမှ စီးပွားရေး တည်ငြိမ်လာစရာ အကြောင်းမရှိဘူး။ စီးပွားရေးက ထိုးဆင်းနေတာ။ လုံးဝပြိုကွဲသွားတဲ့ အနေအထားမျိုး မဖြစ်အောင် သူ့ (စစ်ကောင်စီ) အနေနဲ့ တတ်နိုင်သမျှ ထိန်းနေတဲ့သဘောပဲ။ အဲဒီလိုထိန်းနေတဲ့အခါ ဒေါ်လာ အကျပ်အတည်းက သူ့ (စစ်ကောင်စီ) အတွက် အကြီးဆုံးပဲ”
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ရှိ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုဟာ မသမာသူတွေရဲ့ ဈေးကစားမှုကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေပြည်တော်မှာကျင်းပတဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးကလည်း လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အကျိုးအမြတ် တစ်ခုတည်းကို မကြည့်ကြဖို့ ဩဂုတ်လ ၃၀ ရက် နေပြည်တော်မှာ လုပ်တဲ့ ဆီလုပ်ငန်းရှင်တွေနဲ့ အစည်းအဝေးမှာပြောခဲ့ပါတယ်။
စစ်ကောင်စီက ပြည်တွင်းစီးပွားရေး တည်ငြိမ်လာစေဖိုဆိုပြီး ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၊ ကုန်စည်စီးဆင်းမှုဗဟိုကော်မတီနဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ စတာတွေကို ဖွဲ့စည်းထားပါတယ်။ စစ်ကောင်စီအနေနဲ့ စီးပွားရေးတည်ငြိမ်ဖို့ ဘယ်လိုမူဝါဒတွေနဲ့ ရှေ့ဆက်မလဲဆိုတာ သိရဖို့ ဝန်ကြီး ဦးအောင်နိုင်ဦး ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ပြင်ပပေါက်ဈေး အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၃၄၀ သာ ရှိခဲ့သလို အခေါက်ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်သာ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော် အကြာ ဒီနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၃၀၀ နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်း ဝန်းကျင်အထိ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကတော့ ပြင်ပစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃၉၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။