မြန်မာ့ဒီမိုကရေစီစံနှုန်းညွှန်းကိန်း ကမ္ဘာမှာ ဒုတိယအနိမ့်ဆုံးဖြစ်
2022.02.16

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို စစ်တမ်းကောက်တဲ့အခါ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ညွှန်းကိန်းဟာ ၁၆၆ မှာရှိတယ်လို့ Economics မဂ္ဂဇင်းရဲ့ ၂၀၂၂ အတွက် ဒီမိုကရေစီ ညွှန်းကိန်းက ဖေဖော်ဝါရီ ၉ ရက်က ဖော်ပြလိုက်ပါတယ်။ နှစ်နှစ်ဆက်တိုက် ညွှန်းကိန်း ၁၆၆ မှာရှိနေပြီး မြန်မာနိုင်ငံအောက်မှာ ၂၀၂၁ က အတိုင်း အာဖဂနစ္စတန်နိုင်ငံ ရှိပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းခင် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကဆိုရင် ဒီမိုကရေစီစံနှူန်းနဲ့ မကိုက်ညီဆုံး ငါးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံမပါဘဲ အဲဒိတုန်းက နောက်ဆုံးမှာရှိတဲ့ မြောက်ကိုရီးယားဟာ နှစ်နှစ်ဆက်တိုက် ညွှန်းကိန်း ၁၆၅ မှာရှိပြီး မြန်မာနိုင်ငံအထက်ကို ရောက်သွားပါတယ်။
ညွှန်းကိန်းကို ရွေးကောက်ပွဲရှိ-မရှိနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ အစိုးရယန္တရား လည်ပတ်မှု၊ နိုင်ငံရေးမှာပါဝင်နိုင်မှု၊ ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ နိုင်ငံသားတွေ လွတ်လပ်ခွင့် အချက်ငါးချက်နဲ့ သတ်မှတ်တာပါ။
စစ်တမ်းအရ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုအောက် ရောက်နေပြီး ၆ ဒသမ ၄ % က ဒီမိုကရေစီအပြည့်အဝခံစားရတယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ နော်ဝေးနိုင်ငံက ဒီမိုကရေစီစံနှုန်းနဲ့ အကိုက်ညီဆုံးနိုင်ငံဖြစ်ပြီး အာရှမှာ ထိုင်ဝမ် က ညွှန်းကိန်း ၈၊ တောင်ကိုရီးယားက ၁၆ နဲ့ ဂျပန်နိုင်ငံက ၁၇ ရှိပါတယ်။ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းက ညွှန်းကိန်း ၇၂၊ အိန္ဒိယက ၄၆၊ တရုတ်နိုင်ငံက ၁၄၈ မှာ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပေမဲ့ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ၂၀၂၁ မှာ စစ်အာဏာသိမ်းလိုက်တယ်ဆိုကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် အခွင့်အလမ်းက ဆုံးရှုံးသွားပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက ပုံမှန်မလည်ပတ် နိုင်တဲ့ အပြင် နဂိုကတည်းက ရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋ္ဋိပက္ခဒေသတွေ အပြင် PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့ နေရာတွေမှာပါ နယ်မြေ မတည်မငြိမ် ဖြစ်နေရပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာတဲ့အတွက် စစ်ကောင်စီယန္တရား မလည်ပတ် နိုင်တဲ့ သဘောလည်း သက်ရောက်ပါတယ်။
ဒါနဲ့ ဆက်စပ်လို့ ချင်းပြည်နယ်မှာ မင်းတပ်မြို့ကလွဲလို့ ရွာတွေမှာ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က စီမံခန့်ခွဲနေတဲ့အနေအထား ရောက်နေပြီလို့ အဖွဲ့ အတွင်းရေးမှုုးက ပြောပါတယ်။
“ကျနော်တို့ရဲ့ အုပ်ချုပ်မှုဧရိယာ သက်ရောက်မှုကတော့ ၉၅ ရာနှုန်းလောက်လို့ ပြောလို့ ရတာပေါ့။ မင်းတပ်မြို့က လွဲလို့ပေါ့။ ကျန်တဲ့ကျေးလက်ဒေသအားလုံးကိုတော့ အုပ် ချုပ်ရေး ယန္တရား ရောက်တဲ့ နယ်မြေအဖြစ် သတ်မှတ်လို့ရတယ်။ မင်းတပ်မြို့မှာတော့ စစ်ကောင်စီရဲ့ယန္တရားရှိတယ်။ သို့သော် တချို့ကိစ္စမျိုးတွေမှာ ကျနော်တို့ ဒီဘက်ကနေ စီမံခန့်ခွဲရတာမျိုးရှိတယ်။ ကျန်းမာရေးအတွက်ကလည်း ကုသရေးစင်တာတစ်ခုထား တယ်။ ကျန်တဲ့ဒေသတွေကိုလည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်တွေ ရောက်နိုင်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ပညာရေးကလည်း အလားတူပေါ့။ တစ်မြို့နယ် လုံးနီးပါးအထိ ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်တယ်”
ဒီမိုကရေစီ ညွှန်းကိန်းက သတ်မှတ်တဲ့အချက် ငါးချက်မှာ အကျုံးဝင်တဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုက စစ်အာဏာသိမ်းချိန်ကတည်းက ဆုံးရှုံးသွားပြီး ကျန်နှစ်ချက်ဖြစ်တဲ့ ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ နိုင်ငံသားတွေ လွတ်လပ်ခွင့်က မှေးမှိန် ပျောက်ကွယ်သွားပါတယ်။
စစ်အာဏာသိမ်းပြီး တစ်နှစ်တိုင်သွားပေမယ့် စစ်တပ်ရဲ့ စွမ်းရည်သုံးရပ်မှာ စည်းရုံးရေး စွမ်းရည် ကလည်း မအောင်မြင်၊ အုပ်ချုပ်ရေးစွမ်းရည်ကလည်း နေရာဒေသတိုင်းကို မလွှမ်းခြုံနိုင်ဘဲ ရှိပါတယ်။ တိုက်ခိုက်ရေးစွမ်းရည်မှာ လက်နက်ကြီးတွေသုံး ပစ်ခတ်နိုင်တဲ့ ကြားက လေကြောင်းကပါ တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ အုပ်ချုပ်မှုဧရိယာ သက်ရောက်မှုကတော့ ၉၅ ရာနှုန်းလောက်လို့ ပြောလို့ ရတာပေါ့။ မင်းတပ်မြို့က လွဲလို့ပေါ့။”
အရင်ကဆို ခုလို လက်နက်ကြီးတွေနဲ့ လွယ်လွယ်ကူကူတိုက်လို့ မရဘဲ အထက်အမိန့် ယူရပေမယ့် လက်နက်ကြီးကျည်တွေ ပြည်တွင်းမှာ ထုတ်နိုင်လို့ ခုတိုက်လို့ ရတယ်လို့ နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲပြီး စစ်အာဏာ သိမ်းလိုက်တဲ့ နောက် ဈေးကွက်စီးပွားရေးဖွင့်လိုက်ပါတယ်။
အဲဒီအခါ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ စီးပွားရေး အင်ပါယာ ချဲ့လာနိုင်တဲ့အတွက် စစ်တပ်ဘဏ္ဍာရေး အင်အားတောင့်တင်းလာပြီး လက်နက်တွေပိုမို စုဆောင်း သုံးစွဲ လာနိုင်ချိန်မှာ ဒီမိုကရေစီစံနှုန်းတွေလည်း ကျဆင်းရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။