အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု မြန်မာက ဒုတိယအဆိုးဆုံးဖြစ်
2023.10.04
အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက် ဒီနေ့ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
Freedom House အဖွဲ့ကြီးက နိုင်ငံပေါင်း ၇ဝ ကို မှတ်တမ်းပြုစုထားတာပါ။ အဲဒီအထဲမှာ ၅၅ နိုင်ငံက လူတွေဟာ အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြောဆိုမှုတွေကြောင့် ဥပဒေကြောင်း အရ ဖိနှိပ်အရေးယူခံနေရသလို ဒီအထဲက ၄၁ နိုင်ငံမှာတော့ အွန်လိုင်းပေါ်မှာ ကိုယ့်ထင်မြင်ချက်တွေ အယူအဆတွေ ပြောဆိုမှတ်ချက်ပေး ရေးသားတာတွေကြောင့် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရတာနဲ့ သတ်ဖြတ်ခံရတာတွေအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
"ကိုယ့်ရဲ့ပရိုဖိုင်ဓာတ်ပုံမှာ ကိုယ့်ဟာကိုယ် အရောင်ချိန်းတာကအစ ကိုယ့်ရဲ့စိတ်ထဲက ခံစားချက်တစ်ခုခုကို ရေးလိုက်တာကအဆုံး။ ဘာမှဝေဖန်တာ တိုက်ခိုက်တာမျိုးမဟုတ်တာတောင်မှ ဒါမျိုးတွေကို လိုက်ပြီးတော့ ဖမ်းဆီးတယ်၊ ထောင်ချတယ် ဆိုတဲ့ ကိစ္စတွေဟာ တော်တော်လေးကို ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်”
အဲဒီအထဲမှာ တရုတ်နိုင်ငံက ပထမ၊ မြန်မာက ဒုတိယနဲ့ အီရန်နိုင်ငံက တတိယ အဆိုးဆုံး ချိုးဖောက်ခံနေရတယ်လို့ထောက်ပြပါတယ်။ အင်တာနက်အွန်လိုင်းမှာ ရေးသား ပြောဆိုချက်တွေနဲ့ ဆက်နွှယ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့အာဏာရှိသူတွေက သေဒဏ်ပေး ကွပ်မျက်တာတွေတောင် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီးနောက်ပိုင်း စစ်တပ်နဲ့ စစ်တပ်သတင်းပေးတွေက တယ်လီဂရမ်လူမှုကွန်ရက်ကို သုံးပြီး နိုင်ငံရေးအရ ဆန့်ကျင်သူတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ၊ ထောင်ချ၊ အသက်အန္တရာယ်ပေးတာတွေအထိ လွတ်လပ်ခွင့် ချိုးဖောက်တာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီအထဲမှာ ၂၀၂၂ ဇူလိုင်လက ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ထင်ရှားတဲ့နိုင်ငံရေးလှုပ်ရှားသူတွေကို လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားဟောပြောမှုတွေကြောင့် ဖမ်းဆီးခဲ့တာ၊ သေဒဏ်ပေးခဲ့တာကိုလည်း အဆိုးဝါးဆုံး လုပ်ရပ်တစ်ခုအနေနဲ့ ဖော်ပြထားတယ်။ အဲဒီအပြင် လွတ်လပ်တဲ့ ပုဂ္ဂလိက တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းကြီးတစ်ခုကို ၂ဝ၂၂ စက်တင်ဘာမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ကုမ္ပဏီတစ်ခုကို လက်လွှဲရောင်းချဖို့ အာဏာပိုင်တွေ ဆောင်ရွက်ခဲ့တာကိုလည်း အင်တာနက်အွန်လိုင်း လွတ်လပ်ခွင့်ချိုးဖောက်မှုအနေနဲ့ ဖော်ပြထားပါတယ်။
ဒီအစီအရင်ခံစာဟာ ၂ဝ၂၂ ခုနှစ် ဇွန်လကနေ ၂ဝ၂၃ ခုနှစ် မေလအထိ တစ်နှစ်တာကာလ ကို လေ့လာပြုစုထားတဲ့ အစီအရင်ခံစာ ဖြစ်ပါတယ်။ ဒီကာလထဲမှာ လူသိများပြီး ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ လျှပ်စစ်မီး ပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီဝန်ကြီးဌာနနဲ့ စစ်ကောင်စီအကြီးအကဲတချို့ကို ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို နိုင်ငံဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာလည်း ထည့်သွင်းဖော်ပြထားပါတယ်။
"စစ်တပ်က သူတို့ရဲ့လက်နက်ကို အားကိုးပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့် နောက်ပြီးတော့ လွတ်လပ်စွာ စုဝေးခွင့်ကို မတရားနည်းလမ်းနဲ့ ဟန့်တားတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး”
အွန်လိုင်းပေါ်ကနေ ဝေဖန်ရုံနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာကတော့ တရားမျှတမှုမရှိဘူးလို့ အဆိုတော်ဗျူဟာရဲ့ ဖခင် တေးရေး၊ တေးဆို နိုင်မြန်မာက ပြောပါတယ်။
“ဒါနိုင်ငံတော်ပုန်ကန်မှုမှ မဟုတ်တာဗျာ။ လူသတ်မှုလည်း မဟုတ်ဘူး၊ နိုင်ငံတော် လုပ်ကြံမှုလည်း မဟုတ်ဘူး။ လူတစ်ယောက်ဟာ သူစိတ်ထဲကနေ မကြိုက်ရင် မကြိုက်ဘူး၊ မဟုတ်ရင် မဟုတ်ဘူး သူပြောမယ်။ အဲဒီလောက် ထောင်ဒဏ်ချစရာ အကြောင်းမှမရှိတာ။ ဆဲတာဆိုတာပါလာလို့ ထောင်ဒဏ်ချချင်တယ်ဆိုရင် ဥပဒေတွေရှိပါတယ်။ ဆဲဆိုတာတို့၊ ခြိမ်းခြောက်တာတို့အတွက် ပြစ်ဒဏ် ဘယ်လောက်ဆိုတာ ရှိတယ်။ အဲဒီလောက်ချလိုက်တော့ သတ္တဝါနဲ့ လက်နက်နဲ့ မမျှဘူး”

၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီလကုန်ထိ တစ်နှစ်ကျော်အတွင်းမှာလည်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook၊ TikTok နဲ့ Telegram စာမျက်နှာတွေမှာ စစ်တပ်နဲ့ စစ်ကောင်စီကို ဆန့်ကျင်ရေးသားတဲ့အကောင့်၊ ဒါမှမဟုတ် တခြားသူတွေ တင်တာကို ပြန်ဝေမျှတဲ့အကောင့် အနည်းဆုံး ၁၀၅၀ ကို အရေးယူထားတဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေကို အခြေခံပြီး RFA က လေ့လာတွေ့ရှိရပါတယ်။
အဲဒီစွပ်စွဲချက်တွေနဲ့ အဖမ်းခံရတဲ့သူတွေထဲမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ အနုပညာလောကက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေများသလို သာမန်အရပ်သားတွေလည်း ပါဝင်တာ တွေ့ရပါတယ်။
ဒီလိုဖမ်းဆီးတာတွေရှိလို့ ကိုယ့်ထင်မြင်ယူဆချက်တွေကို ထုတ်မပြောရဲဘဲ အင်တာနက်ကို စိုးရိမ်စိတ်တွေနဲ့အသုံးပြုနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ တစ်ယောက်က ပြောပါတယ်။
“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော်။ ကျွန်မတို့မှာက အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လုံးဝမရှိဘူး။ အင်တာနက်သာ သုံးနေရတယ် နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ထင်မြင် ယူဆချက်တွေကို မရှဲ (Share) ရဲတာတို့၊ သွားပြီးမှတ်ချက်မပေးရဲတာတို့ အဲဒီလိုမျိုးတွေ အမြဲဖြစ်နေတယ်ပေါ့နော်။ စိုးရိမ်ပူပန်မှုတွေ ငါဒီလိုမျိုး ရေးလိုက်ရင်များ ငါ့ကိုများ လာဖမ်းမလား ဒီလိုမျိုး Share လိုက်ရင်များ ငါ့ကိုများလာဖမ်းမလား အမြဲစိုးရိမ်ပူပန်ကြောင့်ကြစိတ်တွေက ရှိတယ်ပေါ့နော်”
“လူတစ်ယောက်ဟာ သူစိတ်ထဲကနေ မကြိုက်ရင် မကြိုက်ဘူး။ မဟုတ်ရင် မဟုတ်ဘူး သူပြောမယ်။ အဲဒီလောက် ထောင်ဒဏ်ချစရာ အကြောင်းမှမရှိတာ"
အင်တာနက်လွတ်လပ်ခွင့်ကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာဟာ ပြည်သူတွေကို အကြောက်တရားသွင်းနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ပြည်သူတွေကြားထဲမှာ အကြောက်တရား လွှမ်းမိုးလာအောင် လုပ်တာတစ်ခုရယ်၊ နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ အမှန်တကယ် ဘာတွေဖြစ်နေတယ်ဆိုတဲ့ကိစ္စနဲ့ ပြည်သူတွေရဲ့ အရင်ထဲက ဆန္ဒအမှန်က ဘာလဲဆိုတဲ့ကိစ္စကို ကမ္ကာကို မသိစေချင်တာ ပေါ့နော်။ အဲဒီနှစ်ခုကြောင့်လို့ ကျွန်တော်တို့က နားလည်ထားတယ်။ တကယ့် အခြေခံ အခွင့်အရေးပေါ့နော်။ ကိုယ့်ရဲ့ပရိုဖိုင်ဓာတ်ပုံမှာ ကိုယ့်ဟာကိုယ် အရောင်ချိန်းတာက အစ၊ ကိုယ့်ရဲ့စိတ်ထဲက ခံစားချက်တစ်ခုခုကို ရေးလိုက်တာကအဆုံး၊ ဘာမှဝေဖန်တာ တိုက်ခိုက်တာမျိုးမဟုတ်တာတောင်မှ ဒါမျိုးတွေကို လိုက်ပြီးတော့ ဖမ်းဆီးတယ်၊ ထောင်ချတယ်ဆိုတဲ့ ကိစ္စတွေဟာ တော်တော်လေးကို ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်”
Freedom House အဖွဲ့ရဲ့အစီရင်ခံစာမှာပါတဲ့အချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မနေ့က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ NUG၊ CRPH တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်တာ၊ အားပေးတာတွေ လုပ်ရင်တော့ အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းတာဖြစ်လို့ အရေးယူရမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် မေလက RFA ကို ဖြေဆိုထားပါတယ်။

စစ်ကောင်စီက အင်တာနက်လွတ်လပ်ခွင့်ကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေသလို စာ၊ ဓာတ်ပုံ၊ အရုပ်၊ အသံ စတဲ့ အင်တာနက်ပေါ်မှာ ရေးသားပြောဆိုဖော်ထုတ်တာကို AI ခေါ် ဉာဏ်ရည်တု နည်းပညာနဲ့ ရှာဖွေစစ်ဆေးပြီး အင်တာနက်ပိတ်တာ၊ အကောင့်ပိတ်တာ၊ ဆင်ဆာ လုပ်တာတွေ ရှိနေပြီလားလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ သူတို့ အတိအကျမသိနိုင်ဘူးလို့ ပြောပါတယ်။
“AI သုံးဖို့အတွက်က ဘယ်လိုပလက်ဖောင်းသုံးမလဲ၊ အဲဒီ ပလက်ဖောင်းက ဘယ်လောက်ထိ Reliable (ယုံကြည်စိတ်ချရ)မလဲ။ အဲဒါကို ဘယ်အချိန်မှာ သုံးမလဲ အခုနကပြောသလို ဘယ်စနစ်တွေ သုံးမလဲပေါ့။ အဲဒါတွေက အများကြီးဆွေးနွေးရဦးမှာ။ လောလောဆယ်ကတော့ အဲဒါနဲ့ ပတ်သက်လို့ မှတ်ချက် အတိအကျပေးဖို့ လွယ်မှာမဟုတ်ဘူး”
ဒီအစီအရင်ခံစာက ဖော်ပြထားတဲ့ကာလမှာ စစ်ကောင်စီဟာ ကချင်၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တွေအပြင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းက မြို့နယ်အတော်များများကို အင်တာနက်ဖြတ်တောက်တာ ဒါမှမဟုတ် အင်တာနက်မြန်နှုန်းလျှော့ချထားတာနဲ့ တယ်လီဖုန်းလိုင်းကိုပါ ဖြတ်တောက် ထားတာတွေကိုလည်း လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
အခုလို ဘက်ပေါင်းစုံထိန်းချုပ်လာတာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights ရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။
“လူတိုင်း၊ ပြည်သူတိုင်း လွတ်လပ်စွာပြောဆိုပိုင်ခွင့်ပေါ့နော်။ ဒါက ကိုယ်စီ ကိုယ်စီမှာ ရှိတယ်။ လူတစ်ဦးရဲ့ကိုယ်ပိုင်ရပိုင်ခွင့်၊ ဒါကို ဘယ်သူမှဟန့်တားလို့မရတဲ့ အရာတစ်ခု ပေါ့နော်။ ဒါပေမဲ့ စစ်တပ်က သူတို့ရဲ့လက်နက်ကိုအားကိုးပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ နောက်ပြီးတော့ လွတ်လပ်စွာ စုဝေးခွင့်ကို မတရား နည်းလမ်းနဲ့ ဟန့်တားတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး”

ဒီလိုဖိနှိပ်မှုတွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့အပိုဒ် ၁၉ မှာ ဖော်ပြထားတဲ့ လူတိုင်း နယ်စည်းမခြားဘဲ သတင်းတွေကို ရရှိခွင့်၊ သိုမှီးခွင့်၊ ဖြန့်ဖြူးခွင့် ရရှိရမယ်ဆိုတဲ့ အချက်တွေကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ လူ့အခွင့်အရေးသမားတွေက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ကိုလည်း စစ်ကောင်စီက ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။ အဲဒီစာချုပ်ရဲ့ အပိုဒ် ၁၉ မှာလည်း လူတိုင်းဟာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ အခုလိုနိုင်ငံတကာပြဋ္ဌာန်းချက်တွေကို အလေးမထားတဲ့အပြင် တစ်ဖက်မှာလည်း ကန့်သတ်ထားတဲ့ ဝဘ်ဆိုက်တွေ၊ application တွေကို ကျော်ပြီး ကြည့်နိုင်တဲ့ VPN (Virtual Private Network) နည်းပညာကို ခွင့်ပြုချက်မရှိဘဲ သုံးရင် ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။