မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စုရုံးခွင့်နဲ့ ထုတ်ဖော်ခွင့် နယ်ပယ်ပိုကျဉ်းမြောင်းလာ

RFA Burmese
2025.01.22
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စုရုံးခွင့်နဲ့ ထုတ်ဖော်ခွင့် နယ်ပယ်ပိုကျဉ်းမြောင်းလာ မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည့် အမျိုးသမီးများအား ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့က တွေ့ရစဉ်။
AFP Photo

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စုရုံးခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နယ်ပယ်ဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှု အကြိမ် သုံးထောင်နီးပါး (၂,၉၆၅) ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အကြိမ် ၂၃၀၀ ကျော်အထိ အများဆုံးဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီက ဆန္ဒပြတာ‌တွေ ခွင့်မပြုသလို ပြရင်လည်း ဖမ်းဆီးထောင်ချတာတွေ လုပ်ပါတယ်"

မြို့ကြီးတွေမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ မရှိသလောက်နည်းသွားတယ်လို့ Data for Myanmar ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ကြီးတွေမှာ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှု‌တွေ မရှိသလောက်နည်းသွားတာ တွေ့ရတယ်။ စစ်ကောင်စီက ဆန္ဒပြတာ‌တွေ ခွင့်မပြုသလို ပြရင်လည်း ဖမ်းဆီးထောင်ချတာတွေ လုပ်ပါတယ်။ ပဋိပက္ခဒေသတွေမှာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း လက်နက်ကိုင်အဖွဲ့အစည်းကို ဝေဖန်ထောက်ပြရတာဖြစ်လို့ အန္တရာယ်များပါတယ်။ သပိတ်ကော်မတီတွေကို ကြည့်မယ်ဆိုရင် ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အဆင်ပြေတဲ့ မြို့နယ်တွေမှာ အားကောင်းပြီး အဆင်မပြေတဲ့ မြို့နယ်တွေဆို အားနည်းလာတာ တွေ့ရပါတယ်"

မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အားကောင်းလာရင် နောက်ဆက်တွဲ လုံခြုံရေးဆိုင်ရာ အားနည်းလာနိုင်တယ်ဆိုတဲ့ စစ်ရေးနဲ့ လုံခြုံရေးကို အကဲပိုတဲ့အမြင်တွေကြောင့် အခုလို လွတ်လပ်စွာ စုရုံးထုတ်ဖော်ခွင့် နယ်ပယ်ကျဉ်းမြောင်းလာတာလို့ ဆိုလိုပါတယ်။ အလားတူ ပဋိပက္ခဒေသတွေမှာဆိုရင်လည်း စစ်ရေးကို ဦးစားပေးနေရတာကြောင့် လူထုလှုပ်ရှားမှုတွေကို အားမပေးချင်တဲ့ အမြင်တွေလည်း ရှိလာနေတယ်လို့ Data for Myanmar အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှု ပိုဆိုးလာ

နှစ်လအတွင်း လွတ်လပ်စွာပြောဆိုခွင့် ချိုးဖောက်ခံရသူ ၃၂ ဦးရှိကြောင်း အသံဖွဲ့ထုတ်ပြန်

အာဏာသိမ်း လေးနှစ်အတွင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် အဆိုးဆုံးရောက်လာ


တကသ ကျောင်းသားဟောင်းများအင်အားစု က တာဝန်ရှိသူ ကိုနန်းလင်းကတော့ စစ်ကောင်စီရဲ့ နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုရုံးခွင့်တွေ ဆိုးရွားလာတာလို့ RFA ကို ပြောပါတယ်။

“အဓိက အချက်ကတော့ စစ်အုပ်စုရဲ့ အထွေထွေဖိနှိပ်မှုကြောင့်ပဲလို့ ပြောရမှာပဲ။ ဒီကနေ့ အခြေအနေမှာတော့ ပိုပြီးတော့မှ လှုပ်ရှားမှုတွေ ဆန္ဒပြမှုတွေက ပိုနည်းလာတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ လူတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်ဆိုတာတောင် အာမ မခံနိုင်ဘဲနဲ့ စစ်အုပ်စုက နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ချိုးဖောက်နေတဲ့အချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့၊ စုရုံးခွင့်တို့ဆိုတာ ပိုတောင်ဆိုးတဲ့ အခြေအနေမျိုးလို့ ဆိုရမှာဖြစ်ပါတယ်”

ဆန္ဒပြမှု အကြိမ်သုံးထောင်နီးပါးထဲမှာ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့အဖွဲ့အစည်းတွေလည်း ၇၇ ကြိမ် ဆန္ဒပြခဲ့သလို ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေအတွင်းမှာလည်း ဒေသခံတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြိမ် လေးဆယ် ဆန္ဒပြခဲ့တယ်လို့ Data for Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာထုတ်ဖော်ခွင့်ဟာ တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာလည်း တော်လှန်ရေးအဖွဲ့တွေကို ပြည်သူတွေအနေနဲ့ မေးခွန်းထုတ်ခွင့်ကို ဆုံးရှုံးနေဆဲဖြစ်တယ်လို့ ကလေးမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လေးနှစ်တာကာလအတွင်းကြည့်ရင် လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်က ကျွန်တော်တို့ လုံးဝကို ဆိတ်သုဉ်းသွားတဲ့ အနေအထား ဖြစ်တယ်ပေါ့ဗျာ၊ ၂၀၂၄ အထိ ကြည့်ရင်ပေါ့ဗျာ။ တော်လှန်ရေး အားကောင်းလာတာနဲ့အမျှ ကျွန်တော်တို့ တော်လှန်ရေးထဲမှာ ပြည်သူလူထုအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် အခြေခံပြီး ပြည်သူလူထုအနေနဲ့ မေးခွန်းထုတ်တဲ့အချိန်မှာ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဆုံးရှုံးနေရဆဲ ဖြစ်တယ်”

ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကချင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ သပိတ်အင်အားစုတွေဟာ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒထုတ်ဖော်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အင်တာနက်ဖြတ်တောက်ထားသည့် စစ်ကိုင်းတိုင်းတွင် ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြစဉ်။(Citizen Photo)
စစ်ကောင်စီ အင်တာနက်ဖြတ်တောက်ထားသည့် စစ်ကိုင်းတိုင်းတွင် ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြစဉ်။(Citizen Photo)

ဆန္ဒပြပွဲတွေ အများဆုံးရှိနေတဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေ ကြားကပဲ ဆန္ဒထုတ်ဖော်မှုတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက RFA ကို ပြောပါတယ်။

“အရင်ကလောက် လူစုဖို့ စိန်ခေါ်ချက်ရှိတယ်၊ ကျွန်တော်တို့က လက်နက်ကြီး၊ လေကြောင်းရန်တွေကို ဘယ်လိုလုပ်ရသလဲဆိုတော့ စစ်ဘက်ဆိုင်ရာ ကင်းထောက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့တွေရဲ့ သတင်းစကားတွေကနေ အလျဉ်းသင့်သလို စီမံဆောင်ရွက်ရတဲ့ အခြေအနေတွေရှိတယ်။ တစ်ဖက်မှာလည်း လက်နက်ကြီး လေကြောင်းက နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲ၊ ရမ်းသန်းပစ်ခတ်နေတဲ့ အခြေအနေကြားမှာဆိုတော့ စိန်ခေါ်ချက်တော့ အများကြီးရှိတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလနှစ်လအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားမှုနဲ့ ဖမ်းဆီးခံထားရသူ ၃၂ ဦး ရှိတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ သူ့ကို ဆန့်ကျင်သူတွေကို ဖိနှိပ်ဖမ်းဆီးဖို့အတွက် ဆန္ဒပြပွဲတွေအပြင် လူမှုကွန်ရက် စာမျက်နှာတွေကိုပါ ထောက်လှမ်းပြီး အရေးယူနေတယ်လို့ မန္တလေးသပိတ်ကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်ပဲ ထိုင်ထိုင်၊ ဘယ်ပဲသွားသွား ဘာလို့လဲဆိုတော့ ဒီပတ်ဝန်းကျင်တွေမှာ သူတို့ လူတွေရှိနေတော့ ပါးစပ်ကနေ ပြောလိုက်တာပဲ ဖုန်းသုံးနေရင်းတောင်မှ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေ့လိုက်တာပဲဖြစ်ဖြစ်၊ Tik Tok သုံးနေရင်းနဲ့ဖြစ်ဖြစ် ပို့စ်လေးတစ်ခု တွေ့လိုက်တာနဲ့ သူတို့က ဖမ်းလိုက်တာပဲ။ ဆိုရှယ်မီဒီယာမှာလည်း တစ်ခုခုလေး ရှယ်လိုက်မိတာနဲ့ တစ်ခါတည်း တန်းပြီးလာဖမ်းသွားတာတွေရှိတော့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ပိုင်ခွင့်ဆိုတဲ့ အနေအထားမျိုးက လုံးဝရှိမနေတဲ့ အနေအထားပေါ့လေ”

ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်အာဏာဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီမှ မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းချိန် သတင်းသမားများအား တွေ့ရစဉ်။ (RFA Photo)
ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်အာဏာဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီမှ မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းချိန် သတင်းသမားများအား တွေ့ရစဉ်။ (RFA Photo)

စစ်ကောင်စီ အပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ပိတ်ပင်တာ၊ ဖမ်းဆီးနှိပ်ကွပ်တာ၊ ခြိမ်းခြောက်တာတွေ မလုပ်သင့်သလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ မချမှတ်ဖို့ကိုလည်း Data for Myanmar ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဆန္ဒပြလှုပ်ရှားမှုတွေမှာ အာဏာသိမ်း သုံးနှစ်ပြည့် အသံတိတ်သပိတ်၊ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်ခန့်အပ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အမှတ်တရ သပိတ်တွေပါ ပါဝင်ခဲ့တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။