မြန်မာ့ပန်းချီစျေးကွက် ထူးထူးခြားခြား ပြောင်းလဲလာ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.08.21
မြန်မာ့ပန်းချီစျေးကွက် ထူးထူးခြားခြား ပြောင်းလဲလာ Time City တွင် ပန်းချီပြခန်းဖွင့်လှစ်ထားသည့် ပန်းချီ စန်းနိုင်၏လက်ရာ ပန်းချီကားတချို့။
San Naing/Facebook

လွန်ခဲ့တဲ့ ၁ဝ နှစ်နဲ့တောင်မဟုတ်ဘဲ နှစ်နှစ်သုံးနှစ်အတွင်း မြန်မာ့ပန်းချီဈေးကွက်က အကြီးအကျယ် ပြောင်းလဲလို့ သွားပါပြီ။ လူအများစု တစ်နေ့လုပ်မှ တစ်နေ့စားရပြီး မုန့်ဟင်းခါးစားနိုင်တယ်ဆိုရင်တောင် ဘဲဥတစ်လုံး ၇ဝဝ မို့ နှစ်ယောက်စားရင် တစ်ယောက်တစ်ခြမ်း မျှစားရတဲ့ကာလမှာ ပန်းချီတစ်ကား သိန်းသောင်းချီဝယ်ယူသူတွေ ရှိနေပါတယ်။

ပန်းချီဆွဲချင်စိတ်ရှိမှ ပန်းချီဆွဲလေ့ရှိပေမဲ့ အပ်ထည်အော်ဒါ ပန်းချီတစ်ကားတန်ဖိုးက သိန်းတစ်ထောင်လောက်ရှိတယ်လို့ Time City မှာ ပြခန်းဖွင့်ထားတဲ့ ပန်းချီစန်းနိုင်က ပြောပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံမတိုင်ခင်ကဆို နိုင်ငံတကာသံရုံးတွေမှာ တာဝန်ထမ်းသူတွေက မြန်မာ ပန်းချီဆရာတွေရဲ့ကားတွေ အဝယ်များပြီး အနုပညာကို နှစ်နှစ်ကာကာတန်ဖိုးထားတဲ့ မြန်မာတချို့က ဝယ်ယူစုဆောင်းလေ့ ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ဈေးကွက်စီးပွားရေးလည်း ဖွင့်၊ မြန်မာပန်းချီဆရာတွေလည်း ပြည်ပကို ခြေဆန့်ခွင့်ရလာပေမဲ့ အခုလောက် ပန်းချီပြခန်းတွေလည်း မများ၊ ပန်းချီ ဈေးကွက်လည်းမပွင့်၊ ပန်းချီကားစုဆောင်းသူတွေလည်း မများ၊ ပြခန်းတွေ၊ ပြပွဲတွေလည်း ဒီနေ့ခေတ်လို မများပါဘူး။ စစ်အာဏာသိမ်းပြီးနောက် အများစုကျပ်တည်းရုန်းကန်နေရချိန်မှာ ငွေဖောင်းပွလို့ ငွေကြေးချမ်းသာသူတွေက ဝယ်ယူနေကြတာပါ။

ထုံးစံအတိုင်း နိုင်ငံတကာနဲ့ မတူတဲ့ မြန်မာနိုင်ငံမှာ ပန်းချီပွဲစားသီးသန့်မရှိခဲ့ဘဲ အခုတော့ ပန်းချီကား ဝယ်ယူစုဆောင်းပြီး ပြန်ရောင်းသူတွေ ရှိလာပါတယ်။ ပန်းချီဆောင်းပါးရှင်ခင်သန်းဖြူကတော့ ခေတ်စကားအရ ဂုဏ်ဆာပြီး ဝယ်ယူစုဆောင်းနေကြတာလို့ ပြောပါတယ်။

ပန်းချီဆရာစန်းနိုင်ပြောသလိုပဲ ထားစရာမရှိတဲ့လူတွေက ဝယ်ယူပေမဲ့ ပန်းချီကားထက် ပန်းချီဆရာနာမည်ကို ကြည့်ဝယ်ကြတာလည်း ဖြစ်ပါတယ်။ အရင်ကဆို ပန်းချီကိုမြတ်နိုးလို့ ပန်းချီကားစုဆောင်းကြတာဖြစ်ပြီး အခုစုဆောင်းတာက ပြန်ရောင်းဖို့ ဖြစ်ပါတယ်။

တခြားအနုပညာလို မဟုတ်ဘဲ ပန်းချီက တစ်ကိုယ်တော်ဖန်တီးနိုင်တဲ့ ပညာရပ်ဖြစ်နေပြီး တစ်ကားဆို ဆိုသလောက် တွက်ခြေကိုက်တဲ့အတွက် တခြားနယ်ပယ်တွေကနေ ပန်းချီလောကကို ရောက်လာသူတွေလည်း ရှိနေပြန်ပါတယ်။

အနုပညာဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး ဝါသနာသန်ရာကို ဖန်တီးတတ်ကြတဲ့ သဘောရှိပါတယ်။ စာရေးဆရာ ဒေါက်တာခင်မောင်ညိုကတော့ အခုခေတ် နိုင်ငံတကာကျောင်းတွေမှာ ပန်းချီသင်တန်းပို့ချသလို သူငယ်ငယ်ကလည်း ကျောင်းမှာ ပန်းချီသင်ခဲ့ရပြီး အဲဒီကတည်းက ဝါသနာပါလာတဲ့ ပန်းချီကို အခုဆွဲနေတာလို့ ပြောပါတယ်။

ဘဝတလျှောက်လုံး ပန်းချီဆရာအဖြစ် ရပ်တည်လာတဲ့ ပန်းချီမျိုးသန့်အောင်ကတော့ အိမ်မှာပဲ ပန်းချီဆွဲပြီး လက်စသတ်ရင် ဝယ်သူလက်အပ်လိုက်တယ်လို့ ပြောပါတယ်။

ပန်းချီမျိုးသန့်အောင်က အိမ်မှာ ပန်းချီဆွဲချိန် ရန်ကုန်မြို့မှာ ပန်းချီပြပွဲတွေ မပြတ်ရှိနေပြီး ပန်းချီ မင်းဝေအောင်ရဲ့ New Treasure ပြခန်းနဲ့ GVလို့ အသိများတဲ့ Golden Valley ပြခန်းလို ပြခန်းတွေက အရင်ကအတိုင်း အပြောင်းအလဲ မရှိဖွင့်လှစ်မြဲ ဖွင့်ထားတယ်လို့လည်း ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။