မြန်မာနိုင်ငံမှာ ပန်းချီကားအတုစျေးကွက် ကြီးမားလာ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.08.28
မြန်မာနိုင်ငံမှာ ပန်းချီကားအတုစျေးကွက် ကြီးမားလာ ပန်းချီ ဦးဝင်းဖေ အမေရိကန်ပြည်ထောင်စုရှိနေအိမ်တွင် ပန်းချီရေးဆွဲနေစဉ်။
MIE MIE WIN PE/ Facebook

တစ်စုံတစ်ရာဟာ တန်ဖိုးရှိလာပြီဆိုရင် အတုတွေပေါ်တတ်တဲ့ ဓမ္မတာရှိပြီး မြန်မာ့ပန်းချီလောကမှာလည်း ရောင်းအားအကောင်းဆုံး ပန်းချီဆရာတွေရဲ့ ပန်းချီကားအတုတွေ အုံနဲ့ကျင်းနဲ့ ရှိနေတယ်လို့ ပန်းချီလောကသားတွေက ပြောပါတယ်။

နိုင်ငံတကာမှာလည်း ပန်းချီကားအတုတွေ ဖန်တီးပြီး ကမ္ဘာကို ဖြန့်သလို မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် ပန်းချီဆရာတွေရဲ့ကားတွေကို ကူးဆွဲပြီး ပြည်ပကို တစ်ချိန်က ပို့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာတော့ ပန်းချီကားအတုဈေးကွက်က ပြည်တွင်းမှာပဲ ရှိနေတာပါ။

ပန်းချီကားအတု အများဆုံး အဆွဲခံရသူတွေထဲ စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာဦးဝင်းဖေ ပါဝင်ပါတယ်။ ဆရာက အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပြီး ဦးဝင်းဖေရဲ့ပန်းချီကားအစစ်ဈေးကွက်ရော ဆရာ့ ပန်းချီကားအတုဈေးကွက်ပါ ပြည်တွင်းမှာ ရှိနေပါတယ်။

သူများရေးတဲ့ ပန်းချီကားကို ကြိုက်လို့ ကူးဆွဲလေ့ရှိကြပေမဲ့ မူရင်းပန်းချီဆရာနာမည်ကို အလွဲသုံးစားလုပ် လက်မှတ်မရေးထိုးသင့်ဘူးလို့ သူ့ပန်းချီကားတွေကို အတုလုပ်သူတွေကို ပန်းချီဆရာကြီးဦးဝင်းဖေက သတိပေးပါတယ်။

“ကျွန်တော့်ပန်းချီကားကြိုက်လို့ ကူးရေးကြရင် ကျွန်တော်ဝမ်းသာတယ်ဗျာ၊ကူးကြပါ။ ဒါပေမဲ့ လက်မှတ် ကတော့ ကိုယ့်လက်မှတ်ကိုယ် ထိုးကြပါ"

ကိုယ်တိုင်လည်း ပန်းချီဆွဲ၊ ပန်းချီအကြောင်းလည်း ရေးသားသူဖြစ်တဲ အပြင် collector and dealer ပန်းချီကားတွေလည်းဝယ်ယူစုဆောင်းပြီး တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ပန်းချီ ကိုတောနေဟာ မြစ်ကြီးနားမှာ နေထိုင်နေပေမဲ့ ဆရာဦးဝင်းဖေရဲ့ပန်းချီကားတွေကို အတုလုပ်ရေးနေတာကို သိနေပါတယ်။

“မြောက်ဥက္ကလာမှာ ဦးဝင်းဖေကားအတုတွေလုပ်နေတယ်လို့ ကြားတယ်။ ကျွန်တော် ၂၀၂၀ က ဦးဝင်းဖေရဲ့ ပန်းချီကား ၁၅ ကားလောက် ဝယ်တယ်။ နှစ်ပေပတ်လည်လောက်ကားကို အဲဒီတုန်းက နှစ်သိန်းခွဲ သုံးသိန်းပဲ ရှိတဲ့ ပန်းချီကားက ၂၅ သိန်း သိန်း ၃၀ လောက်ခုပေါက်တော့ လေးကားလောက် အတုလုပ်လိုက်ရင် သိန်းတစ်ရာလောက်ရတော့ လုပ်ကြတာပေါ့။”

စုတ်ချက်ရဲရဲ ဆွဲတတ်တဲ့ မော်ဒန်ပန်းချီဆရာ ငြိမ်းချမ်းစုရဲ့ ပန်းချီတွေကိုလည်း အတုဆွဲကြတာကို ကိုတောနေက မှတ်မိနေတာပါ။

“ရန်ကုန်မှာ ငြိမ်းချမ်းစုကားကို camp သွင်းပြီးလေ့ကျင့်ခိုင်းတာပေါနော်။ ပန်းချီ လက်သင်လေးတွေကို ငြိမ်းချမ်းစုရဲ့ စုတ်ချက်အတိုင်း ကျင့်ခိုင်းပြီး ငြိမ်းချမ်းစုကားတွေကို အများကြီး ထုတ်တယ်ပေါ့။ တစ်ကား နှစ်ကားတည်းမဟုတ်ဘူး။ ကား ၅၀- ၆၀ ပေါ့။ ဒီလိုရေးပြီးတော့ အတုထုတ်တာတွေတွေ့ရတယ်။ ”

ပန်းချီကားချပ်မှာ NCS လို့ လက်မှတ်ထိုးလေ့ရှိတဲ့ ပန်းချီ ငြိမ်းချမ်းစုဟာ အောင်မြင်နေတုန်း အသက် ၄၆ နှစ် အရွယ် ၂၀၂၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၂၀၁၁ မှာ ကွယ်လွန်ခဲ့တဲ့ မင်းကွန်းက ကိုကိုးကျွန်းပြန်ပန်းချီ ဆရာ ရာဟုလာရဲ့လက်ရာတွေကလည်း အတုဈေးကွက်မှာရှိနေတယ်လို့ ပြောပါတယ်။

ပန်းချီလောကထဲ ကျင်လည်နေတဲ့ ကိုတောနေ ကိုယ်တိုင်ပန်းချီကားအတုမိသူ ဖြစ်နေပြန်ပါတယ်။

“ကျွန်တော့်အတွေ့အကြုံအရ ကိုယ်တိုင်နှစ်ခေါက်ခံရတယ်။ ဦးမာလာကားတွေ။ ဆရာဦးမာလာက ၁၉၆၀ လောက်က မန္တလေးနဲ့ မင်းကွန်း ကူးတဲ့ အိုးတွေတိုက်တဲ့ လှေတွေ၊ ကုန်တွေကိုသယ်တဲ့ လှေတွေကို ဆွဲတာ။ ရန်ကုန်ကမန္တလေး၊ မန္တလေးက ဗန်းမော် ကုန်သွယ်တဲ့လှေတွေကို ခေါ်တာ။ ဒီဘက်ခေတ်မှာ အဲဒီလှေတွေက မရှိတော့ဘူး။ ”

ပန်းချီဦးမာလာဟာ ၂၀၂၁ မှာ ကိုဗစ်ကပ်ရောဂါကြောင့် ဆုံးပါးခဲ့ပါပြီ။ ဆရာဦးမာလာရဲ့ လက်ရာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပြီး မန္တလေးမှာ ၂၀၁၉ ကျင်းပခဲ့တဲ့ ဦးမာလာရဲ့ ခေတ်စုံအလှစုံ ပန်းချီပြပွဲ နာမည်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ပေးတာလို့လည်း ပြောကြပါတယ်။

ဦးမာလာရဲ့ ပန်းချီကားအတုတွေ ပေါ်ထွန်းလာတဲ့အတွက် ပန်းချီကားနောက်ကျောမှာ ကျန်ရစ်သူ ဇနီးနဲ့ သားတစ်ယောက် လက်မှတ်ရေးထိုးပေးထားမှ ဦးမာလာရဲ့ကား အစစ်ဆိုတာ အာမခံနိုင်ပါတယ်။ ဒီအတွက် အမှန် တကယ်ဝယ်ယူစုဆောင်းသူတွေအတုကို ရှောင်နိုင်ပါမယ်။

အကြမ်းဖျဉ်းအားဖြင့် ပန်းချီကားဝယ်သူ သုံးမျိုးသုံးစားရှိတယ်လို့ ရန်ကုန်လှည်းတန်း Times City မှာ ပြခန်းဖွင့် ထားတဲ့ ပန်းချီဆရာစန်းနိုင်က ခွဲခြားပြပါတယ်။

“ကြီးကြီးမားမားသမားတွေက နာမည်ကြီးတာကို ကြည့်တယ်၊ တချို့က ပြန်ရောင်းဖို့၊ ဈေးချိုချိုနဲ့ ဝယ်ထားတာပေါ့။ တချို့ ကြိုက်လို့ကို ဝယ်တာ၊ အဲဒီလို သုံးမျိုးလောက် တွေ့ရတယ်။ ”

‌pating1.jpg
ပန်းချီပညာရှင် ဦးမာလာ(မန္တလေး) ၏ ပန်းချီလက်ရာတစ်ခု။‌ (Credit : Artist U Marlar/Myanmar)

ခေတ်စနစ်အရ အွန်လိုင်းကနေလည်း ပန်းချီကားတွေ တင်ရောင်းနေတဲ့အတွက် အနုပညာကို ထဲထဲဝင်ဝင် နားမလည်ဘဲ နာမည်ကြီးသူတွေရဲ့ လက်ရာတွေကို ဂုဏ်တုဂုဏ်ပြိုင် ဘယ်သူတွေ ဝယ်ယူစုဆောင်းမှန်း မသိရဘူးလို့ ပန်းချီဆရာတွေကပြောပါတယ်။

ကိုယ်တိုင် ပန်းချီကားတွေ ရောင်းနေတဲ့ ကိုတောနေကလည်း ....

“ကျွန်တော်ရောင်းတဲ့ သူဌေးကို ကျွန်တော် မသိဘူး။ သူက ဖြူလားမည်းလား မသိဘူး။ ရောင်းပြီးတာ သိန်း သုံးလေးငါးရာ ကျော်ပြီးပြီ။ ဝယ်တဲ့သူ ဘယ်သူမှန်းမသိဘူး။”

သူလို ပန်းချီလောကမှာ ကျင်လည်သူတောင် အတုမိတဲ့အတွက်

“ကျွန်တော်တို့ ပန်းချီကားစုနိုင်တယ်ဆိုတာ လွန်ရောကျွံရော တစ်ကားကို သန်း ၅ဝ သိန်း ၁ဝဝ ဝန်းကျင် လောက်ပဲ။ ကျွန်တော်တို့ထက် ချမ်းသာတဲ့လူတွေက သိန်းထောင်ဂဏန်းသုံးပြီး စုနေကြတာ။ ကျွန်တော်တို့က တစ်ကားကို သိန်း ၆ဝ လောက်ပဲ သုံးနိုင်တယ်။ သူဌေးတွေကတော့ သိန်းထောင်ချီ၊ အထူးသဖြင့် သူတို့က မိတာများတယ်။ မိတာ မမိတာထားလိုက်တော့။ သူတို့ကိုယ်တိုင် မိမှန်းကို မသိတာ။ ”

အတုတွေက အရင်ကတည်းက ရှိခဲ့ပြီး ၁၉၇၀-၈၀ ဝန်းကျင်လောက်က ပန်းချီတွေကို ၁၉၉၀ နှောင်းပိုင်းလောက်က တုဆွဲထားတဲ့ ပန်းချီတွေက ဒီဘက်ခေတ်မှာ အစစ်လို ဖြစ်နေတယ်လို့လည်း ပန်းချီကိုတောနေက ပြောပါတယ်။

အတု-အစစ်ကို ပန်းချီဆရာကြီးတွေနဲ့ခေတ်ပြိုင်ဆရာကြီးတွေကပဲ ခွဲခြားနိုင်မယ်လို့လည်း ပြောပါတယ်။ ဆရာဦးဝင်းဖေရဲ့ သမီး အဆိုတော် မီမီဝင်းဖေရဲ့ လူမှုကွန်ရက်မှာတော့ ဦးဝင်းဖေ ပန်းချီကားဝယ်ထားသူ တယောက်က ဆရာ့ပန်းချီတွေ ဝယ်ထားတယ်ဆိုပြီး ပန်းချီကားတွေလာပြတယ်လို့ ရေးထားပါတယ်။

ပန်းချီကားမှာ ဆရာ့လက်မှတ်လည်းဟုတ်၊ သူဆွဲတဲ့ပုံမျိုးလည်းဟုတ်ပေမဲ့ သူ့ပန်းချီကားတွေ မဟုတ်ဘူး၊ ခင်ဗျားတော့ အတုမိထားပြီလို့ ဆရာဦးဝင်းဖေက ပြောတော့ ဝယ်ထားသူက ဘယ်လိုသိလဲ မေးတဲ့အခါ လူတကာကို သက်ညှာတတ်တဲ့ ဆရာဦးဝင်းဖေက သူဆွဲတာ ကျွန်တော့်ထက်ပိုကောင်းတယ်။ ကျွန်တော် အဲဒီလောက်ကောင်းအောင် မဆွဲနိုင်ဘူးလို့ ပြောတဲ့အကြောင်း ဇာတ်ကြောင်းပြန်ထားပါတယ်။

အတုဟာ အတုပေမဲ့ တစ်ခါတစ်ခါ အတုက အစစ်ထက် စစ်ချင်နေတဲ့ သဘောတရားမျိုးလည်း ဖြစ်နေပြန်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

From CA
2023-08-29 18:40

Like the ending: အတုဟာ အတုပေမဲ့ တစ်ခါတစ်ခါ အတုက အစစ်ထက် စစ်ချင်နေတဲ့ သဘောတရားမျိုးလည်း ဖြစ်နေပြန်ပါတယ်။